Sunday, November 14, 2010

ဒို့မိခင် လွတ်မြောက်ဖို့ ၀ိုင်းဝန်းကြိုစားကြပါစို့





ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတော့မည်ဟု သတင်းကြားရတာနဲ့ တပြိုင်နက်ထဲမှာဘဲ လုပ်လက်စ အလုပ်တွေ ခဏနားပြီး

သတင်း မီဒီယာတွေကို အပြေးအလွှား လိုက်ရှာမိပါတယ် ။ ဦးသန်းရွှေ လက်မှတ်ထိုးပြီးပြီ လို့ပြောတော့ ၀မ်းသာလိုက်တာဗျာ ။

လေထဲကို လွင့်နေသလိုပါဘဲ ။ ဒါနဲ့ဘဲ သတင်း အချက်အလက် အချို့ကို ကူးယူပြီး ကျွန်တော် လို လူအများသိအောင် ဆိုပြီး

Facebook ကို အပြေးအလွှားဖွင့် နီးစပ်ရာ သတင်းချင်းတွေ ကို အကြောင်းကြားနဲ့ တစ်ယောက်တည်း ဗျာများနေခဲ့ပါတယ် ။



ကျွန်တော်လည်း အဲဒီလို လုပ်ရှားလိုက်တဲ့ အကျိုးဆက်ကြောင့် လူတွေ တစ်ယောက်ပြီးတစ်ယောက် သတင်းတွေ လာဖတ်ကြ ၊

Comment တွေ ၀င်ရေးပြီး သူတို့၇င်ဘဲထဲက စကားလုံးတွေ ဖွင့်ထုတ်လိုက်ကြနဲ့ ၊ ကျွန်တော်ကလည်း ပြည်တွင်းကပေးလာတဲ့

သတင်းလေးတွေကို တင်လိုက်နဲ့ ပင်ပန်းတယ်လို့ကို မထင်ဘူး ။ တကိုယ်လုံးကို ပေါ့ပါးပြီး လန်းဆန်း နေတာပါ ။ ကျွန်တော် အဲဒီလို လုပ်နေရင်းနဲ့

ကိုဘာသာကိုယ်ဘဲ ပြန်ဆင်ခြင်ကြည့်လိုက်တယ် ။ ဘာဖြစ်လို့ ဒီလောက် ပျော်နေရတာလည်း ။ ဘာဖြစ်လို့ ဒီလောက် အားတက်နေရတာလည်း ။

လူတွေကကော ဘာဖြစ်လို့ ဒီလောက် ပျော်ရွှင်မြူးထူးနေရတာလည်း ..... ။



လူထုခေါင်းဆောင် ဆိုတဲ့အတွေးကြောင့်ပျော်ရွှင်ရတာ အသာထား ။ သာမန် အမျိုးသမီး တစ်ယောက် တစ်ယောက် အနနဲ့ ကိုယ်ချင်းစာ တရားလေး ထားကြည့်ရင်တောင် အင်မတန်ကြည်နူးစရာ ကောင်းပါတယ် ။ နှစ်ပေါင်းများစွာ မိသားစုနဲ့ဝေးကွာနေရတဲ့ အမျိုးသမီးတစ်ယောက် ၊ သူ့မိသားစုကို ဘယ်လောက်တွေ့ချင်နေရှာမလည်း ၊ ချစ်ခင်လို့ ယူထားတဲ့ ခင်ပွန်းရဲ့ဈာပနကို လည်း မတက်ရောက်နိုင် တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ နှလုံးသားက ဘာသားနဲ့ထုထားတာမို့လည်း ၊ သူမလည်း နာကျင်ကြေကွဲနေရမှာပေါ့။ ကိုယ်ရေးကိုယ်တာကိစ္စ တွေကို နှလုံးသားနဲ့ဆုံးဖြတ်ခဲ့ပေမယ့် တိုင်းပြည်အရေး အတွက်က ပိုမို အရေးကြီးပါတယ်ဆိုပြီး ဦးနှောက်နဲ့ ရဲရဲတောက် ဆုံးဖြတ်ခဲ့တဲ့အမျိုးသမီးတစ်ယောက်ရဲ့ စွန့်လွှတ်မှု က ဘယ်လောက် မွန်မြတ်လည်း စဉ်းစားကြည့်ရင်တောင် ကြက်သီးထဖွယ် ကောင်းလောက်အောင် သူမရဲ့ တိုင်းပြည်ချစ်စိတ်ကို တွေ့ရှိရမှာပါ ။ ထိုအမျိုးသမီး လွှတ်မြောက်ပြီး သူတို့မိသားစု ပြန်လည်ကို အမြန်ပြန်လည် စုံစည်းစေချင်လို့မျက်ရည်များတောင် ၀ဲလာပါတယ်ဗျာ ။ သူမကိုယ်တိုင်ဆို ဘယ်လိုခံစားရမလည်း တွေးပြီး ၀မ်းသာလွန်းလို့ လေထဲကို များ လွင့်ပါနေမလား တောင် မသိပါဘူး။ ၀မ်းနဲ့လွယ်မွေးခဲ့တဲ့ မိခင်ရင်း တစ်ယောက် မဟုတ်ပေမယ့် သူမရဲ့စိတ်နေစိတ်ထားနဲ့ လုပ်ဆောင်ချက်တွေကြောင့် အမေရင်းတစ်ယောက်လို သဘောထားပြီး ပျော်ရွှင်မှုတွေ ကူးစက်လာတပါ။


ကျွန်တ်ာတို့ကကော ဘာကြောင့် ဒီလောက်ပျော်ရွှင်နေရတာလည်း ဆင်ခြင်ကြည့်ကြရအောင် ။ သူရဲကောင်းကို အားကိုးယုံကြည်တဲ့ စိတ်ထားကြောင့်လား ဆိုတော့ မဟုတ်ပါဘူး ။ အပြစ်မရှိတဲ့ လူသားတစ်ယောက်ကို မတရားဖမ်းဆီးထားတာ ပြန်လွှတ်လာမယ့် အတွက် ပျော်ရွှ့င်မှုတွေ ခံစားရတာပါ ။ မိခင်တစ်ယောက် ပြန်လာမှာကို ပျော်ရွှင်နေတဲ့သားသမီးတွေရဲ့ ကြည်နူးမှုမျိုးပါ ။ သေချာ တွေးကြည့်လေ တစိမ့်စိမ့် ပေါ်လာလေဘဲ ဗျာ့ ။ မိခင်ရင်း တစ်ယောက် မဟုတ်ပေမယ့် ပြည်သူလူထုရဲ့ မိခင်တစ်ယောက်လို အမေ့ကို ချစ်ခင်လေးစား ယုံကြည်တဲ့ စိတ်ထားလေးတွေ လူတော်တော်များများမှာ ရှိတယ် ။ ချစ်ခင်တဲ့ စကားလုံးကိုယ်က တဦးနဲ့ တစ်ဦး အပြန်အလှန် မေတ္တာထားကြတာလေ ။ လူထုခေါင်းဆောင်က ပြည်သူလူထုကို မေတ္တာထားသလို့ ပြည်သူလူထုကလည်း တုန့်ပြန် မေတ္တာထားကြရာက ချစ်ခင်တဲ့ စိတ်ထားလေးတွေ ပေါက်ဖွားရှင်သန်လာတာပါ လို့ ခံစားမိတယ် ။ လေးစားတဲ့ စကားလုံးက လူတစ်ယောက်ရဲ့ မွန်မြတ်တဲ့ စိတ်ထားနဲ့ လုပ်ဆောင်ချက်တွေပေါ်ကို မူတည်တယ် ။ အမေစုရဲ့ မွန်မြတ်တဲ့ စိတ်ထားနဲ့ ရပ်တည်ချက်တွေက ပြည်သူလူထု ဘက်က အမြဲရပ်တည်ပေးမှုတွေက အမေစုကို လေးစားတဲ့ စိတ်လေးတွေ သူ့အလိုလို ဖြစ်တည်လာတာပါ ။ ယုံကြည်တယ် ဆိုတဲ့ စကားလုံးက ကိုယ်က တကယ်ယုံလိုက်လို့ စိတ်မှာကြည်လင်သွားတာကို ပေါင်းစပ်ထားတာပါ ။ အမေ့ခံယူချက်က မြန်မာနိုင်ငံသားတိုင်းရဲ့ ရင်ကို အေးမြခြင်းတွေ ဆောင်ကြဉ်းပေးလိမ့်မယ် ၊

ပြည်သူလူထု ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၊ တပ်မတော်သားတွေ ကြားက ပြတ်တောက်နေတဲ့ ကွင်းဆက်လးတွေကို ပြန်လည်ချိတ်ဆက်ပေး နိုင်လိမ့်မယ် ၊ တိုင်းပြည်ကို အမှောင်ဖုံးနေတဲ့ တိမ်ရိုင်းတွေကို ဖယ်ရှားပြီး ပြည်သူလူထုဘ၀ ကို အလင်းရောင် ပေးနိုင်မည့်သူလို့ ယုံမှားသံသယ လုံးဝ မရှိ ကိုယ်တိုင်က လက်ခံလို့ ကျွန်တော်တို့တွေ စိတ်ထဲမှာ ကြည်လင်လန်းဆန်း ပေါ့ပါးပြီး မျက်ရည် များတောင် ၀ဲ မိပါသေးတယ် ။

အမေစုဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ မျှော်လင့်ချက် ရောင်ခြည် ၊ အဖိုးမဖြတ်မနိုင်သော ရတနာတပါး ၊ ပြည်သူလူထုရဲ့ ရင်ကို အေးချမ်းမှုတွေ ဆောင်ကြဉ်းပေးနိုင်မယ့်သူ ၊ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကို ဟန့်တားပေးနိုင်မည့် ငြိမ်းချမ်းရေးရဲ့ သံတမန် ၊ ခေတ်မှီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို ရောက်ရှိအောင် လမ်းပြပေးနိုင်မည့်သူပါ ။ အမေ့ကို ဒီလို ချစ်ခင်လေးစား ယုံကြည် အားကိုးလို့ ကျွန်တော်တို့ မျှော်နေကြတဲ့ ခဏတာ အချိန်လေးမှာတောင် ကျွန်တော်တို့ ဒီလောက် ပျော်ရွှုင်နေရရင် ကျွန်တော်တို့တွေ မျှော်လင့်စောင့်စားနေတဲ့ ဒီမိုကရေစီ နိုင်ငံကြီးကို ရောက်ရှိသွားရင် ဘယ်လောက်များ ပျော်ရွှင်စရာ ကောင်းလိုက်မလဲဗျာ ။ ကျွန်တော်တို့တွေရဲ့ တခဏတာ ပျော်ရွှင်မှုတွေကို ထာဝစဉ် တည်တံ့နိုင်အောင် ကြိုးစားရမှာ က ကျွန်တော်တို့ အလုပ်လေ ၊ အမေလမ်းညွှန်ရာကို လိုက်ပါဆောင်ရွက် နိုင်ဖို့ အမေ ပြန်လည် လွတ်မြောက်ဖို့က ကျွန်တော်တို့ တာဝန် ၀တ္တရားပါ ။ လက်ရှိစစ်အာဏာ၇ှင်တွေရဲ့ လှည့်ကွက်နဲ့ ယုတ်မာကောက်ကျစ်မှု တွေက သံသယကို ထားစရာ မလိုတာ ။ သူတို့ရဲ့ စိတ်ထဲမှာ အမေဟာ ပြည်သူလူထု ရဲ့ ချစ်ခင်လေးစားမှု ကို ခံယူနေတာကို မုန်းတီးနေကြတာပါ ။ ဒါကြောင့် အမေလွတ်မြောက်လာရင် သူတို့ အကောက်ကြံကြလိမ့်မယ် ။
အမေ့အနားမှာ လူတွေ ၀န်းရံထားမှ အမေလုံခြုံမှု က စိတ်ချရမှာပါ ။



တပ်မတော်နဲ့ပြည်သူလူထု ကြားမှာ ဂုတ်သွေးစုပ် ချယ်လှယ်နေကြတဲ့ စစ်အာဏာရှင်တွေ ဘာဖြစ်လို့ အမေ့ကို ဒီလောက် ကြေက်ရွှံ့နေကြတာလည်း ဆိုတော့ အမေက ပညာရှိ ၊ အကြောင်း အကျိုးကို ဆင်ခြင်းသုံးသပ်တဲ့ နေရာမှာ ပါရဂူမြောက်သလို သူ့ရင်ထဲက စကားသံလေးတွေက ဖွင့်ဟတဲ့ နေရာမှာ အရမ်းပညာသားပါတယ် ။

အမေစု က အကြောက်တရားနဲ့ ပက်သက်လာတဲ့မေးခွန်းလေးကို ပြန်လည် ဖြေပြထားတဲ့ စကားလုံးလေးတွေက ရိုးရှင်းသလို မုသားမပါတဲ့ သစ္စာစကားတွေနဲ့ လမ်းပြဖြေဆိုထားတာလေး ခံစားကြည့်ပါအုံးဗျာ ။
ကျမဟာ.. သာမန်လူသားပါ..။ ကြောက်စရာနဲ့တွေ့ရင်… ကြောက်တတ်တာပေါ့…..။"
........ကိုယ်ယုံကြည်တဲ့ အလုပ်တွေကို လုပ်တဲ့အခါ တခါတလေ.. ကြောက်ကြောက်နဲ့လုပ်ရတဲ့ အခါလည်းရှိပါတယ်…။ကြောက်နေတယ် ဆိုတာ တခါတလေ့ အကျင့်လည်းဖြစ်တတ်တယ်…..။ဒါပေမယ့် အမြဲတန်း ကြောက်နေရင် အကျင့်ပါသွားတတ်တယ်…..။" "…………သတ္တိအစစ်မှန်ဆိုတာ ကြောက်လျှက်နဲ့မှန်တာကို လုပ်ရဲတာပဲ .."ဒီခေတ်မှာဆိုလို့ ရှိရင် မှန်တာလုပ်သူတွေ အများကြီး အချုပ်အနှောင်ခံရတယ်…။ အများကြီး ဒုက္ခအပေးခံရတယ်….။ ဒါပေမယ့်လည်း မှန်တာမို့လို့ဆိုပြီး.. လုပ်ရဲတဲ့သတ္တိ မွေးဖို့ လိုတယ်…

( ကိုမောင်မောင်ဝမ်း၏ " ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ- အပိုင်း ( ၅ ) ”


ဒေါ်အောင်ဆန်းစုကြည် တပ်မတော်အပေါ်မှာ ဘယ်လိုသဘောထားပါသလဲ..ဆိုတဲ့ မေးခွန်းလေးကို အမေစုရဲ့နှလုံးသားကြားက ယိုစိမ့်ထွက်လာတဲ့ အစစ်မှန် စကားလုံးတွေ တန်ဆာထင်ထားပြီး ဖြေပြထားပုံလေးက ခံစားကြည့်ပါအုံး

၊ “ ကျမရဲ့ဖေဖေဟာ တပ်မတော်ရဲ့ဖခင်ပါ …..။” ကျမက ဖေ့ဖေ့သမီး --- အဲဒီတော့ တပ်မတော်ဆိုတာ ကျမရဲ့မွေးချင်းမောင်နှမတွေပဲလေ …” ”ကျမငယ်စဉ်က ယူနီဖောင်းစိမ်းစိမ်းတွေ ၀တ်ဆင်ထားတဲ့ တပ်မတော်သားတွေရဲ့ကြားမှာ ကြီးပြင်းလာခဲ့ရသူတစ်ယောက်ဆိုတော့ -- တပ်မတော်သားတွေဟာ ကျမ အကိုတွေ မောင်တွေ မွေးချင်းတွေပဲပေါ့ …. ကျမ မုန်းလို့ရနိုင်မလား ...စဉ်းစားကြည့်ကြပါ။”


( ကိုမောင်မောင်ဝမ်း၏ " ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ- အပိုင်း ( ၄ )






တိုင်းပြည်တပြည်ကို ခေါင်းဆောင်ပေးနိုင်မည့် ခေါင်းဆောင်ကောင်း ဆိုတာ သတ္တိကောင်းဖို့ လိုအပ်သလို သူတော်ကောင်းတရားကို လက်ကိုင်ထားပြီး တိုးတက်တဲ့ ညဏ်အမြော်အမြင် နဲ့ အကောင်းအဆိုး အကြောင်အကျိုးကို ဝေဖန် ပိုင်းခြားနိုင်တဲ့ ပညာရှိမှ ဖြစ်မှာပါ ။
ဘာကြောင့်လဲ ဆိုတော့ ပညာရှိသူတစ်ယောက်ဟာ အမှားနဲ့  အမှန်ကို ခွဲခြားနားလည်နိုင်တာကြောင့် တွေဝေယိမ်းယိုင်မှုမှ ကင်းလွတ်သလို အများကောင်းစားရေး အတွက် အမြဲတွေးခေါ် လမ်းပြလေ့ ရှိတယ်တဲ့။သူတော်ကောင်း တစ်ယောက်ဟာ လုပ်စရာရှိတဲ့ သူ့ တာဝန်တွေကို အကောင်းဆုံး လုပ်ဆောင်နေလို့ သောကဗျာပါဒ မှ ကင်းလွတ်တယ်တဲ့ အတွက် ညဏ်ရွှင်သလို မကောင်းတဲ့ စိတ်ယုတ်မျိုးတွေ သိမ်းပိုက်ခြင်းမှ ထာဝစဉ် လွတ်မြောက်နေပါတယ် ။ သတ္တိကောင်းသူ တစ်ယောက်ဟာ သူ့ ရဲ့  ရည်မှန်းချက် ပန်းတိုင်အပေါ်မှာ ထက်သန်ပြင်းပြစွာ ယုံကြည်မှု ရှိပြီး အခက်အခဲ အတားအဆီးများကို ဂရုမစိုက်၊ မတုန်မလှုပ်တဲ့ ကြောက်ရွှံ့ ခြင်းမှ ကင်းလွတ်တယ်တဲ့ ။


ဒေါ်အောင်ဆန်းစုကြည် ဟာ အထက်ပါ အချက်သုံးချက်နဲ့ အတိတ်မှာလည်း ကိုက်ညီခဲ့သလို ပစ္စပ္ပုန်မှာလည်း လက်တွေ့ ကျင်သုံးနေတဲ့ လူထုခေါင်းဆောင် တစ်ယောက်ဖြစ်လို့ နိုင်ငံခေါင်းဆောင်ကောင်း ဖြစ်တာ အသေအချာပါလို့ ပြည်သူလူထု ကြီးအနေနဲ့ ယုံကြည်ထားတာ မမှားပါဘူး ။ ဒါဆိုရင် အမေစု ခေါင်းဆောင်တဲ့ နောက်ကို ကျွန်တော်တို့ ပြည်သူလူထု တရပ်လုံး စိတ်နဲ့ကိုယ် တထပ်တည်း ကျလာအောင် လိုက်ပါဆောင်ရွက်ကြရင် မကြာခင် ကျွန်တော်တို့ လိုလားတောင့်တချက်တွေ ပြည့်စုံလာမှာ အမှန်ပါဘဲ လို့ စွဲစွဲမြဲမြဲ ယုံကြည်ထားစေချင်ပါတယ် ။

အချို့က ကိုယ်ကတော့ အများရှေ့မှာ လက်သီးလက်မောင်းတန်း အမေစု ကို ထောက်ခံပြနေကြပေမယ့် တကယ့်စိတ်ထဲမှာက ချောက်တွန်းဖို့ ကြံနေကြတယ် ။ အမေသွားမယ့် လမ်းကို ခြေထိုးခံနေကြတာတွေကို ၀မ်းနည်းစွာ တွေ့ရှိရတယ် ။
အချို့ကတော့ စိတ်ထဲကတော့ ယုံကြည်ပါတယ် ၊ အများရှေ့မှာ ခိုင်ခိုင်မာမာရပ်တည်ဖို့ ၀န်လေးနေကြတယ် ၊ တွန့်ဆုတ်နေကြတယ် ။ စိတ်နဲ့လူတထပ်တည်း မကျနိုင်ကြသေးတာကို အားမရဖွယ်ရာ တွေ့ရှိရပါတယ် ။ မတရားတာကို ဆန့်ကျင်တာဟာ လူသားတို့ရဲ့ ပင်ကိုဗီဇ သဘာဝ ဖြစ်သလို မြင့်မြတ်တဲ့ လူသားဘ၀ကို ပိုင်ဆိုင်နိုင်ဖို့ ကိုယ်ပိုင်ညဏ်ကို အသုံချပြီး တိုင်းပြည်လွတ်မြောက်ရေး အတွက် ၀ိုင်းဝန်းကြိုးစားပေးကြပါလို့ အမှားတွေကို ကျောခိုင်းလာကြဖို့ လေးစားစွာ ဖိတ်ခေါ်တိုက်တွန်း ပြောကြားလိုပါတယ် ။



ရှေးယခင်က သူရဲကောင်းမှန်သမျှ လည်း အသွေးအသားနဲ့ ဖွဲ့စည်းထားတဲ့ လူသားတွေပါ ။ ဒါပေမယ့် အများကောင်းစားရေးကို ရည်ရွယ်ပြီး တိုင်းပြည် အတွက် စွှန့်လွှတ်အနစ်နာခံမယ်ဆိုတဲ့ ဖြောင့်မတ်တဲ့ စိတ်ထားတွေက သံမဏိလူသားတွေ အဖြစ်ရောက်အောင် ဆောင်ကြဉ်းပေးခဲ့တဲ့ ဆိုတာ မမေ့ထားကြပါနဲ့ ။ သူတို့တွေ ဒီလို လွတ်လပ်တဲ့ အချုပ်အချာ အာဏာပိုင် နိုင်ငံအဖြစ်ကို ရောက်အောင် အသက်ပေါင်းများစွာ စတေးပြီး တွန်းပို့ခဲ့လို့ ပြည်ထောင်စု မြန်မာနိုင်ငံ ဆိုတာဖြစ်ပေါ်လာတာ မမေ့ကြပါနဲ့ ။ အဲဒီလို ဒို့ဘိုးဘွားတွေ ကြိုးစားခဲ့တဲ့ ပြည်ထောင်စု ကြီးကို အမျိုးမျိုးသွေးခွဲ ၊ တိုင်းပြည်ရဲ့ ရတနာတွေကို ကိုယ်ကြိုးအတွက် အသုံးချ ၊ ပြည်သူ့ဘဏ္ဍာတွေကို အ၀စားထားတာတောင် မ၀သေးတဲ့ လူယုတ်မာ တစ်စုက ဆက်လက် ယုတ်မာပြီး တရုတ်လက်ကို ကျွန်တော်တို့ တိုင်းပြည်ကို ထိုးအပ်ဖို့ စိုင်းပြင်းနေကြပါပြီ ။ ကျွန်တော်တို့ ချစ်တဲ့ ကချေသည် မလေးရဲ့ ချစ်စရာ ဟန်နဲ့ မြေပုံလေးလည်း ၊ နဂိုအလှပျက် ရတော့မယ် ။ တောတွေပျောက်ဆုံး ၊ တောင်က ဂတုံး ၊ တွင်းထွက်က ပြုန်းနဲ့ အနာဂတ်မှာ မြန်မာနိုင်ငံဆိုတာ ကွယ်ပျောက်တော့မယ် အနေအထားကို ရောက်နေပါပြီ ။ ဒါတွေကို သိသိကြီးနဲ့ ခေါင်းငုံ့ခံလိုက်ကြတော့မှာလား ။ ဒို့ခေတ်ကြမှ အညံ့ခံကြတော့မှာလား သေချာစဉ်းစားကြပါအုံး ။



တကယ်တော့ သတ္တိဆိုတာ မွေးမြူ ရင် ရပါတယ် ။ မပြတ်ဆင်ခြင်ရတယ် ၊ သတ္တိကို မီးထိုးပေးထားရတယ် ၊ သူရဲကောင်းစိတ်ဓါတ်ကို မွေးမြူပြီးလိုက်နာ ကျင့်ကြံဆောင်ရွက်ကြရင် အားလုံးဟာ သူရဲကောင်းတွေပါဘဲ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခေါင်းဆောင်လို့ အသိအမှတ်ပြုယုံကြည်ထားရင် သူ့လွတ်မြောက်ရေး ဟာ တိုင်းပြည်လွတ်မြောက်ရေးရဲ့ အစ ဆိုတာကို ရဲရဲကြီး ဆုံးဖြတ်လိုက်ကြစမ်းပါ ။ အမေညွှန်ရာ လမ်းလိုက်ဖို့ အမေစု လွှတ်မြောက်ရေး က အဓိက အခန်းဂဏ္ဍက နေ ပါဝင်ပက်သတ်နေပါတယ် ။ အခု လည်း အပြစ်မရှိ အပြစ်ရှာ မိန်းမရှာ တွေထက်တောင် ဆိုးဝါးတဲ့ ယုတ်မာတဲ့ အကြံအစည်များနဲ့ ဖမ်းဆီးထားတာ လွတ်ရက်စေ့နေပါပြီ ။ ဒါကို ဆက်လက် ထိန်းသိမ်းဖို့ အမျိုးမျိုး အကြောင်းပြနေတယ် ။ သူတို့တွေဟာ ဘယ်တုန်းကမှ မရိုးသားခဲ့ဘူး ။ ပါးစပ်ဖျားက ဥပဒေတွေကြားမှာ ဒုက္ခကြီးစွာ ခံစားနေရတဲ့ လူထုခေါင်းဆောင် လွတ်မြောက်မှ ဖြစ်မယ် ဆိုတာ မြဲမြဲမှတ်ထားကြပါ ။



လက်နက်ကိုင် အဖွဲ့အစည်းက ညီအစ်ကို မောင်နှမများ အားလုံးကို ကျွန်တော် တခုလောက် တောင်းဆိုပါရစေ ။ ထမင်းနပ်မှန်ရုံလေးနဲ့တော့ စစ်အာဏာရှင်တွေကို မထောက်ခံပေးကြပါနဲ့ ။ ပြည်သူလူထုထဲက ပေါက်ဖွားလာတဲ့ ညီအစ်ကို မောင်နှမများကြားထဲမှာ မဟုတ်မမှန် လုပ်ကြံသတင်းတွေ အမျိုးမျိုးလွှင့် ၊ အထူးသဖြင့် တပ်မတော်နဲ့ ပြည်သူလူထုကို သွေးခွဲအုပ်ချုပ်နေတဲ့ အာဏာရှင် ဆန့်ကျင်ရေး လုပ်ငန်းတွေမှာ ၀င်ရောက်ကူညီပေးကြပါ ။ ကျွန်တော်တို့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် စစ်အာဏာရှင် ဆန့်ကျင်ရေး တွေ ကျွန်တော်တို့ စတင်လုပ်ဆောင်ကြတော့မှာပါ ။ ယမ်းငွေတွေ ဝေနေတဲ့ စစ်တလင်းကို မဖြစ်ဖြစ်အောင် ဖန်တီးနေတဲ့ စစ်အာဏာရှင်တွေရဲ့ အဓိက လုပ်ဆောင်ချက်က သူတို့အာဏာ ထာဝစဉ်တည်တံ့ အောင် တပ်မတော်သားတွေကို မကြာခင် အသုံးချပါတော့မယ် ။ သူတို့တွေ ပေးတဲ့ သူရဲကောင်းတံဆိပ်တွေ အစား ပြည်သူလူထုကို မေတ္တာကို ခံယူရတာ ပိုမိုမွန်မြတ်ပါတယ် ။ ကျွန်တော်တို့ တတွေဟာ တအူတုံဆင်း ညီအစ်ကို မောင်နှမ အရင်းတွေ မဟုတ်ကြပေမယ့် မိခင် မြန်မာနိုင်ငံကြီးပေါ်မှာ တူတူရှင်သန်ကြီးပြင်းလာကြတဲ့ ကိုယ့်နိုင်ငံသား ညီအစ်ကို မောင်နှမ အရင်းတွေပါ ။ မိခင်တိုင်းပြည်ရဲ့တာဝန်ကို ကာကွယ်စောင့်ရှောက်ဖို့တိုင်းပြည်ရဲ့ ဘဏ္ဍာငွေကို လစာအဖြစ် ခံယူထားကြတဲ့ ပြည်သူ့ရင်ဖွား တပ်မတော်သားတွေက ပြည်သူလူထုကို အပြတ်နှံပြီး သူရဲကောင်းဘွဲ့ခံကာ မာန်ဝင့်ကြတော့မှာလား ။ သေသေချာချာ စဉ်းစားကြည့်ပြီး အမှားကို စွှန်လွတ်ကြကာ ပြည်သူ့ရင်ခွင် ခိုလှုံပြီး ငြိမ်းချမ်းရေး တေးသံတွေ ရွှတ်ဆိုနေတဲ့ ပြည်သူအများ ပေးတဲ့ သူရဲကောင်းဘွဲ့ ကို ခံယူနိုင်ဖို့ အတွက် အာဏာရှင် စနစ်ဆိုးကြီးကို ကျောခိုင်းထွက်လာကြပါလို့ လေစားစွာ မေတ္တာ ရပ်ခံချင်ပါတယ် ။



ပြည်သူလူထုတရပ်လုံး အနေဖြင့်လည်း လက်ရှိ မြန်မာနိုင်ငံ ပကတိ အနေအထားကို ကိုယ်တိုင် ကြုံတွေ့ပြီးသားမို့ တမျိုးသားလုံးလွတ်မြောက်ရေး အတွက် ကိုယ်တတ်နိုင်တဲ့ တာဝန်များကို ကျရာ အခန်းဂဏ္ဍကနေပါ ပါဝင် ကူညီအားဖြည့်ပေးကြပါ ။ မြန်မာနိုင်ငံသာ မကဘူး ကမ္ဘာနှင့်အ၀ှမ်းက လေးစားချစ်ခင်နေကြတဲ့ ငြိမ်းချမ်းရေး မိခင်ရဲ့ ရင်ခွင်ကို အမြန်ဆုံး ခိုလှုံဝင်ရောက်ပြီး သူမညွှန်ပြတဲ့လမ်းကို ရဲရဲကြီး လျှောက်လှမ်း နိုင်ပါမှ ပြည်တွင်းစစ်တွေ အသံတိတ် ၊ ပြည်သူလူထုရဲ့ သောကတွေ ချုပ်ငြိမ်းကွယ်ပျောက်မှာ အမှန်ပေမို့ ဒို့မိခင် လွတ်မြောက်ဖို့ အားလုံး ၀ိုင်းဝန်း ကြိုးစားကြပါစို့ .....................။

No comments:

Post a Comment