Wednesday, November 10, 2010

ရုန်းထကြဖို့ အချိန်ရောက်ပါပြီ





လူရယ်လို့ ဖြစ်လာလျှင် တစ်ဦးတယောက်တည်း နေထိုင်၍ မရ ၊ အစုအဖွဲ့လေးတွေ နဲ့ ပေါင်းစပ်ရာ နေထိုင်ရာက စလို့ အုပ်စု နဲ့ ခေါင်းဆောင်ဆိုတာ ဖြစ်ပေါ်လာတယ် ။ သူတို့အုပ်စုကို ထိန်းသိမ်းစောင့်ရှောက်ဖို့ သင့်တော်တဲ့လူကို ခေါင်းဆောင်မြှောက်တဲ့ စနစ်ဟာ ကမ္ဘာဦး အစကတည်းက တည်ရှိနေခဲ့တာပါ ။ အဲဒီလို အစုအဖွဲ့လေးတွေ ပေါင်းစုံရာက ရွာ ၊ မြို့နယ် ၊ ခရိုင် ၊ တိုင်း ၊ နိုင်ငံ ဟူ၍ တဆင့်ပြီး တဆင့်မြင့်တက်လာတာပါ ။ ဒါဆိုရင် လူတစ်ဦးချင်းစီ ပေါင်းစုရာက ဖြစ်ပေါ်လာတဲ့ ပြည်ထောင်စု ကြီးဟာ အဲဒီ လူတစ်ဦးချင်းစီရဲ့ ကိုယ်စွမ်းကိုယ်စ ပေါ်မှာဘဲ မူတည်နေတယ်ဆိုတာကို လက်ခံသင့်တယ် ။ မြန်မာနိုင်ငံသား တစ်ယောက်ရဲ့ စိတ်ဓါတ် ၊ ကိုယ်ကျင့်တရား ၊ အမျိုးကို ချစ်တဲ့စိတ် ၊ နိုင်ငံကို ချစ်တဲ့စိတ် ၊ ပညာအရည်ချင်း ကိုးကွယ်တဲ့ဘာသာကို မြတ်နိုးတန်ဖိုးထားမှု ဆိုတာတွေဟာ မြန်မာနိုင်ငံကြီး တခုလုံးနဲ့ သက်ဆိုင်ပါတယ် ။ ကိုယ့်တိုင်းပြည်မှာ ပညာတတ်ပေါများလာရင် တိုင်းပြည် တိုးတက်မယ် ၊ ကိုယ်ကျင့်တရား ကောင်းသူတွေ ပေါများလာရင် တိုင်းပြည် အေးချမ်းသာမယ် ။ သူခိုး ဓါးမြ ရန်က ကင်းမယ် ။ တစ်ဦးနဲ့တစ်ဦး ကူညီ ရိုင်းပင်းချင်တဲ့ စိတ်ဓါတ် ပိုင်ရှင်တွေ များလာရင် အနိုင်ကျင့်ဗိုလ်ကျ လွှမ်းမိုးမှုတွေ နည်းပါးသွားမယ် ၊ ဘာသာရေးကို မြတ်နိုးတန်ဖိုးထားတဲ့ လူတွေများလာရင် တရားမျှတမှုတွေ လွှမ်းခြုံလာပါလိမ့်မယ် ။


နိုင်ငံတနိုင်ငံရဲ့ တိုးတက်မှု ကို အဲဒီ နိုင်ငံသားတွေရဲ့ ပညာ ၊ ကိုယ်ကျင့်တရား ၊ ဘာသာတရား ကိုတန်ဖိုးထား မြတ်နိုးမှုတွေ နဲ့ တိုင်းတာလေ့ရှိကြတယ် ဆိုတာ အားလုံး အသိပါ ။ လက်ရှိ ကျွန်တော်တို့ တိုင်းပြည်က လူတွေရဲ့ ပညာရေး အဆင့်အတန်းဟာ နိုင်ငံတကာ နဲ့ နှိုင်းယှဉ်ရင် အောက်ဆုံးနားမှာပါ ၊ မြန်မာနိုင်ငံသား အများစုရဲ့ ကိုယ်ကျင့်တရားကို ပြန်ကြည့်လိုက်အုံး ၊ တနိုင်ငံလုံး လူလိမ် ၊ သူခိုး ၊ ဓါးမြတွေ က များနေပြီ ။ အဲဒီတော့ တိုင်းပြည် မအေးချမ်းဘူးပေါ့ ။ ဘာသာရေး ဘက်ကို ကြည့်လိုက်ပါအုံး ၊ ရတနာ မြတ်သုံးပါး တပါး အပါအ၀င်ပါ ဆိုပြီး အမြဲ ရှစ်ခိုးနေကြတဲ့ ဗုဒ္ဓဘာသာ ၀င်တွေ များတဲ့ နိုင်ငံကြီးမှာ ရတနာ တပါးဖြစ်တဲ့ သံဃာတွေကို ၀ိုင်းပြီး စော်ကားလိုက်ကြတာ ။ မြတ်ဗုဒ္ဓရဲ့ တရားတော်တွေ ကို သာသနာပြု ဖြန့်ဝေ နေတဲ့လူတွေကို ဒုက္ခအမျိုးမျိုးပေး ၊ တရားပွဲတွေ ပိတ်ပင် ဒါဟာ တရားတော်ကို စော်ကားတာ ။ ဒီလိုတွေ ဖြစ်လာရခြင်းရဲ့ အဓိက အကြောင်းတရားက အုပ်ချုပ်ရေး အာဏာကို ရယူထားတဲ့ လူတွေ ညဏ်အမြော်အမြင် မရှိဘဲ အာဏာကို တပ်မက်တဲ့ စိတ်ဓါတ်နဲ့ မိုက်လုံးကြီးရာ က အခုလို ဖြစ်လာရတာပါ ။


ဒီလိုအချက်အလက်တွေကို မြန်မာနိုင်ငံသားတွေ တော်တော်များများ သိပါတယ် ။ ဒါပေမယ့် ရင်ထဲက လက်မခံဘူး ၊ ဦးနှောက် ငြင်းဆန်တယ် ။ အုပ်ချုပ်ရေး အာဏာကို လူထုက ပေးအပ်မှသာ တရားဝင် ဖြစ်တယ်ဆိုတာလည်း အားလုံးအသိ ၊ ဒီလူတွေ အုပ်ချုပ်ရေး အာဏာကို သိမ်းပိုက်ထားတာ ၊ ဒို့တွေ ပြန်လည် ကြိုးစားပြီး အုပ်ချုပ်ရေး အာဏာကို လူထု လက်ထဲ ရောက်အောင် လုပ်ကြမယ်လို့ ပြောလိုက်တိုင်း တော်တော်များများက ကန့်ကွက်လေ့ ရှိကြတယ် ။ မြန်မာနိုင်ငံသားတွေက စည်းလုံးမှု မရှိကြတော့ဘူးတဲ့ ၊ အောင်မြင်မှာ မဟုတ်ဘူးတဲ့ ။ အဲဒီလူတွေကို ပြန်မေးကြည့်လိုက်စမ်းပါ ကိုယ်တိုင် ကြိုးစားကြည့်ပြီး ကြပြီလားလို့ ။ တစ်ဦးချင်းစီ ပေါင်းစုရာက ပေါ်ပေါက်လာတဲ့ ပြည်ထောင်စုမှာ ကိုယ်တိုင်ပါဝင် နေပါလျှက် နှင့် ငါတို့တစ်ယောက်တည်းနဲ့ ထူးမလာပါဘူး လို့ ပြောနေတဲ့လူတွေ အနေနဲ့ လက်တွေ့စမ်းသပ် ပြီးကြပြီလား ကိုယ်တိုင်ဘဲ ပြန်စဉ်းစား သုံးသပ်ကြည့်ကြပါ ။
လူတစ်ဦးချင်းစီ ပေါင်းစုရာက ဖြစ်လာတဲ့ ဖြစ်ပေါ်လာတဲ့ ပြည်ထောင်စုကြီးမှာ ငါတစ်ယောက်တည်းနဲ့တော့ ထူးခြားမလာပါဘူးလို့ တွေးနေတဲ့လူတွေ များနေသမျှ တိုင်းပြည်တိုးတက်ရေး ဆိုတာ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး ဆိုတာ စွဲစွဲမြဲမြဲ မှတ်သားထား ကြပါ ။



ဘာသာတရား အားလုံးရဲ့ အစဟာ သူတို့ကို ကောင်းကျိုးချမ်းသာ မင်္ဂလာ ပေးနိုင်မယ်လို့ ယူဆတဲ့ အတွေးအခေါ် အယူဝါဒကို ကိုးကွယ် လူသားအစုအဖွဲ့ အလိုက် ကိုးကွယ် ဆည်းကပ်ကြရာက လူအင်အားများစွာ ပါဝင်တဲ့ဘာသာရေး အစုအဖွဲ့ ကြီးတွေ ဖြစ်ပေါ်လာတာပါ ။ သူ့တို့ဘာသာက မကောင်းဘူး ၊ငါ့တို့ဘာသာက ကောင်းတယ်လို့ အငြင်းပွားနေကြတာ မှားနေပါတယ် ။ ဘယ်ဘာသာက ကောင်းတယ် မကောင်းဘူးဆိုတာ အဲဒီ ဘာသာဝင်တွေရဲ့ စိတ်ဓါတ် နဲ့ လုပ်ရပ်များက အလိုလို ဖော်ပြပေးသွားမှာပါ ။ လက်ရှိ ကမ္ဘာ့အလယ်မှာ ဗုဒ္ဓဘာသာဝင်တွေ အများစု နေထိုင်ကြတဲ့ မြန်မာပြည်ကြီးကို ဥပမာထားပြီး ကြည့်လိုက်ကြရင် တော့ သူတို့တွေ စိတ်ထဲ တမျိုးထင်သွားကြမှာ ။ ကျွန်တော်တို့ နိုင်ငံသား တစ်ဦးချင်းစီရဲ့ ကိုယ်ကျင့်တရား ပျက်ပြားလိုက်တာဟာ သူတပါးကိုပါ အတွေးအခေါ် မှားတွေ သိမ်းပိုက်အောင် လုပ်ဆောင်နေသလို ၊ ကိုယ်တိုင်ကလည်း ကိုယ်တိုင် ကိုယ်းကွယ်တဲ့ဘာသာတရားကို ပြန်လည် စော်ကားနေသလို ဖြစ်နေပြီ နော် ။ ဗုဒ္ဓရဲ့ သာသနာတော်ဟာ ဗုဒ္ဓရဲ့ အဆုံးအမ ကို လိုက်နာ ကျင့်ကြံနေတဲ့လူတွေ အပေါ်မှာဘဲ မူတည်နေသလို အခြားဘာသာဝင်များရဲ့ သာသနာတော်ဟာလည်း အဲဒီဘာသာတရားရဲ့ အဆုံးအမကို လိုက်နာကျင့်ကြံနေတဲ့ လူတွေ ပေါ်မှာ မူတည်နေတာပါ ။


ဘုရား ၊ ကျောင်းကန် ၊ ဇရပ် ၊ တွေသာ ရှိပြီး အဲဒီ ဓမ္မအဆောက်အအုံတွေကို ထိန်းသိမ်းစောင့်ရှောက်မယ့် လူတွေ မရှိရင် အိုမင်းဟောင်း နွမ်း ပြီး ရေညှိအလိမ်းလိမ်းနဲ့ ကြည့်ရတာ မတင့်တယ်သလို ၊ မြန်မာနိုင်ငံသားတွေရဲ့ ကိုယ်ကျင့်တရား ပျက်ပြားမှု ကြောင့် ဒီနေ့မြန်မာနိုင်ငံကြီးဟာ အင်မတန်မှ အရုပ်ဆိုး အကြည်းတန်နေပါပြီ ။ ဘာသားတရား တစ်ခုကို အခြားဘာသာတစ်ခုက ပျက်စီးအောင် လုပ်လို့မရပါဘူး ။ ဒါပေမယ့် ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားကို ပျက်စီးအောင် ဖျက်စီးနိုင်တာ ကိုယ်ဖြစ်သလို ၊ သန့်ရှင်း ပြန့်ပွားတာဟာလည်း ကိုယ်တိုင်ပါဘဲ ။ ဒီလိုပါဘဲ ကိုယ်နေထိုင်တဲ့ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက် ရေး ဟာ ကျွန်တော်တို့တွေပေါ်မှာ ဘဲ မူတည်နေပါတယ် ။ ဒါကြောင့်မြန်မာနိုင်ငံသားတိုင်း ကိုယ်ကျင့်တရားကို ပြန်လည် ထိန်းမတ်ပေးမှသာလျှင် တိုင်းပြည် တိုးတက်လာမှာ အမှန်ပါဘဲ ။ အခြားဘာသာတွေရဲ့ ဆိုးကွက်ကို လိုက်ရှာပြီး ဝေဖန်နေကြမယ့် အစား ကိုယ့်ဘာသာတရားရဲ့ ကောင်းကွက်ကို ကိုယ်တိုင်လိုက်နာ ကျင့်ကြံ ဖော်ထုတ်နိုင်တာ ပိုအကျိုးရှိပါတယ် တင်ပြချင်ပါတယ် ။


အကြောင်းနဲ့ အကျိုးကို သေချာစွာ လက်ခံထားပြီး ၊ ကံကံ၏ အကျိုးကို ယုံကြည်တဲ့ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ကြတဲ့ တိုင်းပြည်ကြီးမှာ တခဏတာ ကောင်းစားရေး အတွက် ၊ လူမျိုးကိုလည်းစော်ကားဖို့ ၀န်မလေးသလို ၊ သာသနာတော်ကိုလည်း စော်ကားဖို့ဝန်မလေးတဲ့ အပြင် ပြည်သူ့ဘဏ္ဍာကို ကိုယ့်ဥစ္စာအမှတ်နဲက မတရား သဖြင့် သိမ်းပိုက်နေတဲ့ လူတွေက အုပ်ချုပ်နေတယ်ဆိုတာ တကယ်တမ်း စဉ်းစားကြည့်၇င် အင်မတန်မှ ရှက်စရာ ကောင်းပါတယ် ။ သူတို့တွေကို တရားဝင် နှစ်ပေါင်းများစွာ လက်ခံထားကြတဲ့ ကျွန်တော်တို့ ကိုယ်တိုင် လည်း ညံ့ဖျင်းပါတယ် လိုက်ခံလိုက်ကြပါ ။ သူတို့က လက်နက်ရှိလို့ ၊ ယုတ်မာပက်စက်လို့ ၊ အင်အားကြီးလွန်းလို့ ဖြိုခွင်းဖို့ မလွယ်လို့ပါ ဆိုတာ တတယ်တော့ ဆင်ခြင်ပေးတဲ့ စကားတွေပါ ။ သူတို့တွေလည်း တစ်ဦးချင်း တစ်ယောက်ချင်းစီ ပေါင်းစုထားတာပါဘဲ ။ သူတို့အင်အားထက် ကိုယ့်အင်အားကသာအောင် လုပ်လို့ရပါတယ် ။ အဲဒီလို အင်အားစုတဲ့ နေရာမှာလည်း တစ်ဦးချင်းစီ ပေါင်းစုရမှာ ဖြစ်လို့ မိမိကိုယ်တိုင်က စတင်ဆောင်ရွှက်ရမှာပါ ။


သူတို့ဟာ ကိုယ်ကျင့်တရား မကောင်းကြဘူး ၊ အဲဒီအတွက် စိတ်ဓါတ်ခွန်အား နည်းပါးကြပါတယ် ။
သူတို့အတွင်းမှာလည်း အမိန့်စကားကို မလွန်ဆန်နိုင်လို့သာ လိုက်လံဆောင်ရွက် နေကြတဲ့ လူတွေ အများကြီးပါ ။ ဒီတော့ သူတို့မှာ စစ်မှန်တဲ့ စည်းလုံးညီညွှတ်ရေး မရှိကြပါဘူး ။ ဒါဆို ကျွန်တော်တို့က သူတို့ကို အနိုင်ယူချင်တယ် ဆိုရင် သူတို့ထက်ကိုယ်ကျင့်တရားကို ထိန်းသိမ်းစောင့်ရှောက်ကြရမယ် ။ ဒါမှ သူတို့ထက် စိတ်ဓါတ်ခွန်အား တွေ မြင့်မားလာမှာပါ ။ အမျိုးသမီးတစ်ယောက် ရဲ့ စိတ်ဓါတ်ခွန်အားက ဒီနေ့ထက်ထိ သေနတ်တွေ ကိုင်ထားပြီး စုစည်းပါတယ်ဆိုတဲ့ လူတွေ ကြောက်နေကြတာကို ကြည့်ရင် သိသာထင်ရှားလွန်းပါတယ် ။ လူငယ် အချို့က လာမေးကြတယ် ၊ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက ဘာဖြစ်လို့ ဖမ်းထားတာ လည်း ဆိုတော့ ကြောက်လို့ ဖမ်းထားတာလို့ ဖြေလိုက်တယ် ။ ဟုတ်မဟုတ် ကိုယ်တိုင်ဘဲ စဉ်းစား ကြည့်ကြပါ ။ ဘာဖြစ်လို့ကြောက်တာလည်း ဆိုတော့ သူတို့ မဟုတ်တာ လုပ်ထားလို့ပါ ။ မဟုတ်တာ လုပ်ထားတဲ့ လူတွေရဲ့စိတ်က တခုခုကို အမြဲ စိုးရိမ် ထိတ်လန့်ပြီး ကြောက်ရွှံ့နေတယ် ။ ဒီတော့ သူတို့ ဘယ်သူကိုမှ မယုံကြည်တော့ဘူး ။ သူတို့ စိတ်ရိုင်းနဲ့ လူတိုင်းကို လိုက်တိုင်းလေ့ ရှိကြတယ် ။ သူတို့ရဲ့ အားနည်းချက်က ကြောက်တတ်တာပါ ။ ဒါဆိုရင် ကျွန်တော်တို့က သတ္တိရှိခြင်း နဲ့ အနိုင်ယူလို့ ရပါတယ် ။ ငါတို့ဟာ တိုင်းပြည် ကောင်းစားရေး အတွက် ဆောင်ရွက်တာ ဖြစ်လို့ မွတ်မြတ်သော အလုပ်လုပ်ကို လုပ်ကိုင်နေတာပါလို့ စိတ်ထဲမှာ စွဲမြဲစွာ ယုံကြည်ထားရင် သတ္တိခွန်အား ဆိုတာ သူ့အလိုလို မွေးဖွား လာပါလိမ့်မယ် ။


တပ်မတော်သား ဆိုတာ ပြည်သူလူထု ထဲက ပေါက်ဖွားလာတယ် ဆိုတာကို ဘယ်တော့မှ မမေ့ကြပါနဲ့ ။ သူတို့ကို လက်တွဲခေါ်ယူလို့ရပါတယ် ။ လူမိစ္ဆာတွေ ရဲ့ ယုတ်မာတဲ့ အသိညဏ်မှိုင်းတိုက်မှု ကို ခံနေရလို့သာ ပြည်သူလူထုကို ရန်သူလို သဘောထားနေကြတာပါ ။ သူတို့ကို လမ်းမှန်ပြပြီး ပြည်သူလူထုနဲ့ လက်တွဲပူးပေါင်းပြီး အာဏာရှင်တွေကို ဆန့်ကျင်ဖို့ ကြိုးစားပေးကြပါ ။ သန်းပေါင်းများစွာသော ပြည်သူလူထု ဒုက္ခရောက် အောင် လုပ်ကြမလား ၊ အဲဒီလို့ ဒုက္ခရောက် အောင် ဖန်တီးထားတဲ့ အာဏာရှင်တွေကို တွန်းလှန်ကြမလား ။ ကိုယ်ချင်းစာစိတ်လေးတွေ မွေးမြူပေးကြအောင် ပြည်သူလူထုကဘဲ တပ်မတော်သားတွေကို ပြန်လည်လက်တွဲ ခေါ်ယူဖို့ ကြိုးစားပေးကြပါ ။ တပ်မတော်ဆိုတာ တိုင်းပြည်ကို ကာကွယ်ဖို့ပါ ၊ ပြည်သူလူထုကို သတ်ပြီး အာဏာရှင်တွေ ပေးတဲ့ သူရဲကောင်း တံဆိပ်ကို ရင်ဘတ်မှာ ချိတ်ချင်တာ တပ်မတော်သား ကောင်း မဟုတ်ပါဘူး လို့ နီးစပ်ရာ တပ်မတော်သားတွေကို အသိပေး ပြောကြားလိုက်ကြပါ ။ တပ်မတော်သားတွေ အနေနဲ့ အမိန့်ဆိုတဲ့ စကားလေးကို ခဏလေးမေ့ထားပြီး ကျွန်တ်ာတို့ တိုင်းပြည်အနေအထားကို ငဲ့ကွက်ပေးကြပါ ။ အာဏာရှင်တွေ ပေးတဲ့ အမိန့်စကားကို တပ်မတော်သားတွေ လိုက်နာနေကြတာဟာ တိုင်းပြည် ညှင်းပန်းနှိပ်စက်နေတယ် ဆိုတာ လက်ရှိ မြန်မာနိုင်ငံ ပကတိ အနေအထားက သက်သေပြနေပါတယ် တပ်မတော်သား အပေါင်းတို့ ။


အခုဆို၇င် အာဏာရှင်တွေက သူတို့ အာဏာ တည်မြဲရေး အတွက် နယ်စပ်ဒေသတွေမှာ ပြည်တွင်းစစ်ကြီး တစ်ခုကို ပြန်လည် ဖန်တီးလိုက်ကြပါပြီ ။ နိုင်ငံတော် အေးချမ်းသာယာ ရေး ဆိုပြီး အောနေကြတဲ့ လူတွေက အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းကို မကြိုးစားဘဲ စစ်ပွဲတွေ ဖန်တီးထားကာ သူတို့အာဏာ တည်မြဲရေး အတွက်ပါ ။ နယ်စပ်မှာ စစ်ဖြစ်တာ ငါတို့ နဲ့ အဝေးကြီးပါလို့ သဘောမထားကြပါနဲ့ ။ ပြည်တွင်းစစ်ပွဲ ဆိုတာ နိုင်ငံသား အချင်းချင်း သတ်ကြတာပါ ။ အဲဒီ စစ်ပွဲ ရဲ့ ကုန်ကျစရိတ်ကို ပြည်သူလူထုဘဏ္ဍာက ကျခံကြရတာပါ ။ ပြည်သူ့ဘဏ္ဍာ ဆိုတာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ပါတယ် ။ ဒါကြောင့် ပထမဆုံး အနေနဲ့ ပြည်တွင်းစစ်ဆိုတာ နိုင်ငံသားအားလုံးရဲ့ အကျိုးစီးပွားကို ဖျက်စီးလိုက်တာပါ ။ ဒီနေ့ မြန်မာနိုင်ငံ ကပ်သုံးပါး ဆိုက်ရောက်နေတဲ့ အဓိက အကြောင်းက အာဏာရှင် စနစ်ဆိုးကြီးကြောင့်ပါ ။ ဘယ်လို ပြဿနာ အခက်အခဲ တွေဘဲ ကြုံတွေ့ရပါစေ ၊ အဲဒီ ပြဿနာအားလုံးမှာ အခြေခံ အကြောင်းတရား ရှိပါတယ် ။ အဲဒီ အခြေခံ အကြောင်းတရားကို မပြုပြင်နိုင်ဘဲ ဘယ်ပြဿနာကို မှ ဖြေရှင်းလို့ မရပါဘူး ။ အခုလည်း တိုင်းပြည်ပျက်စီးရတဲ့ အကြောင်းတရားတွေကို ဖန်တီးထားတာ အာဏာရှင်တွေ ဆိုတာ သိရင် သူတို့ကို ပြန်လည် တွန်းလှန်ရမှာပါ ။ အချင်းချင်း ပြန်သတ်နေကြရင် သူတို့တွေကို ဆက်လက် အထောက်အပံ့ ပေးထားသလို ဖြစ်နေမှာပေါ့ ။


မေတ္တာ ၊ ဂရုဏာ ၊ မုဒိတာ ၊ ဥပက္ခာ ဗြမ္မစိုရ် တရားလေးပါးကို ပွားများကြလို့ ဗြမ္ဗာ ဘုံကို ရောက်ရှိကြတဲ့ ဗြမ္ဗာကြီးတွေမှာ ၊ လောဘ ၊ ဒေါသ မရှိကြဘဲ နေထိုင်ကြပေမယ့် ၊ အပယ်လေးဘုံကို ပြန်ဆင်းရတဲ့ အဓိက အကြောင်းတရားက မာန ပါလို့ မြတ်ဗုဒ္ဓက ဟောကြားခဲ့တယ် ။ အခုလည်း မြန်မာပြည်ကြီး အာဏာရှင် စနစ်ဆိုးအောက် မလွှတ်မြောက်နိုင် ကြသေးတာ အဲဒီ ငါဆိုတဲ့ မာန ကြောင့်ပါ ။ ငါတို့နည်းလမ်းက အမှန် ၊ ငါတို့ကမှ ကြိုးစားတာ ၊ ငါတို့က မှ ပညာရှိတာ ၊ ငါတို့ကမှ တိုင်းပြည် အတွက် တကယ်လုပ်တာ ဆိုတဲ့ ငါဆိုတဲ့ စကားလုံးတွေကို လှိုင်လှိုင်ကြီး အသုံးချနေကြတော့ တကယ့်ရန်သူကို မမြင်ကြဘူး ။ အချင်းချင်း တိုက်နေရတာကို ပျော်နေကြတယ် ။ သတိထားပြီး ပြင်ဆင်သင့်တဲ့ အချိန်အခါကို ရောက်နေကြပါပြီ ။ အားလုံးပြန်လည် ပေါင်စည်းနိုင်ဖို့ ငါဆိုတဲ့ မာနလေးကို ခဏလောက် မေ့ထားကြစမ်းပါ ။ တိုင်းပြည်အရေး ဆောင်ရွှ့က်ကြတာဆိုရင် တိုင်းပြည် တိုးတက်ကြီးပွားရာ လမ်းကြောင်းကို လျှေက်ကြစမ်းပါ ။ တကယ့်ရန်သူ အစစ်ကို မတိုက်ကြဘဲ အချင်းချင်း သတ်နေကြရင် ရန်သူက ဟားတိုက် အောင်ပွဲခံနေကြမှာပေါ့ ။ လူဆိုတာ ကိုယ်မှားမှန်း သိရင် အမှားကို စွှန့်လွှတ်ရဲရတယ် ၊ အဲဒါ မှ သတ္တိအစစ် ။ အမှားကြီးမှန်း သိပါလျှက် နဲ့ မျက်လုံးမှိတ်ပြီး ဇွတ်တိုးကြရမယ့် အချိန်မဟုတ်တော့ဘူး လို့ လေးစားစွာ သတိပေးပါတယ်ဗျာ ။


ကိုယ့်ဘ၀ ရဲ့ အရှင်သခင်ဟာ ကိုယ်ပါဘဲ ။ ဒါဆိုရင် ကိုယ့်ဘ၀ကို တိုးတက်အောင်လုပ်ပေးတာ ကိုယ်တိုင် ဖန်တီးရမှာ ဖြစ်သလို ၊ အဲဒီတော့ မြန်မာနိုင်ငံကြီး ခေတ်မှီဖွံ့ဖြိုး တိုးတက်တောင် ကျွန်တ်ာတို့ ကိုယ်တိုင် ဖန်တီးကြရမှာပါ ။ ကိုယ့်တိုင်းပြည် တကယ်ကို ဖွံ့ဖြိုးတိုးတက်စေချင်တယ်ဆိုရင် ကိုယ်တိုင် ကြိုးစားပြီး ရုန်းထကြပါ ။ မြန်မာနိုင်ငံသား အဖြစ် ခံယူထားတဲ့ လူမှန်သမျှ မြန်မာနိုင်ငံ အရေးဟာ မိမိတို့ အကျိုးစီးပွား ခံယူထားပြီး နိုင်ရာ တာဝန် ယူပေးကြပါ ။

နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်လာရင် အဲဒီနိုင်ငံမှာ နေထိုင်ကြတဲ့ နိုင်ငံသား အားလုံး ကောင်းကျိုးခံစားကြရတာပါ ။
နိုင်ငံတကာမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား အပေါင်းကလည်း ပြည်တွင်းက လူတွေရဲ့ ဒုက္ခများကို ကိုယ်ချင်းစာစိတ် ထားပြီး နိုင်၇ာ တာဝန်ယူပေးကြပါ ။ တိုင်းပြည်ကောင်းစားရေး လုပ်ဆောင်တာ ဖြစ်လို့ မြန်မာနိုင်ငံသား အချင်းချင်း လက်တွဲဆောင်ရွက်ကြပါ ။ အခုချိန်မှာ စစ်အာဏာရှင်တွေဟာ နယ်စပ်ဒေသမှာ တိုက်စစ်ဆင်နေပါတယ် ။ ရွေးကောက်ပွဲ ပြဿနာကလည်း မပြီးသေးပါဘူး ။အခုချိန်မှာ ပြည်သူလူထုကသာ ညီညာစွာ ရုန်းထကြမယ်ဆိုရင် မကြာခင် ကျွန်တော်တို့ တိုင်းပြည် အာဏာရှင် စနစ်ဆိုးအောက်က လွတ်မြောက်ပြီး လွတ်လပ်၍ တရားမျှတကာ ၊ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံကို တည်ဆောက် နိုင်မှာအသေအချာပါ ။ မြန်မာ နိုင်ငံ အာဏာရှင် စနစ်ဆိုး အောက်က လွတ်မြောက်ပြီး ဒီမိုကရေစီ နိုင်ငံကို တည်ဆောက် နိုင်အောင် နိုင်ငံသားအားလုံး ရုန်းထကြပါစို့ ..........။



ခင်မင်လေးစားလျှက်



ဗမာ့သွေး



မသိသေးသော မိတ်ဆွေ အပါင်းကို သိအောင် ပြန်လည် ဖြန့်ဝေခြင်းဖြင့်ကူညီပေးကြပါ လို့ လေးစားစွာ မေတ္တာရပ်ခံပါတယ် မိတ်ဆွေအပေါင်းတို့ ..........။

No comments:

Post a Comment