Monday, May 2, 2011

မာနတ်ရဲ့ သမီးပျို



အဖေက ရာထူးကြီးကြီး

အမေက သူဌေးသမီး

ငယ်စဉ်ကတည်းက မကြောင့်မကြ

လိုချင်တာရခဲ့ ဘ၀တခု

မိဘနှစ်ပါးရဲ့ ချမ်းသာမှုကြောင့်

အားလုံးက အလေးတယူပြုခဲ့ကြတာကို

အဟုတ်မှတ် စိတ်ထင်တိုင်း

သောင်းကျန်းခဲ့တာ အကျင့်တခုလို

ဖြစ်ခဲ့တယ် ။

ဒီလိုနဲ့ အချိန်တန်တော့

လောကဘ၀ထဲကို လှပစွာ ပျံဝဲ

တက်ခဲ့တဲ့ ပါတီ ပွဲတိုင်းမှာ

လူတကာရဲ့ အားကျတဲ့လေသံတွေကြောင့်

ညဘက်ရောက်ရင် အပြင်ထွက်ဖို့

ပြင်ဆင်ရတာ ကျမဘဝ

အတွက် စွဲမက်စရာ အလုပ်တခု ဖြစ်ခဲ့ရတယ် ။

ယောက်ျာများစွာရဲ့ တပ်မက်တဲ့အကြည့်မှာ

ပျော်မြူးခဲ့ ကျမ

ခန္ဓာကိုယ် အလှအတွက်

အမျိုးမျိုး ချယ်သလို့ အရောင်ဆင်

ရတာကို ကြည်နူးမိခဲ့တာ အခါခါပါဘဲ

ပိုင်ဆိုင်ချင်သူ သိပ်ကိုများတဲ့

ကျမကို စိုးရိမ်သွားတဲ့

မိဘနှစ်ပါးက အိမ်ထောင်ချပေးဖို့

စီစဉ်ခဲ့ကြတယ် …….။

အပျော်အပါးကို တပ်မက်စရာလို့ သဘောထားတဲ့

ကျမအတွက် အိမ်ထောင်သည်ဘ၀ဟာ

နှစ်မြို့စရာ မရှိခဲ့ဘူး ………..။

ရုပ်အလှကို တန်ဖိုးထား

ဓနဂုဏ်နဲ့ ချိန်ထိုးစဉ်းစားတဲ့

ကျမတို့ အသိုင်းအ၀ိုင်းမှာ

မေတ္တာဆိုတဲ့ စကားကို

ရီစရာလို့ သဘောထားခဲ့တာ

အကျင့်လိုဖြစ်နေကြပြီး

အပျော်အပါးကို ဦးစားပေးတာ

အသားကျနေတဲ့ ကျမတို့အတွက်

အိမ်ထောင်သည်ဘ၀ဟာ

သိပ်ကို စိတ်ပျက်စရာ ကောင်းခဲ့ရတယ်…။

ဒီလိုနဲ့ သူနဲ့ကျမ လမ်းခွဲခဲ့ကြတယ်.

လိုချင်တာ အကုန်ရနေတော့

ဘာကို တန်ဖိုးထားရမှန်း သေချာမသိတဲ့

ကျမ အတွက် ရင်နာစရာ အဖြစ်ဆိုးတွေ

မကြာခင် ကြုံတွေ့ရလိမ့် ဆိုတာ

တခါမှ မစဉ်းစားခဲ့မိဘူး ။

စီးကရက်လေး လက်ကြားညှပ်

ရှန်ပိန်ခွက်လေးကိုကိုင်ကာ

ယောက်ျားတွေရဲ့ အလယ်မှာ

ဓါတ်ပုံရိုက်ခံရတာကို ဂုဏ်ယူစရာလို့ ထင်မှတ်

နည်းပညာ အားကိုးနဲ့ ကြေငြာပြရတာ အမောပါဘဲ ။

အသွေးအသား အလိုဆန္ဒကြောင့်

တဒင်္ဂသာယာမှု နောက်ကို လိုက်ရတာ

မြိန်ရှက်စရာ လို့ သသောထားပြီး

ယောက်ျားပေါင်းများစွာနဲ့

ဆက်ဆံခဲ့တာ အမှားပါလို့

တခါမှ မထင်ခဲ့မိဘူး ။

ရဿတဏှာ အတွက်

သဘာဝကို လွန်ဆန်မိခဲ့တဲ့

အကျိုးဆက် HIV ဆိုတဲ့ ဝေဒနာ

စွဲကပ်နေပြီ ဆိုတာ သိခဲ့ရတဲ့ အချိန်

သိပ်ကို တုန်လုပ် ချောက်ခြားသွားခဲ့တယ် ။

အနေအထိုင် မတတ်လို့

စွဲကပ်လာတဲ့ ဒီရောဂါကို

နာကြည်းချက်နဲ့ ရှက်ရွံ့စိတ်ကြောင့်

ဒေါသက အသိဥာဏ်ကို ဖုံးလွှမ်း

စိတ်ယုတ်မာက မင်းမူသွားလို့

လူတကာကို ထပ်မံဖြန့်ဖို့

မိုက်မဲစွာ ဆုံးဖြတ်ခဲ့မိတယ် ။

ရုပ်အလှကို ဦးထိပ်ထား

ဥစ္စာဓန ကို ဘုရားလို ကိုးကွယ်

အလိုဆန္ဒ တခုအတွက်

ကိုယ့်ကျင့်တရားကို ဘေးဖယ်ကာ

စဉ်းစားတတ်တဲ့ ဒီအသိုင်းအ၀ိုင်းမှာ

ပေါ်ပြူလာ ခဲ့တဲ့ ကျမအတွက်

သားကောင်ဆိုတာ သိပ်မခက်ခဲ့ပါဘူး ။

တဏှာရာဂ အတွက်ဆို

အသိဥာဏ်တွေ ကင်းပျောက်

မိန်းမတစ်ယောက်ရှေ့မှာ ဒူးထောက်လို့တောင်းပန်

ကျမရဲ့ လိုက်လျောမှုကြောင့်

သားကောင်ရလို့ ပျော်မြူးသွားတဲ့

မုဆိုးများလို အောင်ပွဲခံနေတဲ့

သူတို့အသွင်သဏ္ဍန်ကို ကြည့်ပြီး

ရူးမိုက်စွာ ပျော်မြူးခဲ့တာ

အကြိမ်ပေါင်းများစွာပါဘဲ ။

မာနတ်ရဲ့ သမီးပျိုတစ်ယောက်

သူရဲ့အလှကို ကဝေဆန်တဲ့

ကကြိုးတွေဆင် မာယာကျော့ကွင်းကို

မှော်ဝင်စွာ အသက်သွင်း ခဲ့တာ

နတ်သမီးတပါးပါလို့ ထင်မှတ်

ကိုးကွယ်လို့ ဆည်းကပ်တတ်တဲ့

ယောကျာ်းလေးများ ဆင်ခြင်တုံတရား

ပွားများ နိုင်ကြပါစေဖို့ အသိပေးလိုတဲ့ ဆန္ဒနဲ့

ကဗျာတပုဒ် အဖြစ် အသက်သွင်းပြီး တင်ပြပေးလိုက်ပါတယ်.....။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

( HIV Project အတွက် Interviewer ဘ၀ အမှတ်တရနေ့ရက်များ မှ ကိုယ်တွေ့ဖြစ်ရပ်များ )

http://www.facebook.com/notes.php?id=100000010222133 ကဗျာလေး ဖတ်ပြီးသွားရင် မိတ်ဆွေတို့ ခံစားရသမျှကို ရင်ဖွင့်ပြချင်တယ် ဆိုရင် ဒီနေရာလေးမှာ ပြောကြားနိုင်ပါတယ်တယ် ခင်ဗျာ ။

No comments:

Post a Comment