Friday, May 20, 2011

အတ္တရဲ့ သားကောင်

တခါက စိတ်ညစ်နေတဲ့ မိန်းကလေး တစ်ယောက် စိတ်ညစ်တာတွေ ဖြေဖျောက်စေဖို့ ပန်းခင်းထဲမှာ လှည့်လည်သွားလာရင်း ပန်းတပွင့်ချင်းစီရဲ့ အလှကို သေချာကြည့်ရှုခံစားရင်း နှစ်သက်မြတ်နိုးလွန်းလို့ အ၇မ်းစွဲမက်စရာ ကောင်းတဲ့ ပန်းလေး တပွင့် အဖြစ် သူရွေးချယ်ခဲ့တယ် ။ အဲဒီပန်းလေးကို သူမြတ်နိုး တန်ဖိုးထားလွန်းလို့ နေ့စဉ် နေ့တိုင်း တစိမ့်စိမ့်ကြည့်ကာ အားရပါးရ နမ်းရှိုက်ရင်း ကြည်နူးနေတာ သူ့အတွက် အကျင့်တခုလို ဖြစ်နေခဲ့ပါတယ် ။

တန်ဖိုးထားကာ မြတ်နိုးလွန်းလို့ အမြဲ မပြတ် စောင့်ကြည့်နေတဲ့ အချိန်မှာ ပန်းဝတ်မှုန်လေးတွေ ကြားက ပိုးကောင်လေး တစ်ကောင်ကို မထင်ဘဲ သူတွေ့လိုက်ရတော့ အရမ်း အံ့အားသင့်သွားတယ် ။ ဒါနဲ့ မကျေနပ်လို့ သူနဲ့ နီးစပ်ရာက လူတွေကို အဲဒီပန်းလေးထဲမှာ ပိုးကောင်းလေးတွေ ရှိတာကို ပြသခဲ့တယ် ။ နောက်ဆုံး အားမရတော့ ဓါတ်ခွဲခန်းကို ယူပြီး ဓါတ်ခွဲ စမ်းသပ်ကြည့်လိုက်တဲ့ အခါမှာ ထောင်ပေါင်းများစွသော ပိုးကောင်လေးများကို သူမတွေ့ရှိရလို့ သူမ အရမ်း စိတ်ပျက် ၀မ်းနည်းသွားခဲ့ရတယ် ။

သူအရမ်း မြတ်နိုးလို့ တန်ဖိုးထားတဲ့ ပန်းလေးမှာ ရှိတဲ့ အပြစ်လေးကို စတင်မြင်လိုက်တဲ့အချိန်က စပြီး အဲဒီပန်းလေးကို သူ မချစ်ခဲ့ပါဘူးလို့ နာကြည်းစိတ်နဲ့ အမျိုးမျိုး မုန်းတီးဖို့ ကြိုးစားလာတယ် ။ ပတ်ဝန်းကျင်က လူတွေကိုလည်း ဒီပန်းလေးမှာ အခုလိုမျိုး ပိုးကောင်လေးရှိနေလို့ သူမုန်းတီးလာတာကို အမှန်ပါလို့ တွေ့တဲ့ လူတိုင်းကို ခံစားချက်တွေ ရင်ဖွင့်ပြခဲ့တယ်….. ။ သူ့ပတ်ဝန်းကျင်က လူတွေကလည်း သူစိတ်ချမ်းသာအောင် ဒီပန်းပွင့်လေးမှာ ရှိတဲ့ ပြစ်ချက်တွေကို ပိုပိုသာသာလေး ပြောလာကြတယ် ။

အတ္တရဲ့ နှိပ်စက်မှုကြောင့် သောကတွေ ကို ပွေ့ဖက်ထားရတဲ့ ကောင်မလေးဟာ သူ့ကိုယ်သူ ယုံကြည်ချက်တွေ ပျောက်ဆုံး ကုန်လောက်အောင်ကို ဆောက်တည်ရာ မရ ဖြစ်သွားခဲ့တယ် ။ အဲဒီ အကျိုးဆက်ကြောင့် ကောင်မလေးဟာ သူပန်းပွင့်လေးကို တန်ဖိုးထားပြီး ချစ်ခဲ့တာ မှားပြီလို့ ယူဆပြီး အခြားပန်းတပွင့်ကို ထပ်မံရွေးချယ်ခဲ့ပါတယ် ။

တနေ့ သူ အသစ်ရွေးချယ်ထားတဲ့ ပန်းပွင့်လေးကို အားရပါးရ နမ်းရှိုက်ဖို့ ဆုပ်ကိုင်လိုက်တဲ့ အခိုက်မှာ ဆူးလေး တချောင်းက သူ့ရဲ့ နူးညံ့လှပတဲ့ လက်ဖ၀ါးလေးကို ထိုးဖောက်လို့ သွေးတွေယိုစီးကြလာမှ အိမ်မက်ထဲက လန့်နိုးလာသူ ပမာ သူမ အမှတ်ရမိတာက သူအရင်က ချစ်ခဲ့တဲ့ ပန်းပင်လေးမှာ အခုလို ဆူးမပါသလို သူမကို နာကြင်အောင် တခါမှ မလုပ်ခဲ့ဘူး ဆိုတာ သိရလို့ ၀မ်းနည်းစွာနဲ့

ရှိုက်ကြီး တငင် ငိုကြွေရင်း သူမ စွှန့်ပစ်လိုက်တဲ့ ပန်းပင်လေးရှိရာကို အပြေးသွားကာ အားရပါးရ နမ်းရှုက်လိုက်တဲ့ အချိန်မှာ သူမမျက်ဝန်းမှာ ပြုံးယောင်သန်းနေသလိုပါဘဲလား .။

လောကကြီးမှာ ရှိကြတဲ့ လူသားတော်တော်များများဟာ ကိုယ်နဲ့ မပက်သက်တဲ့ လူတွေဆို သေချာ သတိမထားမိကြပေမယ့် ကိုယ်နဲ့ ပက်သက်လာရင် အရမ်းကို သတိထားကြည့်မိကြတာ လောကသဘာဝပါဘဲ ။ အထူးသဖြင့် သူတပါးတွေ ထက် ပိုမိုတဲ့ မေတ္တာများကြောင့် ချစ်ခင်စွာပေါင်းသင်းနေကြတဲ့ ချစ်သူတွေ ၊ ခံစားချက်တွေ တစ်ယောက်ကို တစ်ယောက် ပေးဝေဌဖို့

အတွက် နှစ်ကိုယ်တူ ဘ၀တခုကို တည်ဆောက်ထားကြတဲ့ အိမ်ထောင်ဘက်တွေမှာ အခုလိုမျိုး ခံစားချက်တွေ ပိုမိုတွေရလေ့ ရှိတယ် ။ အရမ်းချစ်ခင်မြတ်နိုးကြလို့ တန်ဖိုးထားကြရာက သတိထားမိပြီး အားနည်းချက်လေးကို တွေ့မြင်လာကြတယ် ။

အဲဒီအားနည်းချက် အပြစ်လေးတွေကို အတ္တက တွန်းအားပေးလို့ ဒေါသနဲ့ အတင်း ထိုးတင်ရာကစလို့ ပြဿနာ တရပ် အသွင်ဆောင်သွားတတ်တယ် ။ အဲဒီအချိန်မှာ ကိုယ်တိုင် ဖြေရှင်းလို့ ရနိုင်တဲ့ ပြဿနာကို ပါတ်ဝန်းကျင်ကို အားကိုးပြီး လူတစ်ယောက်ရဲ့ အမှားကို တဖတ်သတ် အမြင်နဲ့ ရင်ဖွင့်ပြကြတယ် ။ ကောင်းချက် တရာကို မစဉ်းစားဘဲ မကောင်းတဲ့ အချက် တခုကို အခြေခံပြီး

ကိုယ်ပိုင် အယူအဆနဲ့ အပြစ်တခုကို ပုံကြီးချဲ့တာကို ကြားရတဲ့ ပတ်ဝန်းကျင် သေချာ မစဉ်းစားဘဲ ချမှတ်လိုက်တဲ့ ကောက်ချက် တခုကြောင့် သေးငယ်တဲ့ မီးပွားတစဟာ အကုန်လုံးကို လောင်ကျွမ်းပြစ်လိုက်ပြီး သာယာပျော်ရွှင်နေတဲ့ ဘ၀လေးတွေ ဆုံးရှုံးသွားတတ်ကြတယ် ။

ဒါကြောင့် သင်နဲ့ အနီးစပ်ဆုံး နေရာမှာ ရှိနေတဲ့ လူ ၊ သင်ရင်ဘတ်ထဲက အသဲတခြမ်းလို့ တင်စားခေါ် ဆိုရလောက်အောင် ရင်းနှီးကျွမ်းဝင်နေတဲ့ လူတွေမှာ ပြစ်ချက်လေးတွေ ရှိလာခဲ့ရင် ပထမဆုံး ကောင်းကွက်လေးတွေကို အရင်ဆုံး စဉ်းစားပါ ။ ပြင်လို့ရနိုင်တဲ့ အမှား ၊ ခွှင့်လွှတ် သီးခံနိုင်တဲ့ အမှား ဆိုရင် အပြုသဘောဆောင်ပြီး မေ့ထားနိုင်အောင် ကြိုးစားလိုက်ပါ ။ ပြဿနာရဲ့ ရင်းမြစ်မူလ အစကို သေချာစွာ စဉ်းစားပြီး ဖြေရှင်းနိုင်မယ့် နည်းလမ်းကို အတတ်နိုင်ဆုံး စဉ်းစားပါ ။ ကိုယ်တိုင် မဖြေရှင်းနိုင်လို့ တိုင်ပင်စရာ မိတ်ဆွေ ရှာတဲ့ အခါ တဖတ်သတ် အတွေးတခုတည်းကို မတင်ပြမိပါစေနဲ့ ။ ကိုယ့်ရဲ့ အားနည်းချက် ၊ သူရဲ့ အားနည်းချက် နှစ်ဘက် စလုံးကို အမှန်အတိုင်း တင်ပြနိုင်အောင် ကြိုးစားပါ ။ ကိုယ်တိုင် ဖြေရှင်း နိုင်တယ် ဆိုရင် သူ့ရဲ့ အမှား အတွက် သင့်ရင်ထဲက မကျေနပ်ချက်ကို သေချာစွာ ဖွင့်ဟ ဆွေးနွေးပြီး အဲဒီလို အမှားမျိုးနောက်ထပ် မလုပ်မိအောင် အသိပေးတာ အကောင်းဆုံးပါဘဲ ။

အပြစ်မကင်းတဲ့ ပုထုဇဉ် လူသားတွေရဲ့ ဘ၀မှာ အားနည်းချက် ဆိုတာတော့ အမြဲရှိတတ်ကြတာ သဘာဝ တရား ဆိုတာလေးကို မမေ့ပါနဲ့ ။ ဒေါသမီးကို အတ္တလောင်စာ ထည့်သွင်းပေးလိုက်လို့ စတင် လောင်ကျွမ်းနေတဲ့ အချိန် ပတ်ဝန်ကျင်းက တိုက်ခတ်တဲ့လေများပါ ပါလာရင်တော့ ငြိမ်းသတ်လို့ မရနိုင်ဘဲ လောင်ကျွမ်း သွားတတ်တာကို အထူးသတိထားစေချင်ပါတယ် ။

ကိုယ်တိုင် မြတ်နိုးတန်ဖိုးထားလွန်းလို့ ဂရုတစိုက်နဲ့ ရေလောင်းပေါင်းသင် လုပ်လာခဲ့ပြီး အသီးအပွင့်ခံစားရခါနီးမှ ဘာမှ မဟုတ်တဲ့ အပြစ်လေး အတွက် ရူးမိုက်တဲ့စိတ် ကြီးစိုးနေတဲ့ အချိန်မှာ ခုတ်ဖြတ်ဖို့ ကြိုးစားခဲ့ရင် တသက်လုံး ခံစားရမှာ သင်ကိုယ်တိုင်ပါဘဲ ။ အဲဒီထက် ပိုဆိုးတာက အဲဒီသစ်ပင်လေးကို အားထားပြီး ရှင်သန်နေရတဲ အပွင့်အဖူးလေးတွေကို သင်ကြောင့် ကြေမွပျက်စီးသွားမယ် ဆိုတာကို သင်ဘယ်သော အခါမှ မမေ့ပါနဲ့ ။ ရခဲလှတဲ့ လူ့ဘ၀မှာ ပျော်ရွှင်စရာ ကောင်းတဲ့ အချိန်တွေကို သင်ရခဲ့ပြီးမှ ကံတရားကြောင့် အတ္တရဲ့ အကျဉ်းသားအဖြစ် ချုပ်နှောင်ခံထားရတဲ့ အချိန်မှာ ဒေါသကို လက်နက် သဖွယ် အသုံးချပြီး ရုန်းထွက်ဖို့ ကြိုးစားရင်တော့ သင် တစ်သက်လုံး လွတ်မြောက်မှာ မဟုတ်ဘူး …….။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

No comments:

Post a Comment