Friday, May 20, 2011

အထင်နဲ့အမြင်



လူစည်ကားရာ နေရာ တခုနှင့် မနီးမဝေးသော လက်ဘက်ရည် ဆိုင် တခုတွင် လူငယ် နှစ်ဦး

တစုံတခုကို မကျေနပ်သည့် ဟန်ဖြင့် ဒေါသမာန် ပြင်းပြစွာ ပေါက်ကွဲ ပြလျှက် ရှိနေသည် ။

ပထမလူငယ် ။ သမ္မတကြီး ကို ဒီလောက်ဆိုးဝါးလိမ့်မယ်လို့ လုံးဝကို မထင်ထားဘူးကွာ…………..။

အပြင်ပန်းက ကြည့်ရင် ဟုတ်သလိုလိုနဲ့ အတွင်းကတော့ စုတ်ပြတ်သတ်နေတာဘဲ ..။

ဒုတိယ လူငယ် ။ ဟုတ်ပကွာ……..ငါတို့ကတော့ သူ့အပြောကို ကြည့်ပြီး အဟုတ်မှတ်ပြီး

ဒီနေ့ကိုအားခဲထားတာ….။ အခုတော့ ခဲလေသမျှ သဲရေကျ ဖြစ်သွားရပါပြီကွာ..။

ငါတို့ကိုက အယုံလွယ်တာပါကွာ.

ပထမလူငယ် ။ အဲဒီလိုလည်း ဘယ်ဟုတ်ပမလည်းကွာ……..သူအခုလို လိမ်ညာမယ်လို့ မထင်လို့ပေါ့ကွာ.။

ငါတို့ နှစ်ယောက်ထဲ အလိမ်ခံရတာမှ မဟုတ်တာကွ…….မင်းမြင်တဲ့အတိုင်း အလိမ်ခံရတဲ့

အများကြီးပါဘဲကွ….။ စိတ်မပျက်ပါနဲ့ ကွာ.။

သမ္မတနားက လူတွေကလည်း ကလိမ်ကကျစ်တွေနဲ့ မထင်ထားလောက်အောင်ကို

စိတ်ဓါတ်တွေကလည်း အောက်တန်းကျပါ့ကွာ.

ဒုတိယ လူငယ် ။ သူတို့က တနပ်စားဥာဏ်နဲ့ လုပ်စားနေကြတာပါကွာ….. မသိသေးတဲ့ လူတွေက

သူတို့ကို အဟုတ်မှတ်ပြီး အထင်ကြီးနေသမျှ အဲဒီကောင်တွေ ဆက်လုပ်စားနေအုံးမှာဘဲကွ

ပထမလူငယ် ။ သေချာတာပေါ့ကွာ… ဒီကောင်တွေ အပြောမှာ မျောသွားလို့ကတော့ ခံရပြီသာ

မှတ်ပေတော့။ အခြားလူတွေလည်း လိမ်ကြတာဘဲကွာ..ငါ့ အထင် သမ္မတနားက လူတွေက

ပိုပြီး ယုတ်မာသလိုဘဲနော် ။ ကြည့်လိုက်ရင် စတိုင်ကြီး တခွဲသားနဲ့ လူလိမ်တွေ ကောင်း

စားနေချက်ကွာ…။

ဒုတိယ လူငယ် ။ တော်ပြီ နောက်ဆို သမ္မတကို လုံးဝ မယုံတော့ဘူး ။

ပထမလူငယ် ။ အေးကွာ ငါလည်း မင်းလိုဘဲ နောက်ဆို သမ္မတတော့ လုံးဝကို မယုံတော့ဘူး….။

ထိုလူငယ်နှစ်ဦးမှာ အပြန်အလှန် ပြောဆိုသော စကားများကို ကြည့်ကာ စားပွဲထိုး လူငယ်လေးများက

ထူးဆန်းအံ့သြစွာ စိုက်ကြည့်နေကြသလို ၊သူတို့ဘေးနား စားပွဲများမှ လူအများကလည်း အာရုံစိုက်ကာ နားထောင် လျှက် ရှိကြသည် ။ ဒါ့အပြင် သူတို့ အနားမှ ဖြတ်သွားသော လူအများကလည်း သူတို့ နှစ်ဦး၏ အားမာန်ပါသော ပြောဆိုနေသံများကြောင့် စိတ်ဝင်တစားဖြင့် ရပ်တန့်၍ နားထောင်လျှက် ရှိနေကြချိန်တွင် အသက်အရွယ်အားဖြင့် ငါးဆယ်ခန့် ရှိသော လူတဦးက အလွန်တရာမှ နှစ်ထောင်းအားရ ရှိလှသည့် ပုံစံဖြင့် “ မောင်ရင်တို့ နှစ်ယောက်ကိုတော့ ဦးလေး တကယ် လေးစားသွားပြီကွာ.. ။ အရွယ်သာငယ်တယ် တယ်လည်း သတ္တိကောင်းကြပါလား ကွ..။ မောင်ရင်တို့လို လူငယ်တွေကို မြင်လိုက်ရတာ ဒို့တိုင်းပြည် အတွက်တော့ အားတက်စရာကောင်းပကွာ….”

လူငယ်နှစ်ဦးမှာ ထိုသူ၏ ပြောစကားကြောင့် သူတို့ပြောလက်စ စကားကို ခတ္တရပ်နားကာ ထူးဆန်းအံ့သြစွာ

ပြန်ကြည့်ပြီး မသိနားမလည်သည့် ပုံစံဖြင့် ပြန်၍ မေးခွန်း ထုတ်လိုက်သည်မှာ “ ကျနော်တို့ဘာများ လုပ်မိလို့ ဦးလေးက ဒီလောက် ချီးကြူးနေရတာလည်း “

မောင်ရင်တို့က တိုင်းပြည်ကို အုပ်ချုပ်တဲ့ သမ္မတကို အခုလိုရဲဝင့်စွာ ဝေဖန်နေတာကို ဦလေးက သဘောကျလို့ ချီးမွမ်းတာပါ မောင်ရင်ရယ်..။

“ ဗျာ “ ဆိုသည့် အာမေဋိတ် သံဖြင့် ထိုလူကြီးအား ပြန်ကြည့်ကာ…..

ကျနော်တို့က တိုင်းပြည် အုပ်ချုပ် နေတဲ့ သမ္မတကြီးကို ဝေဖန်နေတာ မဟုတ်ပါဘူး ခင်ဗျာ…..။

နမူနာ ပြတုန်းကတော့ ကောင်းကွက်လေးတွေ ရွေးပြပြီး တကယ်လည်း ပြရော ဘာမှ အသုံးမကျတဲ့

ဇတ်ကားကို ရုံတင်ပြထားတဲ့ သမ္မတရုံကြီး ကို စိတ်တိုလို့ အခုလို ပြောနေတာပါခင်ဗျာ ။ ဒါတင် မကပါဘူး သမ္မတရုံနားက လက်မှတ်မှောင်ခို ပွဲစားတွေ ကလိမ်ကကျစ်ကျ တာကို စိတ်တိုလို့ အခုလို ပေါက်ကွဲနေတာပါ ဦးလေးရယ် ဆိုတဲ့ ဖြေရှင်းချက်ပေးရင်းက

ဒါနဲ့ ဦးလေးကို တခုလောက် မေးပါရစေအုံး ........... ကျနော်တို့ ပြောတဲ့ သမ္မတနဲ့ဦးလေး ပြောတဲ့ သမ္မတက အရမ်းကို တူနေလို့လားဗျာ........

ဦးလေးလည်း အစကတော့ အထင်ဘဲ ရှိတာပါ ........မင်းတို့ပြောမှ မြင်ယောင်လာလို့ မနေနိုင်လို့ မေးကြည့်မိတာပါကွာ.. ။

လူငယ် နှစ်ယောက်နဲ့ ဦးလေးကြီးတို့ အပြန်အလှန် မေးခွန်းတွေ မေးအပြီးမှာ ပထမက စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေရင်းက စိတ်ပျက်စွာ လှည့်ပြန်သွားတဲ့ လူအများရဲ့ နောက်ကျောကို ငေးကြည့်ရင်း လူငယ် တစ်ဦးမှ

ထိုနေ့က ကျနော်တို့လည်း ခင်ဗျာတို့လိုဘဲ စိတ်ပျက်စွာနဲ့ လှည့်ပြန်ခဲ့ရပါတယ် ဆိုတဲ့ စကားကို တီးတိုးရေ၇ွတ်ကာ………….

ခင်မင်လေးစားလျှက်

ဗမာ့သွေး

1 comment:

  1. အင်း...အဲလို စိတ်ပျက်စွာနဲ့ လှည့်ပြန်ရတာလည်းများပါပြီကော။

    ReplyDelete