Tuesday, December 28, 2010

မြန်မာပြည် အနာဂတ် နှင့် HIV ဗိုင်းရပ်စ်



မြန်မာပြည်တွင် HIV ရောဂါသည်များ တဖြည်းဖြည်း တိုးပွားလာသည့် သတင်းကို အားလုံး သိရှိပြီး ဖြစ်မည် ထင်ပါသည် ။ ယခု ကျနော် ရေးသား တင်ပြလိုသည့် အကြောင်း အရာသည် HIVေ၇ာဂါသည်များ တိုးပွားလာရခြင်း၏ အဓိက အချက်ဟု ထင်မြင် ယူဆမိပါ၍ ဒီဆောင်းပါးလေးကို ရေးသား လိုက်ခြင်းပင် ဖြစ်ပါသည် ။ ပုံမှန်အားဖြင့် လိင်ဆက်ဆံခြင်းမှသာ အများဆုံး ကူးစက်လေ့ ရှိသည့် ထိုရောဂါကို ကာကွယ်ရန် နည်းလမ်းများ သိနေပါလျှက်နှင့် အဘယ်ကြောင့် ရောဂါသည်များ တိုးပွားလာရသနည်း ဆိုသည့် မေးခွန်းသည် အင်မတန်မှာ စဉ်းစားစရာ ကောင်းသည့် အချက် ဖြစ်သည်ဟု ကျနော်များစွာ တွေးတောမိ သလို ပညာရှင်များလည်း တွေးတောမိမည်မှာ အမှန်ပင် ဖြစ်ပါည် ။

မြန်မာနိုင်ငံတွင် HIV ပညာပေး ဇတ်ကားများကို အစိုးရမှာ ထုတ်လွှင့်လေ့ ရှိသလို ကမ္ဘာကျန်းမာရေး အဖွဲ့အစည်းများမှလည်း မကြာခဏ ပညာပေးပွဲများ ကျင်းပလေ့ရှိပါသည် ကို မြန်မာနိုင်ငံတွင် ထိုသို့သော လုပ်ငန်းများ လုပ်ကိုင်နေသူများထံမှ အမြဲလိုလို ကြားသိရပါသည် ။ တကယ်တမ်း ပညာပေး သည့် အတိုင်း ပြည်သူလူထု လိုက်နာ ဆောင်ရွက်မည် ဆိုလျှင် ရောဂါ ဝေဒနာရှင်များ လျှော့နည်းသွားသင့်သည့် အစား တဖြည်းဖြည်း တိုးပွာလာခြင်းသည် တခုခု မှားယွင်းနေပြီ ဆိုတာ အသေအချာဟု ပထမဦးစွာ ယုံကြည်စေချင်ပါသည် ။

ပထမ ဆုံးအားနည်းချက် ကို ထောက်ပြရမည် ဆိုလျှင် ကမ္ဘာကျန်းမာရေး အဖွဲ့အစည်းများက လိင်ဆက်ဆံရာတွင် အသုံးပြုသည့် အကာအကွယ်ပစ္စည်း ( condom ) ကို ခေတ်မှီ နည်းစနစ်များ ဖြင့် စစ်ဆေးခြင်း မရှိဘဲ မြန်မာနိုင်ငံတွင် ဖြန့်ဝေ ခြင်းကြောင့်ပင် ဖြစ်သည်ဟု အသေအချာ ပြောရဲပါသည် ။ မြန်မာနိုင်ငံသို့ ထို အဖွဲ့အစည်းများ က အကူအညီ တောင်းခံ၍ ပေးပို့လှူဒန်းသည်လား ၊ ဈေးပေါပေါဖြင့် ရောင်းချသည်လား ထိုစက်ရုံ၌ သုံးနှစ်ကြာ အလုပ်သမား အဖြစ် အမှု ထမ်းခဲ့သော မြန်မာ အလုပ်သမားများ အနေဖြင့် အတိအကျ မသိနိုင်သော်လည်း သေချာစွာ ပြောနိုင်သည်က ထိုပစ္စည်းများသည် အရည်အသွေး အဆင့်အတန်း မမှီသည့် သက်တမ်းကုန်လွန်နေသည့် ထုတ်ကုန်များကို ပို့ဆောင် ခြင်း ဖြစ်ကြောင်း အားလုံးက တညီတညွတ်တည်း ပြောဆိုကြသည့် အတွက် ပြည်သူလူထု အတွက် အထူးသိသင့်သည့် သတင်း တခု ဖြစ်သလို သက်ဆိုင်ရာ တာဝန် ရှိသူများ မှလည်း စုံစမ်းသင့်သည်ဟု လေးစားစွာ တိုက်တွန်း ပြောကြားလိုပါသည် ။


ကျနော် သိထားသည့် သတင်း အရဆိုလျှင် မြန်မာနိုင်ငံကို တင်သွင်းသည့် ထိုပစ္စည်းများကို မလေးရှားနိုင်ငံ Karex Industrial Sdn.Bhd မှ ထုတ်လုပ်ပါသည် ။ ထို ပစ္စည်းများ စတင် ထုတ်လုပ်သည့် အဆင့်မှ စကာ နောက်ဆုံး ထုပ်ပိုးသည့် အဆင့် အထိ မြန်မာနိုင်ငံသား ၀န်ထမ်းများ ရှိသည်ဟု လာရောက် ဖွင့်ဟ ပြောဆိုသွားပါသည် ။ ယခုချိန်ထိလည်း ထို စက်ရုံတွင် မြန်မာနိုင်ငံသား အလုပ်သမားများ ဆက်လက် တာဝန် ထမ်းဆောင် နေကြဆဲပင်ဖြစ်ပါသည် ။ နိုင်ငံတကာ သို့ တင်ပို့ရောင်းချသည့် အခါ အဆင့်အတန်းမြင့်သော နိုင်ငံများ အတွက် အရည်အသွေးကို အထူးထိန်းသိမ်း ကြီးကြပ်သလောက် ဆင်းရဲသော နိုင်ငံများ အတွက် ဆိုလျှင် ဖြစ်သလို ထုတ်လုပ်ရောင်းချသည်မှာ စက်ရုံတော်တော်များများတွင် တာဝန်ထမ်းဆောင်ဘူးသည့် မြန်မာနိုင်ငံသားများ အသိဆုံး ဖြစ်မည် ထင်ပါသည် ။

ပထမ ဦးစွာ Latex ခေါ် ရာဘာရည်ကို ဓါတုဗေဒ ဆေးဝါးများ ရောစပ်ကာ ပုံသွန်းလောင်းသည့်စက်များ ဖြင့် လှည့်ပတ်မောင်းနှင်ရသည် ။
ထိုအဆင့်လွန်မြောက်လျှင် ထိုပစ္စည်းများကို ပေါင်ဒါမှုန့်များ ပျက်ဖြန်းကာ အခြောက်ခံထားရပါသည် ။ ထိုသို့သတ်မှတ်သည့် အပူချိန်ပေး၍ အခြောက်ခံပြီးလျှင် ပလတ်စတစ် အိပ်များသို့ သွတ်သွင်းကာ စတိုထဲတွင်း သိမ်းထားလေသည် ။ ထို့နောက် ထိုပစ္စည်းများကို Electronic Test လုပ်သည့် စက်များတွင် တခုချင်းတပ်ဆင်၍ စက်များမှ အလိုအလျာက်စနစ်များဖြင့် အကောင်း အဆိုး ကို ခွဲခြမ်း စမ်းသပ်ကာ လွယ်ကူစွာ သုံးစွဲနိုင်ရန် ပစ္စည်းများကို လိပ်ပေးလိုက်သည့် အသင့်အနေအထားရောက်အောင် ထိုစက်မှ လုပ်ဆောင်သွားပါသည် ။
ထို့နောက် ထို့နောက် customer များ၏ order ပေါ်ကို မူတည်၍ သက်ဆိုင်ရာ တံဆိပ်များ အသင့်တပ်ဆင်ထားသည့် plastic roll များကို စက်များတွင် တပ်ဆင်ကာ တခုချင်းစီကို ချောဆီ ထည့်၍ parcking ထုတ်ပိုးသည့် အဆင့်တွင်လည်း စက်များဖြင့် လုပ်ဆောင်သွားပါသည် ။ ထိုနောက် အပ်နှံသည့် အလုပ် order ပေါ်ကို မူတည်လျှက် တခုချင်းဖြစ်စေ ၊ သုံးခုတတွဲဖြစ်စေ ၊ ဆယ့်နှစ်ခု တတွဲဖြစ်စေ ထုပ်ပိုး၍ ကမ္ဘာနိုင်ငံ အနှံ့အပြားရှိ ဈေးကွက်သို့ ကွန်တိန်နာများ ဖြင့်ပို့ဆောင်ပါသည် ။

ထိုသို့ ထုတ်လုပ်သည့် စတင်သည့် အဆင့်မှ စကာ နောက်ဆုံး အဆင့်အထိ နေရာတိုင်းတွင် အရည်အသွေး စစ်ဆေးထိမ်းသိန်းသည့် QC များက အဆင့်တိုင်းတွင် သေချာစွာ စစ်ဆေးကြပါသည် ။ ထိုသို့ စစ်ဆေးရာ၌ အဆင့်အတန်း မြင့်သော နိုင်ငံများကို ပို့မည့် ပစ္စည်းများ ၌ Reject တခုတွေ့လျှင် ထိုတွေ့ရှိသည့် ပစ္စည်းနှင့် အတူတူထုတ်လုပ်ခဲ့သည့်ပစ္စည်များကို ပြန်လည် ဖွင့်ဖောက်ကာ စစ်ဆေးလေ့ ရှိသော်လည်း မြန်မာနိုင်ငံ အပါအ၀င် ဆင်းရဲ သော နိုင်ငံများသို့ ပို့မည့် ပစ္စည်းများ ပြန်လည် ဖွင့်ဖောက် စစ်ဆေးလေ့ မရှိကြပါ ။ အဘယ်ကြောင့် ဆိုသော် ထိုသို့ ပြန်လည် စစ်ဆေးရမည့် ပစ္စည်းများ အလွန်များနေလျှင် သူဌေး ၏ အညိုငြင်ကို ခံရမည်ကို စိုးကြောက်၍ လည်းကောင်း ၊ ဆင်း၇ဲ နွမ်းပါးသော နိုင်ငံများ၌ ခေတ်မှီ သော နည်းပညာများဖြင့် စမ်းသပ်၍ မရှိသည်ကို သိနေကြသည့် သက်ဆိုင်၇ာ အလုပ်ကြီးကြပ်သူများသည် မျက်စိမှိတ်ကာ လက်မှတ်ထိုးပေးလေ့ ရှိပါသည်။

မြန်မာနိုင်ငံသို့ တင်သွင်းသည့် ထိုပစ္စည်းများတွင် အဖော်တံဆိပ်နှင့် တံဆိပ်မပါသည့် ခဲရောင် ကာဘာ ဖြင့် ထုတ်လုပ်ထားသည့် ပစ္စည်းဟူ၍ နှစ်မျိုးရှိပါသည် ။ထိုတံဆိပ် မပါသည့် ပစ္စည်များသည် နိုင်ငံတကာမှ အကူအညီ တောင်းခံသော အခါ ဆင်းရဲသည့် နိုင်ငံများ အတွက် ပေးပို့လှူဒန်းရန် ဖြစ်သည်ဟု အုပ်ချုပ်သူ အရာရှိများထံမှ မြန်မာနိုင်ငံမှ အလုပ်သမားများ ကြားသိခဲ့ရပါသည် ။ ထိုပစ္စည်းများ သည် ထုတ်လုပ်မှု အဆင့်တိုင်းတွင် QC များ မျက်စိတ်မှိတ်၍ လက်မှတ်ထိုးခဲ့သော ပစ္စည်းများပင် ဖြစ်ပါသည် ။ ထိုသို့ အရည်အသွေး မမှီရုံသာ မဟုတ် ၊ မည်သည့် နိုင်ငံ အတွက် ဟု သီးသန့်ရည်ရွယ်ထားခြင်း မရှိသည့် ပစ္စည်းများ ဖြစ်သောကြောင့် အမြဲလိုလို အပို ထုတ်လုပ်ကာ အသင့် အနေအထားဖြင့် သိမ်းဆည်းထားလေ့ ရှိပါသည် ။ ထို အကာအကွယ် ပစ္စည်းများ၏ သက်တမ်း မှာ သုံးနှစ်ဟု သတ်မှတ်ထားပါသည် ။ အကယ်၍ သုံးနှစ် ပြည့်သွားလျှင် ထိုရက်စွဲများကို ပြန်လည် ဖျက်ကာ ရက်စွဲ အသစ်များ ထပ်မံရိုက်၍ ပြည်လည် သိမ်ဆည်းထားကြသည်ဟု သိရှိရပါသည် ။

ကိုယ့်နိုင်ငံကို တင်ပို့မည့် ရောဂါကာကွယ်ရေး ပစ္စည်များသည် အရည်အသွေး မမှီရုံသာ မက ရက်လွန်ပစ္စည်းများ ဖြစ်သည့် အတွက် ပေါက်ပြဲဖို့ အလွန် လွယ်ကူသည့် အတွက်ရောဂါ ကူးစက်သည့် နှုန်း ပိုမို များပြား လာနိုင်သည် ကို သိသိကြီးနဲ့ မလွန်ဆန်နိုင်သော အလုပ်သမားတဦးကမူ မျက်ရည် ကျခဲ့ရပါသည်ဟု ပြောကြားခဲ့ပါသည် ။ သူတို့ပြောဆိုခဲ့သမျှ လိမ်ညာ ပြောဆိုခြင်း မဟုတ်မှန်း သူတို့၏ ရိုးသားသော မျက်နှာပေါ်တွင် ၀မ်းနည်းသည့် အရိပ်အယောင်များ အထင်သား ပေါ်လွင်နေသည်ကို တွေ့မြင့်ခဲ့ရလေသည် ။ တိုင်းပြည် တပြည် ဆင်းရဲလျှင် ယခုကဲ့ သို့ နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားရလေသည် ကို ပြည်သူလူထု အနေဖြင့် သတိထားစေလွန်းလှပါသည် ။

ကျနော် မြန်မာနိုင်ငံတွင် နေစဉ်က HIV ပညာရေး ဟောပြောပွဲ တစ်ခုတက်ရောက်ဘူးပါတယ် ။ သူတို့ဟောပြော ချက်များတွင် အကာအကွယ် ပစ္စည်း မသုံးခင် လေမှုတ်၍ စမ်းသပ်ကြည့်သင့်ကြောင်း ပညာပေး ဟောပြောခဲ့သည်ကို သွား အမှတ်ရမိပြန်သေးသည် ။ သေသေချာချာ ပြန်လည် သုံးသပ်ကြည့်လျှင် မသုံးခင် ထိုသို့ လေမှုတ်၍ စမ်းသပ်သူ အတော်နည်းမည်ကို ကိုယ်တိုင် စဉ်းစားစေချင်ပါသည် ။ ထို့အပြင် ထိုပစ္စည်းကို သာမန် အမြင်ဖြင့် လေလုံပါသည်ဟု ဆိုသော်လည်း သတ်မှတ်ထားသည့် အပူချိန် ၊ လေဖိအားဒဏ် ခံနိုင်မှု ၊ အရည်ယိုစိမ့်မှု တို့ကို နည်းပညာ အကူအညီ မပါဘဲ သာမန် စမ်းသပ်ချက်များ ဖြင့် စမ်းသပ်၍ မလုံလောက် နိုင်ပါဟု အထစ်ချ ပြောရဲပါသည် ။
ထို အကာအကွယ်ပစ္စည်းသုံးစွဲခြင်း နှင့်ပက်သက်၍ သုတေသီများ၏ လက်တွေ့ကျကျ မေးမြန်းထားချက်များအရ သုံးစွဲသော အကာအကွယ် ပစ္စည်း ပေါက်ပြဲသွားသည်ဟု သိရသည့် လူ (၁၀၀) တွင် ၁၀ယောက်ခန့်သာ အသစ်ပြောင်းတပ်၍ သုံးစွဲလေ့ ရှိကြသည်ဟု ကြားသိခဲ့ရဘူးပါသည် ။


နောက်တချက်ကား ထိုအကာအကွယ် ပစ္စည်းများသည် HIV ရောဂါ အပါအ၀င် အခြား ကာလသားရောဂါများကို ကာကွယ် တားဆီးပေးနိုင်မှန်းသိလျှက် အချို့သော လူများသည် မသုံးစွဲချင်ကြသည်ကို ပြည့်တန်ဆာ အဖြစ် အသက် မွေးဝမ်းကြောင်း ပြုသူများ ထံမှ ကြားသိခဲ့ရလေသည် ။ ထိုအခါ သူတို့ မသုံးစွဲလို၍ ရှိစေအုံး ခင်ဗျာတို့ အနေနဲ့လက်မခံ၍ ရတာဘဲ ဟု ပြောသော အခါ သူတို့ အဖြေစကား သည် ရင်နင့်စရာ ကောင်းလွန်းလှပေသည် ။ " ကံကြမ္မာ မကောင်း၍ ပြည့်တန်ဆာ အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသည့် ကျမတို့ စကားကို ဘယ်သူကများ လေးစားမှာလည်းတဲ့ "။ မကောင်းသည့် အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသည့် လူကို အသာထား ရိုးသားဖြူစင်စွာ အသက်မွေးဝမ်းကြောင်း ပြုနေသူများကို အပင် အထင်သေးတတ်ကြသည့် လူများလည်း မရှားဆိုတာကို အခြေခံ၍ စဉ်းစားကြည့် ထိုစကားသည် ဟုတ်လောက်ပေသည် ။
သူတို့လောကမှ ကြားသိရသလောက် ဆိုလျှင် အချို့သော အပျော်ရှာရန် လာသည့် လူများ ထိုပစ္စည်းကို မသုံးချင်သည့် အခါ "အလွှာပါးပေမယ့် ကမ္ဘာခြားသလို ခံစားရတယ် " လျှာကို ရာဘာစွပ်ပြီး ထမင်းစားကြည့်ရင် ဘာအရသာ ရှိမှာလည်း " ဆိုသည့် စကားလုံးများမှာ အမြဲသုံးသည် ကို ငြန်းဆိုလေ့ရှိကြသည် ဟု ကြားသိရပါသည် ။

ထို့အပြင် ထိုသို့ အပျော်ရှာ သည့် လူအများစုသည် လာရောက်လူများတွင် ကိုးဆယ်ရာခိုင်နှုန်းသည် အရက်မူးနေကြသည် ။ နဂိုက ခိုးချောင်ခိုးဝှက် လုပ်စားရသည့် ဘ၀ တွင် သူတို့၏ ပြဿနာ ရှာဖွေခြင်းကို မခံနိုင်သည့် မိန်းကလေးများသည် သူတို့ အလိုကျ လိုက်လျော နေရခြင်းသည် ထိုရောဂါပိုးကို ကူးဆက်ခြင်းကို ဟန့်တားနိုင်ခြင်း မရှိခြင်း၏ အခြေခံ အကြောင်း အရင်း တရပ်ပင် ဖြစ်သည် ။ အရက်မူးနေသည့် အချိန်တွင် အရက်၏ အာနိသင်ကြောင့် လူတစ်ယောက်၏ ခန္ဓာကိုယ် အပူချိန်တက်လာလေ့ ရှိသည့် အပြင် အမှန်အမှားကို သာမန် အချိန်လို ခွဲခြား နိုင်စွမ်း မရှိသည့် အတွက် မိုက်ရုးရဲ ဆန်စွာ တဒင်္ဂ သာယာမှု အတွက် တဘ၀လုံး ထိုရောဂါ ကို သိမ်းပိုက်သွားရသည့် လူများ၏ ရာခိုင်နှုန်းက ပိုများလေ့ရှိပါသည် ။

အမျိုးသား ဖြစ်စေ ၊ အမျိုးသမီး ဖြစ်စေ မည်သူမဆို ထိုရောဂါကို အလွယ်တကူ ကူးစက် နိုင်သည့် အတွက် အထူးသတိထား ရှောင်ရှားသင့်သည့် အချက်မှာ မည်သူကိုမှ အယုံမလွယ်ရန် နှင့် အိမ်ထောင်ဖက်ကို သစ္စာရှိကြစေချင်ပါသည် ။ အထူးသဖြင့် မိမိတို့၏ ဇနီးမယား နှင့် တင်းတိမ်ကျေနပ်ခြင်း မရှိသည့် အခါ၌ ဖြစ်စေ ၊ အိမ်ထောင်ဘက် နှင့် ခွဲခွါနေရသည့် အခါများ၌ အပျော်ရှာလေ့ ရှိကြသည့် အမျိုးသားများ အထူးမှာကြား လိုသည်မှာ အကယ်၍ များ မလုံခြုံသော ဆက်ဆံမှု လုပ်မိပြီ ဆိုလျှင် ပြန်လည်၍ သွေးစစ်သင့်ပါသည် ။ ထိုသို့ စစ်ဆေးရာ၌ လည်း ပထမ အကြိမ် စစ်ဆေးပြီးသည် နောက် ( ၆ ) လွန်မြောက်လျှင် ထပ်မံစစ်ဆေးသင့်ပါသည် ။ သင့်၌ အကယ်၍ ရောဂါ စွဲကပ်နေသည် ဆိုပါက မိမိတို့၏ အပြစ်မဲ့သော အိမ်ထောင်ဘက်နှင့် မိမိတို့၏ မျိုးဆက်ရင်သွေးငယ်ကို ထိုရောဂါပိုးများ လက်ဆင့်ကမ်း ဖြန့်ဝေ ပေးသည့် လုပ်ရပ်များကို အထူး ရှောင်ရှားနိုင်ရန် ပွင့်လင်းစွာ ဖွင့်ပြော၍ ကျန်ရှိသေးသည့် ဘ၀ ခရီးလမ်းကို ကောင်းမွန်စွာ ဖြတ်သန်းသင့်ပါသည် ။

အချို့သော မိန်းကလေးများသည် သူတို့၏ ဘ၀ ကို ယောက်ျား၏ အချစ်ကို ယုံစား၍ ရောဂါ ပိုးရှိသူကို ပုံအပ်ထားရာက စလို့ ရောဂါ ပိုးကူးစက် ခံရသည်ကို သိသည့် အခါ ထိုယောက်ျား အပေါ် နားကြည်းချက်ကို သိမ်းပိုက်လျှက် အခြားသော လူများကို ဂလဲ့စားချေရန် လုပ်ဆောင်လေ့ရှိသည်ကို အမျိုးသားများ အနေဖြင့် အထူးသတိထားသင့်ပါသည် ။ သူတို့၏ အယူမှားသော လုပ်ရပ်များကြောင့် ရမ္မဇော ထန်နေသည့် အမျိုးသားများ လည်း ထိုရောဂါကို ပိုင်ဆိုင် သွားကြရလေသည် ။ ထိုသို့သော ညွှတ်ကွင်းမျိုးကို သက်ဆင်းမိသူ အများစုမှာ ရေသာခို အချောင်လိုက်လိုသော စိတ်ဓါတ် ကို ပိုင်ဆိုင်ထားသည့် ယောက်ျား နှင့် မကြုံဖူးသော အတွေ့အကြုံ ကို စမ်းသပ်ချင် ကြသည့် အရွယ်ရောက်ခါစ ငယ်ရွယ်သည့် လူငယ်များ ပင်ဖြစ်လေသည် ။

ပညာရေး စနစ် ညံ့ဖျင်းမှု ကြောင့် အသိဥာဏ် ဖွံ့ဖြိုးမှု နည်းသည့်အခါ စာရိတ္တမဏ္ဍိုင် ယိုင်းယိုင်နေရရှာသည့် လူငယ်များ သည် အမှန်အမှားကို ကောင်းစွာ မခွဲခြား နိုင်ကြဘဲ ဆန္ဒအလိုကို ချုပ်တီးနိုင်ရန် လွန်စွာ ခက်ခဲသည်ကို ကျနော် နားလည်ပါတယ် ။ နည်းပညာကို အလွဲသုံးစားလုပ်ကာ အယူမှားတွေ ဖြန့်ဝေ နေသည့် လုပ်ရပ်များက လူငယ်များကို ထိုကိစ္စများတွင် ပိုမို ထက်သန်အောင် နိုးဆွပေးနေသည့် အချိန်အခါတွင် အနာဂတ် မျိုးဆက်သစ် လူငယ်များ အတွက် အထူးစိုးရိမ် စရာ အနေအထား တစ်ခုကို ရောက်ရှိနေပါပြီ ။

သက်ဆိုင်ရာ အာဏာပိုင် များ အနေဖြင့် နိုင်ငံရေး စကားကို ပြောကြားနေသူများ အား လေသံကြားရရုံမျှ ဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို နှောက်ယှက်သည်ဟု အကြောင်းပြကာ ဖမ်းဆီးနေမည့် အစား အဖော်အချွတ်များ ဖြင့် လူငယ်များ၏ စာရိတ္တကို ပီပီပြင်ပြင် ဖျက်စီးနေသူများကို အမျိုးဂုဏ်ဇာတိဂုဏ် ဇာတိဂုဏ် မြင့်မားရေးကို နှောယှက် ဖျက်စီးနေသည့် လူများ အဖြစ် ထိရောက်သော အပြစ်ဒဏ်များ ပေးနိုင်လျှင် တိုင်းပြည် အတွက် ပိုမို အကျိုးရှိမည်ဟု ယုံကြည်မိပါသည် ။ ထိုသူများသည် လူငယ်များ၏ အနာဂတ်ကို ပျက်စီးသထက် ပျက်စီးအောင် ဖျက်စီးနေသည့် လူများ ဖြစ်သည် ဆိုတာကို အသိဥာဏ် ရှိသည့် လူသားတိုင်း လက်ခံထားကြပါသည် ။ ထိုသို့ မဟုတ်ဘဲ နိုင်ငံရေးသမား များကို တဖတ်သတ် စွဲချက်များဖြင့် ဥပဒေ အမျိုးမျိုးထုတ်ကာ ဖမ်းဆီး အပြစ်ပေး အရေးယူကြပြီး လူငယ်များ၏ စာရိတ္တ မဏ္ဍိုင်ကို ယိုင်နဲ့အောင် ထင်ရှားစွာ လုပ်ဆောင်နေသူများ၏ လုပ်ရပ်များကို မသိသလို နေလိုက်ကြလျှင် HIV ရောဂါ ကူးဆက်ပြန့်ပွားနှုန်းကား ပိုမို များပြားနေအုံးမည် ဖြစ်ပါသည် ။


ဤပြဿနာကို အနှစ်ချုပ်ပြန် စဉ်းစားကြည့်လျှင် လက်ရှိ အစိုးရ၏ ပြည်သူလူထု အပေါ်ကို တာဝန် ကျေပြွန်စွာ မထမ်းဆောင်လိုခြင်း ၊ ကိုယ်ချင်းစားစိတ် နည်းပါးခြင်းတို့ကြောင့် ပြည်ပ အကူအညီ ကို တောင်းခံနေရသည့် မြန်မာနိုင်ငံသားတို့ ဘ၀ကား ဒုက္ခ အမျိုးမျိုး ခံစားလျှက် ရှိပေသည် ။ ကိုယ်တိုင်ကလည်း မလုပ်ဆောင်ချင် သူတပါး တို့ ကိုယ်တိုင် လာရောက် ကူညီလုပ်ဆောင် ပေးလေ့ရှိသည်ကို လည်း မနှစ်ခြိုက်သည့် အစိုးရ နှင့် ဆက်ဆံရသည် ကို မနှစ်ခြိုက်သော NGO များသည် ပြည်တွင်းမှ လူများကို အစားထိုးကာ တာဝန် လွှဲပြောင်း ပေးခဲ့ကြလေသည် ။ ထိုအခါ တိုင်းပြည်ကို လှူဒန်းသည့် ငွေများကို ကိုယ်ကျိုးစီးပွားကို အသုံးချလေ့ ရှိကြသည့် ထို အဖွဲ့အစည်း အချို့မှ လူများသည် လုပ်သင့်လုပ်ထိုက်သော အလုပ်များကို မလုပ်နိုင်ကြတော့ဘဲ အယောင်ပြ လုပ်ရပ်များကို တွင်တွင်သုံးကာ ရန်ပုံငွေ ပိုမိုရရှိရေး အတွက်သာ လုပ်ဆောင်ကြ၍ HIV ရောဂါသည်များ ထပ်မံတိုးပွားလာခြင်း မရှိစေရန် လုပ်ဆောင်ချက်များ ဆောင်ရွက်ရာ၌ ပိုမို အားနည်း လာလေသည် ။

ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်ကို အခြား ဆေးဝါးကုသ၍ ရနိုင်သော ရောဂါ များ အတွက်ပင် လွန်စွာ အသုံးဝင် သည် ဆိုပါလျှင် ကုရာနတ္တိ ဆေးမရှိသည့် HIV ရောဂါသည်များ ထပ်မံတိုးပွားလာခြင်း မရှိအောင် ကာကွယ်ခြင်း သည်သာ အထိရောက်ဆုံး နည်းလမ်းများ ဖြစ်လေသည် ဟု နိုင်ငံတကာမှ ပညာရှင်များက ယုံကြည်ထားကြလေသည် ။ ထို့သို့ကာကွယ်ရာ၌ အထိရောက်ဆုံးသော ကာကွယ်ရေးပစ္စည်းက လုံခြုံမှု မပေးနိုင်သည့် အခါ ရောဂါသည်များ တိုးပွားသထက် တိုးပွားလာအုံး မည် ဖြစ်ပါသည် ။ ထို့အပြင် အသိဥာဏ် နည်းပါးကာ မိုက်ရူးရဲ ဆန်သော အကျင့်ဆိုးများကို လက်ခံထားသည့် လူများ၏ ရန်မှ မည်သို့ရှောင်ရှားသင့်သည်ကို ဆွေးနွေးကာ အဖြေရှာသင့်သင့် ဟု ယူဆမိပါသည် ။

ကျနော် ရေးသားသော စာပါ အချက်အလက် များသည် NGO အဖွဲ့အစည်းမှ သိရှိခဲ့ပြီး ဖြစ်ချင်လည်း ဖြစ်မည် ၊ မသိသေးတာ လည်း ဖြစ်ချင်ဖြစ်မည် ။ NGO အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ အာဏာပိုင် များကို ပြစ်တင်ပြောဆိုလို၍ မဟုတ်ပါ ။ တတ်နိုင်သမျှ ထို ရောဂါ ကာကွယ်ရေး ကိစ္စများကို ယခုထက် ပိုမို၍ ဆောင်ရွက်လိုသောကြောင့် ရေးသားတင်ပြခြင်းသာ ဖြစ်ပါသည်ကို ပထမဦးစွာ ၀န်ခံလိုပါသည် ။ လူအများစုက ထိုရောဂါ နှင့် မိမိတို့ မသက်ဆိုင်ဟု ထင်နေကြသော်လည်း အမျိုးသားလုံး လူ့အညွန့်တုံးစေမည့် ကိစ္စများတွင် နိုင်ငံသားတိုင်း နှင့် သက်ဆိုင်သည်ဟု ထင်မြင်ယူဆ၍ တင်ပြဆွေးနွေးလိုခြင်းသာ ဖြစ်ပါသည် ။ တိုင်းပြည်တပြည်၏ အနာဂတ်ကို ကောင်းမွန်စွာ တည်ဆောက်မည်ဟု စဉ်စားထားကြလျှင် လက်တွေ့ ပြည်သူလူထု ခံစားနေရသော ဒုက္ခဆိုးများကို အရင်ဆုံး လက်တွေ့ကျကျ ဖြေရှင်းပေးလိုပါသည် ။ ပြည်သူလူထု အနေဖြင့်လည်း မရှက်သင့်သော အလုပ်များတွင် မရှက်ဘဲ လူတိုင်းသိထားသင့်သည့် ကျန်းမာရေး ဟောပြောပွဲများ တွင် တက်ရောက်စေလိုပါသည် ။ ကိလေသာ နှင့် မကင်းသည့် လူသားမှန်သမျှ အိမ်ယာထူထောင် ကြမည်ဟု စိတ်ကူးထားသည်မှ လူ့သဘာဝ ပင်ဖြစ်လေသည် ။ အထူးသတိပေးလိုသည်မှာ တဒင်္ဂ သာယာမှု အတွက် တဘ၀စာ ပျော်ရွှင်မှု များ နှင့် လဲလှယ်သလို မဖြစ်ကြရလေအောင် ဆန္ဒကို အသိဥာဏ် ဖြင့် အတတ်နိုင်ဆုံး ထိန်းချုပ်နိုင် အောင် အစွမ်းကုန် ကြိုးစားစေချင်ပါသည် ။ သာယာလှပသော အိမ်ထောင်မှု ဘ၀ကို လိုချင်လျှင် ကိုယ်ချင်းစာတရားနှင့် မိမိတို့၏ အိမ်ထောင်ဘက်များ အပေါ် အပြန်အလှန် လေးစားချစ်ခင်ကာ သစ္စာစောင့်ထိန်း နိုင်မှ ထိုသို့သော ဘ၀မျိုးကို ပျော်ရွှင်စွာ ပိုင်ဆိုင်နိုင်မည် ဖြစ်လေသည်

တိုင်းပြည်၏ အနာဂတ်ကို မည်သို့ မည်ပုံဆောင်ရွက် မည်ဟု ကြွေးကြော်နေကြသော်လည်း လက်တွေ့ ပြည်သူလူထု၏ ဆင်းရဲဒုက္ခကို လှစ်လျူ ရှုထားသမျှတော့ ပြည်သူလူထု၏ နှလုံးသားတွင် အုပ်ချုပ်သူ လူတန်းစားများကို မုန်းတီးသည့် စိတ်ဓါတ်များ ၀င်နေအုံးမည် မှာ အသေအချာပင် ဖြစ်ပါသည် ။ အာဏာကို ၂၂ နှစ်လုံး ဆုပ်ကိုင်ထားပြီး တိုင်းပြည်နဲ့ ပြည်သူလူထု အကျိုးစီးပွားကို မငဲ့ကွက်ဘဲ ကိုယ်ကျိုးစီးပွားကို ဆက်လက် ဆောင်ရွက် နေလျှင် ပြည်သူလူထု၏ အမုန်းများကို ခွန်အားအဖြစ် ပြောင်းလဲသည့် နေ့တွင် တော်လှန်ရေး ဆိုသည့် အသံကို မကြားချင်လည်း ကြားရအုံးမည် ဖြစ်သည် ။ လှပသော ရေမြေတောတောင် သဘာဝ သယံဇတ နှင့် ထူးခြားကောင်းမွန်လှသည့် ပထ၀ီ မြေပြင်ပေါ်မှာ လူသားများ ဆင်းရဲ ဒုက္ခရောက် နေရခြင်း၏ အကြောင်းတရားမှာ အုပ်ချုပ်သူ လူတန်းစားမှ ကိုယ်ချင်းစား တရားခေါင်းပါး နေခြင်းနှင့် ထိုသို့သော လူတန်းစားများကို မိမိတို့ ကိုယ်ကျိုးစီးပွား အတွက် မျက်လုံး စုံမှိတ်ကာ ထောက်ခံနေသည့်လူများ ပိုမို များပြားလာခြင်းကြောင့် ဖြစ်သည်ကို မြန်မာနိုင်ငံ၏ ပကတိ အနေအထားကို ကြည့်ခြင်းအားဖြင့် များစွာ ထင်ရှားပေါ်လွင် လွန်းလှပေသည် ။ တိုင်းပြည် ကို တကယ်ချစ်တယ် ဟု ဆိုပါလျှင် ထိုတိုင်းပြည်ကြီးပေါ်တွင် မှီတင်း နေထိုင်ကြသော ပြည်သူလူထုကို ချစ်ခင်လေးစား တန်ဖိုးထားနိုင်ပါမှ ထိုသူသည် တိုင်းပြည်ကို တကယ်ချစ်သည်ဟု ယုံကြည်ရပေမည် ။

အမှန်တကယ် လက်တွေ့ကျကျ သုံးသပ်ပြရပါလျှင် လက်ရှိအစိုးရ၏ လုပ်ရပ် တော်တော်များသည် လူသားမဆန်ဟု ခံစားမိလေသည် ။ မြန်မာနိုင်ငံ ပြည်သူလူထု ကို အမှောင်ထဲတွင် ထားကာ တိုင်းပြည်၏ သယံဇာတ အရင်းအမြစ်ကို သူတပါး တိုင်းပြည် အလင်းရအောင် လုပ်ဆောင်ချက်များ ဖြင့် နိုင်ငံခြား ငွေ ရှာသည့် ကိစ္စသည် လုံးဝ မှားယွင်းနေပါသည် ။ ထိုသို့ လျှပ်စီးမီး မရသည့် ပြည်သူလူထု သည် လျှပ်စစ်ဓါတ်အား ရရှိအောင် မီးစက်များကို အသုံးပြုကြရသည် ။ ထိုသို့သော မီးစက်များကို မောင်းနှင်ရန် လောင်စာဆီကို ကိုယ့်တိုင်းပြည်က မထုတ်လုပ်နိုင်သည့် အခါ ပြည်ပမှ ဈေးကြီးပေးကာ ပြန်လည် တင်သွင်းကြရသည် ။ ထိုအခါ ကြားထဲမှ နေ၍ နစ်နာ ဆုံးရှုံးသည်ကား ပြည်သူလူထု ပင်ဖြစ်လေသည် ။ ထိုသို့ ပြည်ပကို မတန်တဆ ဈေးပေါပေါဖြင့် ရောင်းချရာမှ ရလာသည့် နိုင်ငံခြား ၀င်ငွေသည် ပြည်သူလူထု အမှန်တကယ် လိုအပ်သည့် နေရာတွင် အသုံးချခြင်း မဟုတ်ဘဲ သူတို့ ကိုယ်ကျိုးစီးပွားနှင့် အုပ်ချုပ်ရေး အာဏာ တည်မြဲစေရေး အတွက် စစ်လက်နက် ဖြည့်တင်းခြင်း ကိစ္စများတွင် အသုံးချနေခြင်းက ပြည်သူလူထု ကို ပိုမိုဆိုးဝါးသည့် နစ်နာ ဆုံးရှုံးမှုများ ရစေပါသည် ။ ကိုယ်ပိုင်ပစ္စည်း နှစ်ကျပ်တန်ကို တကျပ်ဖြင့်ရောင်းကာ သူတပါး ပစ္စည်း တကျပ်တန်ကို နှစ်ကျပ်ပေးဝယ်တာကို ကူးသန်းရောင်းဝယ် တာပါဟု မျက်လုံးစုံမှိတ်၍ ကြွေးကြော်တာများကို ရပ်တန့်သင့်ပါပြီ ။

ကျနော် ယခုလို ရေးသား၍ သက်ဆိုင်ရာ အာဏာပိုင်တို့က နိုင်ငံရေး လုပ်ရှားမှု ဟု ဆက်လက် ခံယူထားကြလျှင် အမှားကြီးမှားပေအုံးမည် ။ ကမ္ဘာ့အလယ် တွင် မျက်နှာငယ်နေရသော မြန်မာနိုင်ငံသားတိုင်းများ နှင့် ပြည်တွင်းတွင် နေ့စဉ်စားဝတ် နေရေးကို ခက်ခဲစွာ ရှာဖွေ စားသောက်နေကြသော နိုင်ငံသားတို့ ပုံရိပ်များကို မြင်ရတိုင်း များစွာ ၀မ်းနည်းမိပါသည် ။ စနစ်တခုရဲ့ ဆိုးကျိုး ကြောင့် ဒုက္ခရောက်နေသူများ တာကို သိထားတဲ့ လူသားတစ်ယောက် အနေဖြင့် ထိုစနစ်ဆိုးကြီးကို ပြင်ဆင်စေလိုပါသည် ။ အတိတ်က အမှားများကို လက်ညိုးထိုး စွပ်စွဲလို၍ မဟုတ်ဘဲ အနာဂတ်တွင် ပိုမိုကောင်းမွန် စေလိုသည့် စေတနာဖြင့် ပစ္စပ္ပုန်ကို အပြုသဘောဆောင် သည့် လုပ်ရပ်များဖြင့် လုပ်ဆောင်စေလိုသည်မှာ ကိုယ့်တိုင်းပြည်ကို တကယ်ချစ်သည့် လူသားတစ်ယောက်၏ တာဝန် ၀တ္တရားသာ ဖြစ်သည်ဟု ခံယူထားသည့် အတွက် ယခုလို ရေးသားတင်ပြလိုက်ရပါသည် ။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

Friday, December 24, 2010

နည်းပညာကို လွဲမှားစွာ အသုံးချသူများ

တိုင်းပြည် တပြည် အဖက်ဖက်က နိမ့်ကျ နေသည့် အချိန်တွင် ပြန်လည် တိုးတက်ကောင်းမွန် လာအောင် ကြိုးစားကြမည် ဆိုလျှင် လူငယ်များ၏ အခန်းဂဏ္ဍသည် အရေးပါသည့် နေရာမှ ပါဝင်လာကြသည် ကို မည်သူမျှ မငြင်းနိုင်သည့် ဘဘာဝ အမှန်တရား ဖြစ်သည် ။ ယနေ့လူငယ် နောင်ဝယ် လူကြီး ဆိုသည့် ဆိုရိုးစကား အတိုင်း သက်ဆိုင်ရာ အလုပ်နေရာ ဌာန အသီးသီးတွင် ယနေ့လူငယ်များသည် လက်ရှိ လူကြီးများ၏ နေရာသို့ အစားထိုးဝင်ရောက် လုပ်ကိုင်ကြသည်မှာလည်း ထုံးစံ ပင် ဖြစ်လေသည် ။ ထို့ကြောင့် တိုင်းပြည်တပြည် အတွက် လူငယ်များ၏ အခန်းဂဏ္ဍ အလွန်ရေးကြီးသည် ဟု လက်ခံထားလျှင် ထိုလူငယ်များ၏ ၊ စာရိတ္တ နှင့် အသိညဏ် ပညာ တိုးတက် ကောင်း မွန်ဖို့ အထူး လိုအပ်သလို အလုပ်လုပ်ရာတွင် တက်ကြွစွာ လုပ်ကိုင်နိုင်ရန် ရုပ်ပိုင်းဆိုင်ရာလည်း ဖွံ့ဖြိုးသထက် ဖွံ့ဖြိုးအောင် အထူး ကြံစည် ဆောင်ရွှက်သင့်ပေသည်ဟု နိုင်ငံတကာမှ ပညာရှင်များ က တညီတညွတ်တည်း လက်ခံထားကြလေသည် ။




ကျွန်ူပ်တို့ တိုင်းပြည်သည် လက်ရှိ အနေအထားတွင် နိုင်ငံတကာမှ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများကို အသာထား ဖွံ့ဖြိုးဆဲ နိုင်ငံများ နှင့် နှိုင်းယှဉ်လျှင် များစွာ နောက်ကျ ကျန်နေခဲ့ပေပြီ ။ ယနေ့ခေတ်အချိန်အခါသည် နည်းပညာ၏ အကူအညီကြောင့် ကမ္ဘာသည် ရွာပမာ ပင် ဖြစ်လာသည်ဟု လူအများက တင်စားခေါ်ဆိုကြသည် ။ ထိုသို့နည်းပညာ ဖွံ့ဖြိုးတိုးတက်လာချိန်တွင် ယဉ်ကျေးမှု တို့ ထိစပ်လာကြသည် ။ အသိဥာဏ် ဖွံ့ဖြိုးတိုးတက်ပြီး လူငယ်များသည် နည်းပညာကို အသုံးချကာ မိမိတို့ဘ၀ တိုးတက်ကောင်းမွန်ရေး အတွက် အသုံးချကြသလို အချို့ကား နည်းပညာ၏ သားကောင်များ ဖြစ်သွားကြလေသည် ။



မြန်မာပညာရေး စနစ်၏ အားနည်းချက်ကြောင့် ယနေ့လူငယ်များ အသိဥာဏ်ပိုင်းဆိုင်ရာ အားနည်းနေသည်ကို ၀ိုင်းဝန်း ဖေးမကာ မိမိတို့ တတ်ကျွမ်းသော ပညာများဖြင့် ကူညီဖေးမကြရမည့် အချိန်တွင် အချို့သော လူများသည် နည်းပညာကို အသုံးချ၍ လူငယ်များကို လမ်းမှားသို့ရောက်အောင် တွန်းပို့လျှက် ရှိပေသည် ကို ၀မ်းနည်းဖွယ်ရာ တွေ့ရှိခဲ့ရလေသည် ။ ထိုသူများကား မြန်မာနိုင်ငံသား စစ်စစ် Porn Blogger များပင် ဖြစ်လေသည် ။ အသိ ယိုင်နဲ့မှု ကြောင့် မြန်မာ့လူငယ်များ စာရိတ္တတို့ယိုင်းယိုင်နေချိန်တွင် သူတို့လုပ်ဆောင်ချက်သည် ချောက်ထဲကို ကျလုကျခင် ဖြစ်နေသော လူငယ်များကို ကူညီ၍ တွန်းချပေးလိုက် သလို ဖြစ်သွားသည် ။

လူငယ်များသည် အချိန်တန် အရွယ်ရောက်လာလျှင် မိမိတို့ ဘ၀ တိုးတက် ကောင်းမွန်ရေး နှင့် သဘာဝက တောင်းဆို လာသော စိတ်ဆန္ဒ အာသီသ တို့ကြောင့် ဘ၀ လက်တွဲဖော်ကို ရှာဖွေလိုခြင်း ဆိုသည့် စိတ်နှစ်ခုသည် လူငယ်များ၏ နှလုံးသား နှင့် အသိညဏ်တွင် ကိန်းအောင်းနေသည့် အင်အား အကြီးဆုံး အရာနှစ်ခု ဖြစ်သလို ထူးခြားသော ပြိုင် ဘက်များ ဖြစ်နေသည်ဟု ပညာရှင်တို့က သုတေသန ပြု၍ ဖော်ထုတ် ထားကြပေသည် ။ မိဘတို့သည် သူတို့ ရင်သွေးငယ်လေးများ၏ ဘ၀ တိုးတက် မြင့်မားရေး အတွက် မျှော်မှန်းကာ ပညာသင်ပေး ကြလေသည် ။

ထိုသို့မျှော်လင့်ချက် ကြီးစွာ ထား၍ ပညာသင်ပေးနေသည့် အချိန်တွင် ခေတ်၏ အခြေအနေနှင့် စနစ်တခု၏ ဆိုးကျိုးကြောင့် ဘွဲ့ရ ပညာတတ်များ အလုပ်လက်မဲ့ ဖြစ်နေသည်ကို မြင်တွေ့ရသည့် ကျောင်းသားလူငယ်များ ၏ ရည်ရွယ်ချက်ပန်းတိုင်သည် မှုန်ဝါးလာစေသည် ။ လူငယ်တို့ သဘာဝ တိုးတက်မြင့်မားလို၍ ပညာသင်ယူ ကြသော်လည်း မအောင်မရှိ ပညာရေး စနစ်နှင့် ပညာရေး အာမခံချက် နည်းပါးမှု တို့က လူငယ်များ၏ ကြိုးစားချင်စိတ်ကို ဖျက်စီးလိုက်ကြသည် ။ ထိုအခါ ဘ၀ တိုးတက်ရေး အတွက် ကြိုးစားချင်စိတ် ကုန်ခမ်းလာသော လူငယ်များသည် ဘ၀ လက်တွဲဖော်ကို ရှာဖွေလိုသည့် ဆန္ဒ အာသီသတို့ဘက်တွင် စိတ်အား ပြင်းထန်စွာ ပိုမို အားထုတ် လာကြသည် ။ အထူးသဖြင့် ထိုကိစ္စများတွင် ယခင်က ယောက်ျားလေးများတွင် အဖြစ်များ ခဲ့သော်လည်း အခုလက်ရှိ အနေအထားအတွင် မိန်းကလေးများ သည်လည်း ပါဝင် ပက်သက်လာကြလေသည် ။ ထိုသို့သဘာဝ တရား လွဲမှားစွာ ကြိုးစားအားထုတ်မှုကို မဟုတ်မမှန်သည့် နည်းလမ်းများဖြင့် ဆောင်ရွှက်နေသည့် လူငယ်များ၏ ဘ၀ အနာဂတ်ကား ကိုယ့်လည်ပင်းကို ကိုယ် ကြိုးကွင်းစွပ်သည့် အနေအထားကို ရောက်မှန်းမသိ ရောက်နေကြလေသည် ။


ကိုယ်ပိုင် အသိဥာဏ် အားနည်းသော အခါ အကျိုးအကြောင်းကို ယှဉ်တွဲ၍ မစဉ်းစားတတ်ခြင်းတို့ကြောင့် အယူလွဲမှားကာ အရှက်အကြောက်တရားကို နားလည်မှု တွေ လွဲမှားကုန်ကြလေသည် ။ ဘ၀ အခက်အခဲတွေ ကြောင့် သောကဒဏ်ရာ များစွာကို ရင်မှာပိုက်ထားရတဲ့ မြန်မာ့လူငယ်လေးတွေဟာ တဒင်္ဂ သာယာမှု အတွက် တဘ၀စာ ပျော်ရွှင်မှု တို့ကို လှဲလှယ်နေတဲ့ လုပ်ရပ်တွေကို ထွက်ပေါက် အဖြစ် မှားယွင်းတဲ့ ရှုထောင့်ကနေ မသိစိတ်က ပျော်ရွှင်စွာ လုပ်ဆော်နေကြပါတယ် ။ ဒီလိုတွေ မှားယွင်းနေတာကို ၀မ်းရေးအတွက် ခက်ခဲစွာ ရုန်းကန်လုပ်ရှားနေကြတဲ့ မိဘတွေက မသိလိုက်ကြတဲ့ အခါ ကိုယ့်ဘ၀တင် မကဘူး ၊ မိသားစုရဲ့ အရှက်နှင့် သိက္ခာတရားကို လှဲလှယ်တဲ့ လုပ်ရပ်များမှာ မသိစိတ်နဲ့ ပျော်ရွှင်မြူးတူး ဖြစ်နေတာကို ကျနော် မြင်ရတာ ရင်နင့်နေအောင် ခံစားရလို့ သတိပေးချင်တဲ့ စေတနာနဲ့ ဒီစာကို ရေး သားလိုက်တာပါ ။

ကိုယ့်ဘ၀ က ကံကြမ္မာ မကောင်းခဲ့လို့ ဒုက္ခဆိုးတွေကို ရင်နင့်နေအောင် ခံနေကြရတဲ့ အချိန်မှာ ဘ၀ တိုးတက်ဖို့ အတွက် အားကိုးလိုတဲ့ စိတ်ဆန္ဒနဲ့ အိမ်ထောင် ဖက်ကို ရှာတဲ့နေရာမှာ လွဲမှားစွာ ယူဆနေတာလေးကို တွေ့ ရလို့ မိန်းကလေးများကို အထူး သတိပေးလိုပါတယ် ။ ပန်းတပင်က ပန်းပွင့်တပွင့်ကို ခူးဆွတ်လိုက်ပေမယ့် အခြားပန်းပွင့်တွေ ပြန်ပွင့်မယ်လို့ မျှော်လင့် လို့ရပါသေးတယ် ။ ဒါပေမယ့် မိန်းကလေး တစ်ယောက်ရဲ့ ဘ၀ မှာ တခါသာ ပွင့်လန်းခဲ့တဲ့ အပျိုစင်ဆိုတဲ့ ပန်းလေးက တော့ ကြွေကျပြီးရင် နောက်ထပ် မျှော်လင့်လို့ မရတော့ပါဘူး ဆိုတာ လေးနက်စွာ စဉ်းစားပြီး တန်ဖိုးထားစေချင်ပါတယ် ။ ကိုယ့်ကို တကယ်မြတ်နိုး တန်ဖိုးထားတဲ့ ချစ်သူကို လိုချင်တယ် ဆိုရင် ထိုက်သင့်တဲ့ မိန်းကလေး မာန ရှိရတယ် ဗျ ။



ကိုယ့်ချစ်သူရဲ့ စိတ်ဆန္ဒကို အမြဲ အလိုလိုက် အကြိုက်ဆောင် နိုင်မှ စစ်မှန်တဲ့ အချစ်ကို ရတယ် ဆိုတဲ့ အတွေးအခေါ်ကို ရဲရဲကြီး စွန့်ပယ်လိုက်ပါ ။ တကယ့်စစ်မှန်စွာ မေတ္တာ ရှိတဲ့ ယောက်ျားလေး တစ်ယောက်က သူတို့ တန်ဖိုးထား မြတ်နိုးစွာ ချစ်လိုတဲ့ မိန်းကလေးမှာ ရှိတဲ့ထားသင့်ထားထိုက်တဲ့ မာနလေးတွေ ရှိတာကို နှစ်ခြိုက်လေ့ ရှိတယ် ဆိုတာ ယုံကြည်စေချင်ပါတယ် ။ ချစ်သူဘ၀မှ မလိုက်လျောသင့်တာကို လွယ်ကူစွာ လိုက်လျောခဲ့ရင် ချစ်ခင်လေးစား ပြီး ပျော်ရွင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ဖက် ဖြစ်လာဖို့ သိပ်ကိုခက်ခဲသွားပါလိမ့်မယ် ။ အိမ်ထောင်ဖက် ဖြစ်လာခဲ့ရင်လည်း သာယာတဲ့အိမ်ထောင်ဖက် ဖြစ်ဖို့ထက် မသကာင်္တဲ့ စိတ်ထားနဲ့ အမြဲသတိထား တတ်တဲ့ အိမ်ထောင်ဖက် မျိုး အဖြစ်များတယ် ဆိုတာ သတိထားစေချင်ပါတယ် ။ တဦးနဲ့ တစ်ဦး လေးစားချင်ခင်မှု ၊ အပြန်အလှန် နားလည်ပေးမှု ၊ သစ္စာစောင့်သိမှု အစရှိတဲ့ စစ်မှန်တဲ့ မေတ္တာကို အခြေခံထားကြမှ သာယာ လှပတဲ့ အိမ်ထောင်ရေး တစ်ခုကို စိတ်ချမ်းသာ စွာ တည်ဆောက် နိုင်မှာပါ ။ ဘ၀ လက်တွဲဖော်ကို တခဏတာ အပျော်လိုဇော ဆန္ဒအတွက် ညစ်ညမ်းနဲ့ လုပ်ရပ်တွေနဲ့ အရောင်ဆိုးလိုက်ကြရင် နှစ်ဦးနှစ်ဘက်လုံး နစ်နာလွန်းလှပါတယ် ။



မြင့်မြတ်ပါတယ် လို့ ခံယူထားတဲ့ ယောက်ျားတစ်ယောက် ရဲ့ မေတ္တာရေးရာမှာ မလိုလားအပ်တဲ့ တောင်းဆိုမှု တွေပါလာရင် မိန်းကလေး တွေ အနေနဲ့သတိမြဲမြဲထားကြပါ ။ တကယ် စစ်မှန်တဲ့ ချစ်ခြင်းတရားမှာ နားလည်မှု ဆိုတာ သူ့အလိုလို ကပ်ပါလာပြီးသားပါ ။ ယောက်ျားလေး တစ်ယောက် အနေနဲ့လည်း ဘ၀ လက်တွဲဖော်ကို ရှာဖွေတဲ့ နေရာမှာ သူက ကိုယ့်ကို ဘယ်လောက်ချစ်တယ် ဆိုတာကို ညစ်ညမ်းစာအုပ်တွေ ၊ ဗီ်ွဒီယိုတွေ ထဲက အကြောင်းအရာတွေနဲ့ မစမ်းသပ်ကြပါနဲ့ ။ ကိုယ်တကယ်ချစ်တဲ့ မိန်းကလေးကို ကိုယ့်ပတ်ဝန်းကျင်က လေးစားချစ်ချင်လာအောင် ကိုယ်တိုင်က မြတ်နိုး တန်ဖိုးထားရမှာပါ ။ နည်းပညာ ဖွံ့ဖြိုး တိုးတက်လာတာဟာ ကိုယ့်ကျင့်တရားတွေကို နွမ်းပါးဖို့ အတွက် မဟုတ်ဘူးဆိုတာ ဆင်ခြင်စေချင်ပါတယ်။ ကိုယ်ကျင့်တရား ကို တန်ဖိုးထားတဲ့ ယောက်ျားကောင်းဆိုတာ ယုတ်ညံ့သေးသိမ်တဲ့ စိတ်ထားတွေ ကင်းဝေးနေပါတယ် ။


ဒီနေ့ နိုင်ငံတကာမှ ခေတ်စားနေသလို မြန်မာလူငယ်တွေ ကြားမှာ ခေတ်စားနေတဲ့ living together ဆိုတဲ့ စကားလုံးဟာ မကောင်းဆိုးဝါး အယူဝါဒ တခုပါ ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ ကျင့်သုံးရမယ့် အလေ့အထ မဟုတ်ပါဘူး ။ အခြားဖွံ့ဖြိုး တိုးတက်ပြီး နိုင်ငံတွေမှာ အိမ်ထောင် မရှိဘဲ ကလေးမွေးကြတာ သိပ်မဆန်းပေမယ့် မြန်မာ နိုင်ငံရဲ့ ပတ်ဝန်းကျင် အနေအထားမှာ ဘယ်သူမှ လက်မခံနိုင်ကြပါဘူး ဆိုတာလေးကို သတိထားစေချင်ပါတယ် ။ ကံကြမ္မာ ဆိုတာ အလှည့်အပြောင်း ရှိပါတယ် ။ မိမိတို့ ချစ်သူနှစ်ဦး အရမ်းချစ်ကြတယ် ၊ တကယ်လည်း ယူမယ်လို့ ဆုံးဖြတ်ထားကြပေမယ့် ကံကြမ္မာက ရက်စက်လို့ ကွဲကွာခဲ့ရတဲ့ ချစ်သူ စုံတွဲတွေလည်း အများကြီးပါ ။ ကိုယ်တိုင် မြတ်နိုးတန်ဖိုးထားပြီး ပန်ဆင်မယ်လို့ စိတ်ကူးနဲ့ အချိန်မကျခင် ကြိုပြီး ခူးဆွတ်ကြမယ် ဆိုရင် ပန်းပွင်လေးတွေမှ ပြည့်စုံလှပတဲ့ ဂုဏ်ဒြပ်နဲ့သင်းပျံ့တဲ့ မွေးရနံ့နဲ့ပန်းပွင့်လေး ကို ပန်ဆင်ခွင့်မရဘဲ ခြွေချက်ဖျက်စီး နင်းခြေ လိုက်သလို ဖြစ်သွားတတ်ပါတယ် ။



အဲဒီ living together ကြီးက လူငယ်တွေကို ဖျက်စီးဖို့ အားမရသေးတော့ အခုနောက်ပိုင်း ထပ်မံ ရေပန်းစား လာတာက တစ်ယောက်နဲ့တစ်ယောက် ညစ်ညမ်းတဲ့ ပုံရိပ်တွေကို အသုံးပြု ဖြော်ဖြေမှု video chat များနဲ့ ကိုယ်တိုင် ဖန်တီး ထုတ်လုပ်ထားတဲ့ ညစ်ညမ်း video တွေ လူငယ်ထုကြားမှာ ပြန့်နှံ့နေတာတွေကို ၀မ်းနည်း ရင်နင့်ဖွယ်ရာ တွေ့ရှိခဲ့ရပါတယ် ။ ချစ်သူတွေ ဘ၀ မှာ အတင့်ရဲ့စွာ မလိုက်လျောခဲ့သင့်တာတွေကို လိုက်လျောခဲ့တဲ့ အတွက် ဘ၀ ပျက်သွားခဲ့တဲ့ မိန်းကလေးတွေ အများကြီးပါ ။ ကျနော် စိတ်ထဲ ရှိတာကို ပြောရရင် အခုလို ချစ်သူစုံတွေထဲ ကြားမှာ ဒီကိစ္စကြီးတွေ ရေပန်းစားလာတာ ကို တတ်ကျွမ်း နားလည်တဲ့ ပညာရှင်တွေ အနေနဲ့တားဆီးသင့်တယ်လို့ ထင်မြင် ယူဆမိပါတယ် ။



မိန်းကလေးများ အနေဖြင့်လည်း သတိထား ဆင်ခြင်သင့်ပါတယ် ။ ကိုယ့်နဲ့အပြင်မှာ တောင် တွေ့ပြီး နေပြီဘဲ ဓါတ်ပုံတွေ ၊ video မှတ်တမ်းတင်ခွင့်ကို တမင်ဘဲခွင့်ပြုတာလား ၊ ဘယ်တော့မှ သစ္စာဖောက်မှ မဟုတ်ဘူးလို့ ကိုယ့်ချစ်သူကို ယုံကြည်လို့ဘဲ လား ဆိုတာတော့ မသိဘူး ၊ သေချာတာ တခုက အဲဒီလို ခွင့်ပြုလိုက်ခြင်းဟာ မိမိတို့ရဲ့ ဂုဏ်သိက္ခာတင် မကပါဘူး ၊ မိသားစုရဲ့ ဂုဏ်သိက္ခာပါ အဖတ်ဆည်လို့ မရအောင် ကျဆင်းသွားစေတယ်ဆိုတာ လေးလေးနက်နက် စဉ်စားစေချင်ပါတယ် ။ နောက်တချက် ဒီလိုလုပ်ရပ်တွေဟာ ပြည့်တန်ဆာ တစ်ယောက်ထက်တောင် အောက်တန်းကျတယ် ဆိုတာ သတိထားစေချင်ပါတယ် ။ ပြည့်တန်ဆာ မိန်းကလေးတောင် သူနဲ့ အပျော်ရှာနေသူကို ဘဲ ဖျော်ဖြေမှု ပေးတာပါ ။ အခုကတော့ လူတိုင်းရဲ့ စိတ်ဓါတ်တွေကို ညစ်နွမ်းအောင် လုပ်ဆောင် နေတဲ့ အလုပ်ကြီးကို မြိန်ရှက်စွာ လုပ်ဆောင်နေတာကို ဘာသာတရား ရှုထောင့်ကနေ ကြည့်ရင် အင်မတန်ကြီးတဲ့ အကုသိုလ် အလုပ်ကြီး ဖြစ်သလို လူမှုရေး ရှုထောင့်က ပြန်ကြည့်ရင်လည်း အင်မတန်ကို ယုတ်ညံ့သေးသိမ်တဲ့ စိတ်ထားနဲ့ လူငယ်တွေကို ဖျက်စီးလိုက်သလို ဖြစ်နေပါတယ် ။

ကိုယ်တစ်ယောက်တည်းတောင် စိတ်နဲ့ကိုယ် တထပ်တည်း မကျနိုင်တဲ့လူသားတွေ ဘ၀မှာ တစ်ယောက်နဲ့ တစ်ယောက် ချစ်သူ ဘ၀ မှာ အယုံလွန်ပြီး တဒင်္ဂ သာယာမှု အတွက် မလုပ်သင့်မလုပ်ထိုက်တာတွေ လုပ်နေတာကို အသိညဏ်လေးတွေနဲ့ နှိုင်းယှဉ်ပြီး စဉ်းစားတတ်ကြအောင် ၀ိုင်းဝန်း တားဆီးပေးကြဖို့ မိတ်ဆွေတို့ကို မေတ္တာရပ်ခံချင်ပါတယ် ။ ကိုယ်ရဲ့ ပုံရိပ်စစ်ကို အပြင်မှာတွေ့ပြီးတာတောင် မှတ်တမ်းတင်ထားချင်ပါတယ်ဆိုတဲ့ ယောက်ျားတစ်ယောက်ရဲ့ ယုတ်ညံ့တဲ့ စိတ်ထားတွေကို သတိထားကြပါလို့ လေးစားစွာ မေတ္တာရပ်ခံချင်ပါတယ် ။ နံမည်ကြီး အနုပညာရှင်များ အနေဖြင့်လည်း အနေအထိုင် အပြုအမူ အပြောအဆိုတွေ ဆင်ခြင်သင့်ပါတယ် ။


နိုင်ငံတကာမှာ ထင်ပေါ်ကျော်ကြားတဲ့ အနုပညာရှင်တွေရဲ့ ၀တ်စားဆင်ယင်ပုံ ၊ ပြုမူ ပြောဆို နေထိုင်ပုံတွေကို လူငယ်တွေက စံပြ နံမူနာ ထားပြီး အတုယူ နေကြတာပါ။ အဲဒီတော့ နံမည်ကြီးလိုတာနဲ့ အဖော်အချွတ် အသားပေး ပုံရိပ်တွေကို အသုံချပြီး လူငယ်တွေကို လမ်းမှားရောက်အောင် ပို့ဆောင်နေတာ အနုပညာရှင်တို့ရဲ့ လုပ်ရပ်မဟုတ်ပါဘူး ။ မင်းသမီး တယောက် လိုးရှင်းလိမ်းလို့ နံမည်ကြီးတာကို အခြားလူတွေက ၀ိုင်းဝန်း ဟန့်တားကြမယ့် အစား သူက လိုးရှင်းလိမ်းရင် ငါတို့ကလည်း အားကျမခံ တဲ့ စိတ်ဓါတ်နဲ့ လိုက်ပြိုင်နေကြတာ စစ်မှန်တဲ့ အနုပညာ မဟုတ်ပါဘူး ဆိုတာ အနုပညာရှင်များ ကို လေးစားစွာ အသိပေးလိုပါတယ် ။ စနစ်တခု၏ အသိညဏ် အဆိပ်ခတ်မှု ကြောင့် ယိုင်နဲ့နေတဲ့ လူငယ်တွေရဲ့ ကိုယ်ကျင့်တရားကို အနုပညာရှင် များက ပြန်လည် တည့်မတ်ပေး နိုင်အောင် ကြိုးစားပေးကြမယ် ဆိုရင် များစွာ ၀မ်းမြောက်မိမှာ အမှန်ပါဘဲ ။


တမျိုးသားလုံး အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားရေး ဆိုတဲ့ ဦးတည်ချက်နဲ့ ချီတက်နေတဲ့ လက်ရှိအစိုးရရဲ့ လုပ်ရပ်သာ မှန်ကန်ခဲ့ရင် အဲဒီလို လုပ်ရပ်တွေနဲ့လူငယ်တွေကို လမ်းမှားရောက် အောင် လုပ်ဆောင်နေတဲ့ ကိုယ်တိုင်ရိုက်ကူး တည်းဖြတ် တင်ဆက် ပြသနေတဲ့ လူတွေနဲ့ ၀ိုင်းဝန်း ဖြန့်ဖြူးပေးနေတဲ့ ညစ်ညမ်း website များကို ထိရောက်စွာ အရေးယူပေးသင့်ပါတယ် ။

မြင့်မြတ်တဲ့ ယောက်ျားဘ၀ ကို ပိုင်ဆိုင်ထားပါလျှက် နဲ့ ယုတ်ညံ့တဲ့ စိတ်ထားတွေကို မွေးမြူနေကြတဲ့ ညီအစ်ကိုတွေ အနေနဲ့လည်း ကိုယ့်ရဲ့ နှမ ၊ အစ်မတွေနဲ့ နှိုင်းယှဉ်ပြီး ယုတ်မာတဲ့ စိတ်ဓါတ်တွေ ကို ဖျောက်ပြီး ကိုယ်ချင်းစာစိတ်လေးတွေ မွေးစေချင်ပါတယ် ။ ယူတာ မယူတာ အပထား ၊ ကျောရရုံ တော့ မကြံကြပါနဲ့ ။ ပန်းကောင်း အညွန့်ချိုး မလုပ်ကြပါနဲ့ ။ ဒီနေ့ခတ်နဲ့ ဒီချိန်ခါမှာ ဒီလို အလုပ်တွေကို အချိန်ပေးပြီး လုပ်ကြမယ့် အစား အကျိုးရှိတဲ့ အလုပ်ကို လုပ်စေချင်ပါတယ် ။ တိုင်းပြည် အဘက်ဘက် က နိမ့်ကျလို့  နိုင်ငံတကာ အလယ်မှာ မျက်နှာငယ်နေရတဲ့ အချိန်အခါမှာ လူငယ်တွေရဲ့ အကျင့်စာရိတ္တကို ပျက်ပြားစေမယ့် ဒီလို ညစ်ညမ်းမှု တွေ ကိုယ်တိုင် ပါဝင် သရုပ်ဆောင်သူများနဲ့ ကူညီဖြန့်ဖြူးပေးသူများ အနေနဲ့  ဒီလို အကျိုးမရှိတဲ့ လုပ်ရပ်တွေကို ရပ်တန့်ပေးကြဖို့ အထူးလေးစားစွာ အနူးအညွတ် မေတ္တာရပ်ခံချင်ပါတယ် ။



ကျနော်တို့ တိုင်းပြည်နဲ့ လူမျိုး အနာဂတ်မှာ ခေတ်မှီဖွံ့ဖြိုး တိုးတက်စေဖို့ အတွက်ဆို လူငယ်တွေကို အဓိကထား တည်ဆောက် ရမယ်လို့ ယုံကြည်ထားတဲ့ ကျနော် အနေနဲ့ ဒီလို စာမျိုးကို ရေးသင့်တယ်လို့ ယူဆလို့ ရေးလိုက်တာပါ ။ စနစ်တခုရဲ့ ဆိုးကျိုးကြောင့် အနာဂတ် အလင်းရောင် ပျောက်ဆုံးနေတဲ့ လူငယ်တွေဘ၀ ကို ထပ်မံပြီး မှောင်မိုက်အောင် လုပ်နေတဲ့ အခုကိစ္စကြီးဟာ တိုင်းပြည်တပြည်ရဲ့ အနာဂတ်နဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ် ။ လူငယ်တွေ အနေနဲ့လည်း တဘ၀လုံး စစ်မှန်တဲ့ ပျော်ရွှင်မှုကို ပိုင်ဆိုင်ဖို့ အတွက် တခဏတာ သာယာမှုတွေကို ရှောင်ရှားကြကာ မိမိတို့ဘ၀ တိုးတက်ကောင်းမွန်ရေး အတွက်သာ တစိုက်မတ်မတ် ကြိုးစားဆောင်ရွက်ကြပါ ။ အဓိက အရေးကြီးတဲ့ ဘ၀ အခြေခံရပ်တည်မှု ခိုင်မာမှု ရှိအောင် အရင်ဆုံး မလုပ်ဆောင်ဘဲ ဒီလို တခဏ ပျော်ရွှင်စရာတွေ နောက်ကို မိန်းမောစွာ လိုက်ပါနေကြရင် အသက်တာ လုံး နောင်တ ဆိုတဲ့ စကားလုံးကြီးကို ရင်မှာပိုက်ပြီး ဘ၀ ခရီးလမ်းကို ခက်ခဲစွာ ဖြတ်သန်းကြရပါလိမ့်မယ် ။



အားလုံးရဲ့ အနှစ်ချုပ်ကို ပြန်ကြည့်လိုက်ရင် နိုင်ငံတကာမှ တက္ကသိုလ် ကျောင်းသား အများစုဟာ အချိန်ပိုင်း အလုပ်တွေ ၀င်ရောက် လုပ်ကိုင်ကြရတဲ့ အတွက် မိမိတို့ကျောင်းစားရိတ်ကို တဖက်တလမ်းက အထောက် အကူ ပြုစေနိုင်သည်သာ မက လုပ်ငန်းခွင် အတွေ့အကြုံများပါ ရရှိသည့် အပြင် စိတ်ကူးယဉ် ဇတ်လမ်းတွေနဲ့ အချိန်ဖြုန်းစရာ လည်း မလိုတော့ပါဘူး ။ သက်ဆိုင်ရာ အာဏာပိုင်နဲ့ ပညာရှင်များကလည်း လူငယ်များ အတွက် အလုပ်အကိုင် အခွင့်အလမ်း များ ဖန်တီးပေးခြင်း စာရိတ္တ မြင့်တင်ရေး ဆွေးနွေးဟောပြောချက်များ ကူညီ၍ ပို့ချခြင်း ၊ လူငယ်တွေ အနာဂတ်အတွက် ဘယ်လို စီမံကိန်း ချသင့်သလဲ ဆိုတာကို အထူးအလေးပေးပြီး ဆောင်ရွက်ပေးစေချင်ပါတယ် ။


လက်ရှိ ကျနော်တို့ နိုင်ငံ ပကတိ အနေအထားက ဘယ်သူမှ ငြင်းလို့ မရနိုင်အောင် တော်တော်လေးကို ပျက်စီးနေပါတယ် ဆိုတာ အသိညဏ် ရှိသူတိုင်း လက်ခံနိုင်ကြမှာပါ ။ ဒီလို အခြေအနေမျိုးမှာ လူငယ်တွေက သာ ရုန်းကန် လုပ်ရှားမှု မလုပ်ချင်ကြဘဲ ရေစုန်မြောလိုက်နေကြရင် နောင်အခါဝယ် မြန်မာ နိုင်ငံသား ဆိုတာ ဒီထက် ပိုပြီး မျက်နှာငယ်ကြရပါလိမ့်မယ် ။ သစ်ပင်တပင်ကို နေရောင်ခြည်နဲ့ တိုက်ရိုက်မရတဲ့ နေရာမှာ ထားကြည့်တဲ့အခါ အဲဒီ သစ်ပင်ဟာ နေရောင်ခြည် ရှိရာ အရပ် ကို သူတို့ဘ၀ ဆက်လက် ရှင်သန်ကြီးထွားဖို့ အတွက် တစိုက်မတ်မတ် ချည်းကပ်နေကြတာ ကို အတုယူစရာ အဖြစ် သဘောထားပြီး ဒီနေ့မြန်မာနိုင်ငံက လူငယ်လေး များ အနေဖြင့်လည်း အသိညဏ် အမှောင်ချခံထား၇တာက လွတ်မြောက်အောင် ပညာညဏ် အလင်းရှိရာကို အထူးကြိုးစား လျှောက်လှမ်းပြီး ယခုခံစားနေရတဲ့ ဒုက္ခဆိုးကြီးတွေက ရုန်းထွက် လွတ်မြောက်နိုင်အောင် ကြိုးစားပေးကြပါလို့ လေးစားစွာ မေတ္တာရပ်ခံ အသိပေးရင်း နောင်အနာဂတ်မှာ တိုင်းပြည်ရဲ့ ဂုဏ်ဆောင် အမျိုးကောင်းသား အမျိုးကောင်းသမီး များ အဖြစ် ထာဝစဉ် ရပ်တည်နိုင်အောင် ကြိုးစားကြကာ မြင့်မြတ်သော ကိုယ်ကျင့်တရားကို ဂုဏ်ယူစွာ ပန်ဆင်လျှက် ခေတ်မှီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီး ဆီသို့ ပျော်ရွှင်စွာ ချီတက်ကြပါစို့ .............။


ခင်မင်လေးစားလျှက်

ဗမာ့သွေး

Thursday, December 9, 2010

အနိုင်ယူလိုသူကို အရှုံးပေးလို့ တကယ် နှလုံးအေးရဲ့လား



ယနေ့အချိန်အခါတွင် နိုင်ငံတော်အစိုးရဟု အမည်ခံထားသည့် အာဏာသိမ်း စစ်အာဏာရှင် အစိုးရသည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို တည်ဆောက်နိုင်ရန် မူဝါဒလမ်းစဉ်(၇)ရပ်ကို ချမှတ် ဖော်ဆောင်ရွက်မည်ဟု ကြွေးကြော်ထားသော်လည်း လက်တွေ့တွင်မူ အပြောတမျိုး အလုပ်တမျိုးလုပ်ဆောင်လျှက် ရှိနေသည်ကို အားလုံးသိပြီး ဖြစ်ပါသည် ။ သူတို့ဖော်ဆောင်နေသည့် မူဝါဒ (၁)ရပ်ပြီး တိုင်းပြီးတိုင်း ပြည်သူများ စီးပွားရေးကား ကြပ်သထက် ကြပ်လာသည် ။ ငတ်သထက်ငတ်လာသည် ။ ထိုသို့ဖြစ်ပွားနေသည်ကို သူတို့မသိ၍ မဟုတ် ၊ သိသိကြီးနဲ့ တမင်ကြံစည်ကား တိုင်းပြည်ကို စနစ်တကျ ဖျက်စီးနေကြခြင်းဟု ပထမဦးစွာ ယုံကြည်ထားစေချင်ပါသည် ။ စစ်အာဏာရှင်တို့သည် တိုင်းသူပြည်သားများကို အသာထား သူတို့၏ အာဏာရှင် စနစ် ယန္တရားကြီးကို အဓိက မောင်းနှင်ပေးထားသည့် တပ်မတော်များနှင့် ၀န်ထမ်းများကိုပင် သူတို့၏ အိမ်မွေးတိရစ္ဆာန်လောက်ပင် မေတ္တာမရှိကြသည်ကို သူတို့၏ လက်တွေ့လုပ်ဆောင် ချက်များတွင် ထင်ရှားစွာ တွေ့မြင်နိုင်လေသည် ။

တိုင်းပြည်တပြည်ကို အာဏာရှင်စနစ်ဖြင့် ကြာရှည်စွာ အုပ်ချုပ်လိုလျှင် ထိုတိုင်းသူပြည်သူသားတို့၏ အတွေးအခေါ် အမြော်အမြင် အားကောင်းစေမည့် ပညာရေးစနစ်ကိုဖျက်စီးရသည့် ဆိုသည့် မူဝါဒ ကိုသာ လက်တွေ့ အကောင်အထည် ဖော်နေကြသည် ။ အခြေခံ ပညာရေး စနစ်မှ စကာ တက္ကသိုလ် ပညာရေး စနစ် အဆုံး နေရာတိုင်းတွင် သမိုင်းမှန်တို့ကို ဖျောက်နိုင်သမျှ ဖျောက်ထားလာကြသည် ။ အတွေးအခေါ် အားကောင်းစေမည့် စာပေများ အစား အစီအစဉ် တကျ မရှိသည့် စာပေများကို ယောင်ဝါးဝါး အတွေများ ဖြင့်ရွေးချယ်ကာထုတ်နူတ် သင်ကြားလာကြသည် ။ တတ်ကျွမ်း နားလည်သော ပညာရှင်များ၏ လမ်းညွှန်ပြသချက်ကို အသိညဏ်နည်းပါးသည့် လူမိုက်များက လက်မခံ ။ သူတို့ရည်ရွယ်ချက် အတိုင်း မြန်မာနိုင်ငံ ပညာရေး စနစ်ကို စတင်ဖျက်စီး လာကြခြင်း၏ အကျိုးဆက်ကို ယနေ့ခတ်လူငယ်များ ခါးသီးဖွယ်ရာခံစား နေကြရသည်ကို မြန်မာနိုင်ငံ ပကတိ အနေအထားကို ကြည့်၍ မည်သူမျှ ငြင်းချက်ထုတ်၍ မရ ။

အခြေခံသင်ရိုးညွှန်းတမ်းများ ခိုင်မာမှု မရှိခြင်း ၊ သင်ကြားပြသပေးသည့် ဆရာဆရာများ၏ အားနည်းချက် ၊ ဆင်းရဲနွမ်းပါး ချို့တဲ့သော ကျောင်းသားများနှင် စဉ်ဆက် မပြတ် ပညာသင်ယူရေး စနစ်ဟု အမည်ခံကာ မအောင်မရှိ ပညာရေး စနစ်တို့ ပေါင်းစုံသောအခါ ကျောင်းသားများ၏ အတွေးအခေါ် ညဏ် အမြော်အမြင် များကို ထိရောက်အောင် မပံ့ပိုးပေး နိုင်ကြတော့ ။ ဥယာဉ်ပိုင်ရှင်၏ မ၀ရေစာ လစာပေးထားမှုတို့ကြောင့် ပန်းပျိုးလက်တို့သည် ပန်းပင်များကို ချစ်ခင်မြတ်နိုးတန်ဖိုးထားသော စိတ်ထားတို့ဖြင့် မပြုစုချင်ကြတော့ ။ သင်တင့်မျှတသော မြေသြဇာ ၊ ရေ နှင့် နေရောင် ခြည် ၊ မြေလောင်းပေါင်းသင် အစရှိသည့် လိုအပ်မှု တို့ မရကြသောအခါ ထိုပန်းပင်တို့မှ ပန်းပွင့်တို့သည် လှပစွာ မပွင့်ဖူးနိုင်ကြတော့ ။ ၀မ်း နည်းစရာ ကောင်းသည်က အချို့သောပန်းပင်များကား ပွင့်ဖူးခွင့်ကို မရကြတော့ချေ ။ ထိုသို့ မလှမပ ပွင့်နေကြသော ပန်းပင်တို့ကို ဈေးကွက်တင်သော အခါ ပန်းဟူသည့် ပုံသဏ္ဍန်သာ ရှိပြီး ပန်းပွင့်တပွင့်၏ ဂုဏ်အင်္ဂါဖြင့် မပြည့်စုံသောကြောင့် ဈေးကောင်းမရ ။ ထိုသို့ လှပစွာ မဖူးပွင့်နိုင်သော ပန်းပင်များနှင့် ပွင့်ဖူးခြင်းမရသည် ပန်းပင်တို့ စုဝေးရာ ဥယာဉ်ကြီးသည် လှပမှုတို့ ပျောက်ဆုံးကာ ရုပ်ဆိုး အကျည်းတန်နေ သကဲ့သို့ အနာဂတ်မျိုးဆက်လူငယ်များ၏ ညဏ်ရည်ညဏ်သွေး ထက်မြက်မှုတို့ကို ပိုမို အထောက်အကူ ဖြစ်စေမည့် ပညာရေးစနစ်ကြီး ပျက်စီးလာသော အခါ ထိုသို့သော မျိုးဆက်သစ်များကို ပိုင်ဆိုင်ထားသည့် တိုင်းပြည်ကြီးသည်လည်း ပြိုကျပျက်စီးလာသလို လူငယ်များ၏ အနာဂတ်သည်လည်း ရည်ရွယ်ချက်မဲ့ကာ ဦးတည်ချက်တို့ ပျောက်ဆုံးလာကြသည် ။

တက္ကသိုလ် ၊ ကောလိပ် ၊ သိပ္ပံ အသီးသီးမှ သက်ဆိုင်ရာ ဘာသာရပ်များ တွင် သင်ယူ တတ်မြောက်ပြီးဖြစ်ကာ ထိုပညာရပ်တို့တွင် ကျွမ်းကျင်မှု ရှိပါသည်ဟု အသိအမှတ်ပြုကာ ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သော်လည်း ထိုသို့သော ဘွဲ့ရလူငယ်များ၏ လက်တွေ့ကမ္ဘာတွင် ၀င် ရောက် အလုပ်အကိုင် ရှာဖွေပါက သင့်တင့်မျှတသည့် အလုပ်များကို ဖန်တီးပေးနိုင်မှု မရှိပါ ။ ထိုအခါ ဘွဲ့ရလျှင် ဘာလုပ်မည် ၊ မိဘကို ဘယ်လို ထောက်ပံ့ပေးမည် ၊ မိမိတို့၏ အနာဂတ်ကို ဘယ်လို တည်ဆောက်ကြမည်ဟု မျှော်လင့်ကာ နှစ်ပေါင်းများစွာ ပညာသင်ယူခြင်း၏ အကျိုးအမြတ်ကို ခံစားရတော့မည်ဟု ယုံကြည်ထားကြသည့် လူငယ်များ၏ ရည်မှန်းချက်တို့ ဗုန်းဗုန်းလဲကြခဲ့ရသည် ။ လုပ်စရာ အလုပ်မရှိသည့်အခါ လူငယ်များ၏ ခြေလှမ်းတို့သည် ငွေရလွယ်သည့် မကောင်းသည့်လုပ်ငန်းများ ၊ လောင်းကစား လုပ်ငန်းများ ဘက် ကို ဦးတည်လာကြသည် ။ နိုင်ငံတနိုင်ငံတွင် ပညာရေး စနစ် ပြိုကျ ပျက်စီးခြင်းကြောင့် လူငယ်များ၏ အနာဂတ် ဦးတည်ချက် ပျောက်ဆုံးလာသည်နှင့် တပြိုက်နက်ထဲ ထိုလူငယ်များ၏ စာရိတ္တမဏ္ဍိုင်ကို ရိုက်ချိုးလိုက်သလို ဖြစ်သွားသည် ။ ထိုသို့စာရိတ္တမဏ္ဍိုင် ပျက်စီးနေကြခြင်းကို ဗုဒ္ဓဘာသာဝင် တို့ အများဆုံးနေထိုင်ရာ နိုင်ငံမှ လူငယ်များဟု ကြိမ်ပြောလျှင်ပင် ယုံရခက်သည့် ညစ်နွမ်းသည့် လုပ်ရပ်များက သက်သေခံနေကြပါသည် ။

အထူးသဖြင့် ကျောင်းသားထု ညီညွတ်ရေးကို ပျက်ပြားအောင် နေရာ အနှံ့အပြားတွင် တက္ကသိုလ် ၊ ကောလိပ် ၊ သိပ္ပံ အစရှိသည့်ကျောင်းများ ဖွင့်လှစ်လာကြသည် ။ သာမန်အားဖြင့် ကြည်လျှင် တိုးတက်လာသယောင် ထင်မှတ်မှားလောက်စေပါသည် ။ တကယ့်လက်တွေ့တွင်မူ တက္ကသိုလ် အဆင့်ကျောင်း တစ်ခု ဖွင့်လှစ် တည်ထောင်ထားသော်လည်း ဘယ်ကျောင်းမှ ဆရာဆရာမ မလုံလောက် ၊ သင်ထောက်ကူ ပစ္စည်းက မပြည့်စုံ ၊ သင်ရိုးညွှန်းတမ်းက စနစ်တကျ မရှိ နဲ့ မြန်မာ့ပညာရေးကို တစတစ တိုးတက်ဖျက်စီးနေကြခြင်းသည် ဖြစ်သည် ။ ကျောင်းပြီး၍ ဘွဲ့ရလူငယ်များကို မေးကြည့်သည် ။ သူတို့ကိုယ်တိုင်က ၀န်ခံသည် ၊ သူတို့ဘာမှ မတတ် ၊ ထိုသို့ ဘာမှ မတတ်၍ သူတို့ကိုယ်တိုင်လည်း ယုံကြည်ချက်မရှိ ၊ ရည်မှန်းချက်တို့ ပျောက်ဆုံးကုန်ကြသည် ။ ကိုယ့်ဘ၀ ရည်မှန်းချက်တောင် ပျောက်ဆုံးနေသော လူငယ်များ၏ တိုင်းပြည် အပေါ်ထားသော ရည်မှန်းချက်ကား ဘယ်လိုလုပ် ခိုင်မာမှု ရှိမည်နည်း ။ ဤသည်ကို မိဘနှင့် ဆရာတို့က မသိမဟုတ် သိသိကြီးနဲ့ လက်ခံထားကြခြင်းက သားသမီးများကို ကိုယ်တိုင် ဖျက်စီး လိုက်သလို ဖြစ်နေသည် ။ အချိန်တန်၍ လုပ်ငန်းခွင် ၀င်ကြရမည့် အချိန် ထိုက်တန်သော အလုပ်မရလျှင် လူသဘာဝ ညည်းညူကြသည် ၊ ယနေ့ခတ် လူငယ်များသည် ညံ့ဖျင်းကြသည်ဟု ဝေဖန်ကြသည် ။ ထိုသို့ ဝေဖန်ခြင်းသည် တရားမျှတမှု မရှိ ။ ပင်ကိုယ်က ညံ့ဖျင်းခြင်း မဟုတ် ၊ ညစ်ထေးယုတ်မာသော စိတ်များဖြင့် လူငယ်များကို စနစ်တကျ ဖျက်စီးနေသော စနစ်ဆိုးကြောင့်သာ ဖြစ်သည် ။ ထိုစနစ်ဆိုးကို ဆက်လက် လက်ခံနေကြလျှင် နောင်လာမည့် မျိုးဆက်သည် ယခုထက် ပိုမိုညံ့ဖျင်းမည်မှာ အသေအချာပင်ဖြစ်သည် ။

တမျိုးသားလုံး အကျင့်စာရိတ္တနှင့် ပညာရေ မြင့်မားရေး ဆိုသည့်ဆောင်ပုဒ်ကို လက်ကိုင်ထားသည့် စစ်အာဏာရှင်များ သည် တကယ့်လက်တွေ့တွင် အဖော်အချွတ် အသားပေး အနုပညာရှင်များနှင့် လူငယ်များ၏ အသိညဏ်ကို အဆိပ်ခတ်သော ညစ်နွမ်းသော စာပေများကို အားပေးနေသလောက် စစ်မှန်သော ပြည်သူလူထု အကျိုးပြု အနုပညာရှင်များကို အမျိုးမျိုး အဖုံဖုံ ဒုက္ခပေးလျှက် ရှိနေသည့်ကို လက်တလောတွင် ဖြစ်ပွားခဲ့သည့် အနုပညာရှင် ၁၂ ဦး ၏ အနုပညာလုပ်ပိုင်ခွင့်ကို ပိတ်ပင်လိုက်ခြင်းက သက်သေပြလျှက် ရှိသည် ။ ပြည်သူလူထု ကို အကျိုးပြုတဲ့ အနုပညာရှင်တွေကို အာဏာရှင်တွေက အနုပညာလုပ်ခွင့် ပိတ်ပင်လိုက်သလို ပြည်သူလူထုကလည်း အာဏာရှင် စနစ် တည်မြဲရေး အတွက် ကူညီပံ့ပိုးပေးနေတဲ့ အနုပညာရှင် အမည်ခံ လူတစ်စု ကို ပြန်လည် ဒဏ်ခတ်တဲ့ အနေနဲ့ အဲဒီလူတွေ ပါဝင် သရုပ်ဆောင်တဲ့ ဇတ်ကားတွေ ၊ သီချင်းတွေ ၊ စာတွေကို အားမပေးဘဲ နေလို့ရပါတယ် ။ အဲဒီလိုသာ ပြည်သူလူထုက ညီညာစွာ တုန့်ပြန်နိုင်ရင် ပြည်သူလူထု အကျိုးပြု အနုပညာရှင် တွေ ဘက်က ရပ်တည်နေတယ် ဆိုတာကို သက်သေပြနိုင်သလို ၊ အာဏာရှင် လက်ကိုင်ဒုတ် လုပ်စားတဲ့လူတွေကို ပြည်သူလူထုက လက်မခံပါဘူး ဆိုတာ သက်သေပြနိုင်တဲ့ တခုတည်းသော အလွယ်ကူဆုံး လုပ်ဆောင် နိုင်တဲ့ လုပ်ဆောင်ချက် ဖြစ်တယ်လို့ ကျနော် ထင်မြင် ယူဆမိပါတယ်။


၁၉၂၀-ခုနှစ်ကာလတွင် အမျိုးသားပညာရေးလှုပ်ရှားမှု၏ ခေါင်းဆောင် ဆရာကြီးသခင်ကိုတော်မှိုင်းက ဂန္ထလောကမဂ္ဂဇင်းတွင် “ခေတ်ဆိုးလျှင် ခေတ်ကို အပြစ်မဆိုသာ။ ထိုခေတ်တွင်ရှိသော သူတို့ကိုသာ အပြစ်ဆိုစရာ ဖြစ်သောကြောင့် ငါတို့ခေတ်အတွက် ငါတို့တာဝန်ကြီးပေတကားဟု များများကြီး နှလုံးသွင်းအပ်ပေသည်” ဟုရေးသား တိုက်တွန်းခဲ့၏။ ယနေ့ချိန်ခါတွင်လည်း မြန်မာနိုင်ငံ၏ ပညာရေး အဆင့်အတန်း နိမ့်ကျနေသည်ကို လက်ခံထားသည့် ကျနော်တို့ကိုသာ အပြစ်ဆိုစရာ ရှိသည် ။ အာဏာရှင်တို့က စနစ်တကျ ဖျက်စီးသည် ။ သူတို့ အပေါင်းအပါများက အားတက်သရော ကူညီထောက်ပံ့ပေးကြသည် ။ ကျနော်တို့ နိုင်ငံသူ နိုင်ငံသားများကမူ တွန်းလှန်ရန် စိတ်ကူးမရှိကြ ၊ အာဏာရှင်စနစ်ဆိုးအောက်မှ လွတ်မြောက်အောင် ဦးဆောင် ကျိုးစားပေးနေသူများကို မကူညီချင်ကြ ၊ ကြားနေ၀ါဒဟု ကြွေးကြော်ကာ မျောလိုက် နေကြခြင်းကြောင့်သာ ဖြစ်ပေသည် ။ ထို့ကြောင့် အာဏာရှင် စနစ်ဆိုးကြီးကြောင့် ခံစားနေရတဲ့ ဒုက္ခတွေကို ညည်းညူနေကြမယ့် အစား ကိုယ်လုပ်နိုင်သလောက် လုပ်ပြီး တုန့်ပြန်တာ ပိုမို ထိရောက်မှာ အမှန်ပါဘဲ ဆိုတာ ယုံကြည်စေချင်ပါတယ် ။

တိုင်းပြည် တပြည် အာဏာရှင် စနစ်အောက်မှ ရုန်းထွက်၍ ဒီမိုကရေစီ နိုင်ငံ တည်ဆောက်မည် ဆိုလျှင် နိုင်ငံရေး အဖွဲ့အစည်းများ အင်အား ကောင်းမွန်ဖို့ လိုအပ်သလို နိုင်ငံရေး မဟုတ်သည့် ပြည်သူလူထု ကိုယ်စားပြု အခြားသော အဖွဲ့အစည်းများ လည်း အထူးလိုအပ်ပါသည် ။ ကျောင်းသားထုကို ကိုယ်စားပြုသည့် ကျောင်းသားသမဂ္ဂ ၊ အလုပ်သမားများကို ကိုယ်စားပြုသည့် အလုပ်သမား သမဂ္ဂ ၊ လူငယ်များကို ကိုယ်စားပြုသည့် လူငယ် သမဂ္ဂများ အစရှိသည့် အဖွဲ့အစည်းများ အင်အားကောင်းမွန်စေဖို့ အထူးလိုအပ်ပါသည်။ ထိုသို့သော အဖွဲ့အစည်းများ အမြဲအင်အားတောင့်တင်းနေမှသာ ဒီမိုကေ၇စီ စနစ်ကို ကြာရှည်စွာ ထိန်းသိမ်းစောင့်ရှောက်နိုင်မည် ဖြစ်သည် ။ ထိုသို့သော အဖွဲ့အစည်းများ အင်အားကောင်းမွန်လာသည် နှင့် တပြိုင်နက်ထဲ သူတို့ ထိုင်ခုံ စတင်ယိုင်နဲ့လာနိုင်သည်ကို သိသော စစ်အာဏာရှင်များသည် ပြည်သူလူထု ကိုယ်စားပြု နိုင်ငံရေးပါတီ ၊ ကျောင်းသားသမဂ္ဂ ၊ အလုပ်သမား သမဂ္ဂနှင့် နှင့် လူငယ်သမဂ္ဂ အစရှိသည့် အဖွဲ့အစည်းများ တရားဝင် ဖွဲ့စည်းခွင့်ကို ပိတ်ပင်ထားလိုက်ကြသည် ။ တရားဝင် ရှိပြီးသာ နိုင်ငံရေး ပါတီများကို မတရား အသင်းကြေငြာ တတ်ကြသည် ကို ယနေ့တွင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီ NLD ကို တရားမ၀င် နိုင်ငံရေး ပါတီ အဖြစ် တရားမ၀င်ကြောင်း ကြေငြာလိုက်သလို သမဂ္ဂများ ဖွဲ့စည်းခြင်းကို ပိတ်ပင်ထားလိုက်သည်က မျက်မြင် ထင်ရှားတွေ့မြင်ရပါသည် ။

သူတို့ လုပ်သမျှ ခေါင်းငုံ့ခံနေကြလျှင် နောင်လာမည့် အနာဂတ်တွင် ပြည်သူလူထု စီးပွားရေး ယခုထက် ပိုမိုကြပ်တည်းလာမည် ၊ ပညာမသင်နိုင်သော လူအရေ အတွက် နှင့် ဘွဲ့ရပညာမတတ်များ ပိုမို များပြားလာမည် ၊ တိုင်းပြည် ဆင်းရဲသည့် အတွက် အလုပ်အကိုင် ရှားပါးမှုတို့ကြောင့် ရာဇ၀တ်မှု များ ပိုမို ဖြစ်ပွားလာမည် ။ မိဘတို့ စီးပွားရေး ကြပ်တည်းမှုသည် သားသမီးတို့၏ အကျင့်စာရိတ္တကို ဖျက်စီးထားသလို ဖြစ်သည့် အတွက် တိုင်းပြည်၏ အနာဂတ် သမီးပျိုများသည် ခန္တာကိုယ် ကို အရင်းပြုကာ စီးပွားရှာသည့် အလုပ်များ ပိုမို များပြားလာပေမည် ၊ ထို့သို့ အဘက်ဘက်က ချို့ယွင်းချက်တို့ ရှိနေသည့် အခါကာလတွင် အမျိုးသားရေး စိတ်ဓါတ်တို့ ပျောက်ဆုံးကာ လူမျိုးပါ ပျောက်ကွယ်သွားစေနိုင်သည် ။

ဆင်ခြင်ကြည့်ပါ ပြည်သူလူထု အပေါင်းတို့ ၊ ကိုယ်ရှာမှ ကိုယ်စားရတယ် ဆိုတဲ့ စကားက မှန်တယ်လို့ ယူဆနေကြတာ မှားတယ်လို့ ယူဆလို့ မရပေမယ့် အတိအကျ မှန်ပါတယ်လို့လည်း ပြောလို့လည်း မရပါဘူး ။ နှစ်ပေါင်းများစွာ ပညာသင်ယူထားကာ နိုင်ငံတော်က အသိပညာရှင် အတတ်ပညာရှင် တစ်ယောက် အနေနဲ့ အသိအမှတ်ပြုခံထားရတဲ့ လူတစ်ယောက်က လမ်းဘေး ဈေးသည် ၊ ဆိုက်ကားသမားလောက်တောင် ၀င်ငွေ မရရှိတာဟာ ကိုယ်လုပ် သလောက်ကိုယ့် အခွင့်အရေး ခံစားရလို့လား ၊ ကိုယ်လုပ်နေတဲ့ အလုပ်နဲ့ ထိုက်တန်တဲ့ အခွင့်အရေး ရနေကြလို့လား ၊ ကိုယ်သင်ထားတဲ့ ပညာနဲ့ လိုက်လျော ညီထွေတဲ့ အသက်မွေးဝမ်းကြောင်းမှု ပြုနိုင် ကြလို့လား ။ သမ္မာ အာဇီဝ ကျကျ အလုပ်လုပ်နိုင်ကြတဲ့ အစိုးရ ၀န်ထမ်း ရှိသေးလို့လား ။ အချို့က လိမ်တယ် ၊ အချို့က ခိုးတယ် ၊ အချို့က တောင်းစားတယ် ၊ အချို့က ဒါးမြ တိုက်တယ် ၊ ဘယ်မှာလည်း ဖြူစင်တဲ့ အသက်မွေးဝမ်းကြောင်းမှု ။ သူခိုးတွေ စုနေတဲ့ နေရာမှ ခိုးတဲ့ အလုပ်က မထူးဆန်းပေမယ့် ဖြူစင်စွာ အသက်မွေးဝမ်းကြောင်းမှု ပြုနေတဲ့ လူတွေဘက်က ကြည့်လိုက်ရင် အင်မတန် ရွှံမုန်းစရာ ကောင်းတဲ့ အကုသိုလ် အလုပ်ကို ပျော်ပျော်ကြီး လုပ်ကိုင် နေသလို ခံစားရတယ် ။
ထမင်း နပ်မှန်ဖို့ အတွက် အကုသိုလ် အလုပ်တွေ နေ့စဉ်လုပ်ကိုင် ရှာဖွေ စားသောက်နေရတဲ့ ဘ၀တွေမှာ ပျော်ဝင်ပြီး ကိုယ်ရှာမှ ကိုယ်စားရတာ ဆိုတဲ့ လူတွေရဲ့ စကားက မှန်နေသေးရဲ့လား အဖြောင့် အတိုင်းဘဲ စဉ်းစားကြည့်ပါ ။

အေးချမ်းသာယာကာ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံမှာ လူ့အခွင့်အရေး ဆိုတာ အပြည့်အ၀ ရှိသလို ။ ကိုယ်ရှာ နိုင်သလောက် ကိုယ် ခံစားခွင့် ရှိပါတယ် ၊ နိုင်ငံသားတိုင်း အိမ်ယာ ပိုင်ဆိုင်နိုင်ရမယ် ၊ ဒါပေမယ့် ကိုယ့်ဝင်ငွေ ပေါ်မှာ မူတည်ပြီး အိမ်အဆင့် အတန်းတော့ ကွာသွားမှာပါ ။ နိုင်ငံသားတိုင်း ဖုန်းကိုင် နိုင်ကြတယ် ၊ ကိုယ်ရှာ နိုင်သလောက် ပေါ်မူတည် ပြီး ဖုန်း အမျိုးအစားတော့ ကွာမှာပေါ့ ။ ကိုယ်ရှာ နိုင်သလောက် ရှာပိုင်ခွင့် ရှိသလို ၊ ကိုယ်ကြိုးစားရင် ကြိုးစားတဲ့ အခွင့်အရေးကိုလည်း ရရှိနေကြပါတယ် ။ နိုင်ငံတကာက စစ်သားတွေဟာ မြန်မာနိုင်ငံက စစ်သားတွေလို ပြည်သူကို သတ်မှ ထမင်းဝ တာ မဟုတ်ပါဘူး ။ စစ်အာဏာရှင် စနစ်ရဲ့ အုပ်ချုပ်မှု ယန္တာရား ကို ကျားကန်ပေးထားတဲ့ အခြေခံ တပ်မတော်သားတွေ ၊ ပြည့်သူဝန်ထမ်းတွေ လည်း ပြည်သူလူထုနဲ့ အတူတူ ဆင်းရဲဒုက္ခရောက်နေကြပါလျှက် နှင့် ဒီစနစ်ကြီးကို ထောက်ခံပေးပြီး ကိုယ့်ဘ၀ ကို နစ်မွန်းသထက် နစ်မွန်းအောင် လုပ်နေကြမယ့် အစား ရုန်းထွက်စေချင်ပါတယ် ။

" နိုင်လိုသူ ကို အရှုံးပေး နှလုံးအေးတဲ့ ဆေး " ဟူသည့် မြန်မာ စကားပုံ တခု ရှိပါသည် ။ ထိုစကားသည် ခန္တီပါရမီကို အဆုံးစွန်ထိကျင့်ကြံပွားများကာ တဖက်သား ကို အရှုံးပေးလိုက်ရ၍ ကျေနပ် ၀မ်းမြောက်သူ များ အတွက် တကယ်ကောင်းပါသည် ။ သို့သော် ကိုယ်တိုင်က အရှုံးပေးလို စိတ်မရှိပါဘဲနှင့်မတတ်သာ၍ အရှုံးပေးလိုက် ရသူများ အတွက် နှလုံးမအေးတဲ့ အပြင် ပိုမို ဆိုးဝါးလာသည်ကို တွေ့ရှိနိုင်သည် ။ ကိုယ်ကို အမြဲတမ်း အနိုင်ယူလိုသူကို မကျေနပ်ဘဲ အရှုံးပေး နေရသည့် အခါ အစ ပထမတွင် သိပ်မသိသာသော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်းနှင့် နာကြည်းမုန်းတီးလာသည် ၊ ရွှံရှာလာသည် ၊ တုန့်ပြန် ချင်စိတ်တွေ ပေါက်လာ သည် ။ ထို့သို့ လုပ်ချင်စိတ်တွေ ပေါက်ဖွားနေသော်လည်း စိတ်ထဲတွင် အကြောက်တရားက လွှမ်းမိုးနေသည့် အခါ ကိုယ့်ကိုကိုယ် ပြန်ပြီး ဒေါသထွက်လာ သည် ၊ ကိုယ့်နှင့် စိတ် တထပ်တည်း မကျတော့ ၊ ထိုအခါ စိတ်မကြည် ၊ စိတ်မကြည်လင်သည့် အတွက် ညဏ် မရွှင်တော့ ၊ ညဏ်မရွှင်သော အခါ အတွေးအခေါ်တို့ ညစ်ညမ်းလာသည် ၊ လူ့သဘာဝ အရ စိတ်ညစ်လျှင် တရားထိုင်သူထက် ၊ မဟုတ်တာ လုပ်ကာ စိတ်ထွက်ပေါက် ရှာသူ က များသည် ။ အတွေးအခေါ်တို့ ညစ်ညမ်းလာသည့် အခါ ကမ္ဘာစောင့် တရားဟု လူသိများသည့် အရှက် အကြောက် တရားတို့ကို အမြင်လွဲမှားလာကြသည် ။ မကောင်းတာ လုပ်ရမည်ကို မရှက်ကြဘဲ ကောင်းတာလုပ်တာကို ရှက်လာတတ်ကြသည် ။ အကုသိုလ် အလုပ် လုပ်ရမည်ကို မကြောက်ကြဘဲ ကုသိုလ် အလုပ် လုပ်ရမည်ကို ကြောက်လာကြသည် ။

အတွေးအခေါ် ညစ်ညမ်းလာသည့်အခါ ကိုယ့်ကို ကိုယ်တောင် မယုံကြည်ကြတဲ့ လူတွေဟာ အခါ သူတပါးကို ယုံကြည်ဖို့ ဆိုတာ ပိုမိုခက်ခဲလာတယ် လူတိုင်းကို သံသယနဲ့လိုက်ပြီး ကြည့်လာတတ်ကြတယ် ၊ ကိုယ့်စိတ်နဲ့နှိုင်းပြီး လူတကာကို တိုင်းတာလာကြတယ် ။ အဲဒီလို အဘက်ဘက်က အားနည်းချက်တွေ ကြောင့် မြန်မာ ဒီမိုကရေစီ အရေး လုပ်ရှားနေသူတွေကို လုပ်စားနေပါတယ်ဆိုပြီး ၀ါးလုံးရှည်နဲ့ ပတ်သိမ်းပြီး ရမ်းသမ်းပြောလာကြတယ် ။ ဒီလို အကျိုးဆက်တွေကြောင့် လုပ်ရှားနေသူတွေကို ကူညီပံ့ပိုးချင်ကြတဲ့ လူတွေရဲ့ အတွေးအခေါ်တွေပါ
ေ၀၀ါးကုန်တယ် ။ ငါတို့ကူညီလည်း အလကားပါဘဲ ၊ တကယ်လုပ်ရှားတဲ့ လူတွေ လက်ထဲမရောက်ဘဲ လုပ်စားတဲ့လူတွေလက်ထဲ ရောက်သွားနိုင်တဲ့ ဆိုတဲ့ အတွေးအခေါ်တွေကို လက်ကိုင်ထားလာကြတယ် ။ နောက်ဆုံးရလဒ်က ပြည်သူလူထု ကောင်းစားရေး ဦးတည်ချက်ကို ဘ၀တွေ ပေးဆပ်ပြီး လုပ်ကိုင်နေကြတဲ့ လူတွေက လုပ်ရှားဖို့ ခွန်အားတွေ နည်းပါးကုန်တယ် ။ တိုင်းပြည် အတွက် တကယ်လုပ်ပေးနေတဲ့လူတွေမှာ သူတို့ကိုယ်ကျိုးစီးပွားရှာဖို့ အချိန်မရှိကြပါဘူး ။ပြည်သူလူထု အတွက် အလုပ် လုပ်ပေးနေတဲ့ လူတွေကို ပြည်သူလူထုက ပြန်လည်ကူညီပေးမှသာ မြန်မာ့နိုင်ငံ ဒီမိုကရေစီ ဆိုတဲ့ ပန်းတိုင်ကို ဆွဲကိုင် နိုင်မှာပါ ။

တိုင်းပြည်တပြည်ကို ဖျက်စီးဖို့က အလွယ်လေးပါ ၊ ပြန်လည် ထူထောင်ဖို့ အတွက် အင်မတန် ခက်ခဲပါတယ် ။ လွတ်လပ်ရေး ဆိုတဲ့ ပန်းတိုင်ကို ဆွဲကိုင်ဖို့ ကျနော်တို့ တိုင်းပြည်ရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည် သူရဲကောင်းတို့ အသွေးအသာတွေကို တော်လှန်ရေး ယဇ်ပလ္လင်မှာ ရဲရဲကြီး ပူဇော်ခဲ့ကြလို့ လွတ်လပ်တဲ့ နိုင်ငံ အဖြစ်ရပ်တည်နေနိုင်တာပါ ။
ယနေ့အခါမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ တရုတ်လက်အောက်ကို ကျရောက်နေပါပြီ ။ ဒါတင်ဘဲလားဆိုတော့ မဟုတ်သေးပါဘူး အချုပ်အချာ အာဏာကိုပါ စတင်ထိပါးလာပါပြီ ဆိုတာ ယနေ့မျက်မှောက် မြန်မာနိုင်ငံရေးမှာ တရုတ်က ၀င်ရောက် စွက်ဖက်နေတာကို တွေ့မြင်နေရပါပြီ ။

နိုင်လိုလျှင် အရှုံးပေး နှလုံးအေးတဲ့ ဆေး" ကြီးကို ကိုယ်ရင်ထဲက သီးခံခြင်း တရား မပြည့်စုံဘဲ သောက်သုံးနေကြတဲ့ အခါ ကြုံတွေရတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ၊ ဆိုးကျိုးတွေကို ဆက်လက် မခံစားချင်ကြဘူးဆိုရင်တော့ အနိုင်ယူနေသူတွေကို အရှုံးမပေးကြပါနဲ့ ။ မိမိတို့ တတ်နိုင်တဲ့ဘက်က တုန့်ပြန် တွန်းလှန်ကြပါ ၊ ကိုယ်တိုင် ပါဝင် မဆောင်ရွက်နိုင်တဲ့ ပြည်ပရောက် မြန်မာတွေက ငွေအားနဲ့ ကူညီပေးကြပါ ၊ တကယ်လုပ်ရှား နေသူများကို ၀န်း ရံပေးကြပါလို့ လေးစားစွာ မေတ္တာရပ်ခံ လိုက်ပါသည် ။ မိမိတို့ကျရာ အခန်းဂဏ္ဍကနေ ကိုယ်တတ်နိုင်တဲ့ တာဝန်ကို ထမ်းဆောင်ပေးကြကာ မကြာမှီအချိန်အတွင်းမှာ လွတ်လပ်၍ တရားမျှတကာ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဆီသို့ ညီညာစွာ စတင် ချီတက်ကြပါစို့..................။


ခင်မင်လေးစားလျှက်

ဗမာ့သွေး

http://www.facebook.com/note.php?created&¬e_id=176245805726408#!/note.php?note_id=176245805726408

ဒီဆောင်းပါးလေးနဲ့ ပက်သက်ပြီး ရင်ဖွင့်ချင်တယ် ဆိုရင် ဒီနေရာလေးမှာ လာရောက် ပြောကြားနိုင်ပါတယ် ။

Friday, November 19, 2010

ဒီမိုကရေစီ သတို့သမီး




မြို့နယ်တခုရဲ့ စာပေဟောပြောပွဲ
လာကြတဲ့ လူတွေ အဖွဲဖွဲနဲ့ ငါငေးကြည့်နေတုန်း
နှလုံးသားကို တံခါးလာခေါက်တဲ့
မိန်းကလေးတစ်ယောက် ........ငါတွေ့လိုက်ရတယ် ။
ချစ်ခြင်းမေတ္တာက အပြစ်ကင်းစွာနဲ့
နှလုံးသားကို လှုပ်နိုးလိုက်တာပါလား ။
ရင်ခွင်မှာလှိုင်းထလို့ သွားတဲ့ သူ့အပြုံးကြောင့်
ငါရင်ခွင် တခုလုံး ကြည်နူးမှု ကမ္ဘာတွေ ဖုံးလွှမ်း
အချစ်ပန်းတွေ ပွင့်လန်းလို့
မေတ္တာလမ်းကြီးကို လျှေက်လှမ်းဖို့တာဆူ
အရှိန်တလှပ်လှပ်တဲ့ ခုန်နေတဲ့ ရင်ခုန်သံ
နားထဲမှာ ပြန်ကြားနေသလိုပါဘဲလား ချစ်သူရယ် ။

တိုင်းပြည်ကို တကယ်ချစ်ရဲ့လား
နှုတ်ခွန်းဆက် စကားမှာ သူအံ့အား သင့်သွားတဲ့
မျက်ဝန်းတစုံ ၊ ရှက်သွေးဖျာကာ ပန်းနုရောင် သန်းနေတဲ့ သူ့မျက်နှာလေးထဲမှာ
ချစ်စရာ အကောင်းဆုံး နှုတ်ခမ်းဖျားက
ရှင်................ဆိုတဲ့ စကားလုံး ။
နားထဲမှာ ပြန်ကြားယောင်နေတုန်းပါ ချစ်သူရယ် ။

ယုံကြည်စွာနဲ့ ရူးသွပ်မှုကြောင့်
ဒီမိုကရေစီ ဆိုတဲ့ စကားလုံးကို
အမြဲသုံးလေ့ရှိတဲ့ ငါ၊
လူတွေ့ရင် ခံယူချက်တွေ ရင်ဖွင့်ဟပြတဲ့ ငါ
မေတ္တာသံစဉ်တွေကို စာသား မထည့်တတ်တဲ့ ငါ
သူက အမြဲပြောတဲ့ စကားလုံးလေးက
သူများတကာလို ချစ်တေးမသီတတ်တဲ့
ရှင့် ရဲ့ညံ့ဖျင်းမှု က ဒီကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူ
ဖြစ်သွားတာလို့ ချစ်သူက ရွှင်မြူးပြီး ပြောတဲ့ သူ့အသံ
ငါ့ရင်ထဲမှာ ခုချိန်တိုင်အောင် ဂယက်ရိုက်နေတုန်းပါဘဲ .....

ငါတို့ချစ်သူ နှစ်ဦး ပျော်ရွှင်မြူးထူးခဲ့တဲ့နေရာက
ပန်းခြံမဟုတ်ဘူး ၊ ရုပ်ရှင်ရုံမဟုတ်ခဲ့ပါဘူး
သာတူညီမျှ လူ့အခွင့်အရေးလို့ ..... ဟစ်ကြွေးကြော်နိုင်အောင်
စာကြည့်တိုက်ကို တူတူချီတက် အချိန်အားရင်
မူဝါဒစကားတွေနဲ့ ဆွေးနွေးလို့ငြင်းခုံ
မတူတာကို ညှိနိုင်မှ ဒီမိုကရေစီ ရမှာဆိုတာ
နားလည်ထားတဲ့ ရင်တွင်းက ခံယူချက်တွေက
အပြန်အလှန်ဆွေးနွေးချက်တွေထုတ်
ကျနော်က အာဏာရှင် တခါခါလုပ်ရင်
သူက မျက်ရည်ဝဲပြီး တောင်းပန်ရှာတယ်
အာဏာရှင် ဘက်တော်သား
ဘယ်တော့မှ မလုပ်ပါနဲ့တဲ့
မောင်က အရမ်း စကားတတ်တယ်တဲ့.........။

လူတန်းစား မညီမျှက ငါ့တို့ကို ရက်ရက်စက်စက် ပညာပြတယ်
ဖောင်စီးရင် ရေငတ်နေတဲ့ ငါတို့ဘ၀တွေက
ဒုက္ခတွေကြားမှာ ရှင်သန်တာ အသားကျသလို ဖြစ်နေပါပြီ ။
ကျောင်းလခ မတတ်နိုင်လို့ ကျောင်းထွက်ရမလို ဖြစ်ခဲ့ရတယ် ။
အဆောင်မဌား နိုင်လို့ သူများအခန်းမှာ ၀င်အိပ်ခဲ့ရတယ် ။
ထမင်းစားရိတ် မလောက်လို့ ဥပုသ်စောင့်ခဲ့ရတဲ့ ရက်တွေ
ပွဲလမ်းသဘင်ရှိတိုင်း ခဏခဏ ဖျားပြရတယ်
ဒို့တွေ ဒီလိုဘ၀ က လွတ်မြောက်အောင် ဒီမိုကရေစီ ရအောင်ကြိုးစားရမယ်ဆိုတော့
ချစ်သူက ငါ့ကို ပြုံးပြီး အားပေးနေတယ် ........။


ကျောင်းပြီးလို့ အလုပ်ခွင်ကိုရောက်
ဂွင်ဆိုတဲ့ စကားလုံးတွေ လှိုင်လှိုင်သုံး
မိုးခါးရေးကို သောက်သုံးနေကြတဲ့
သူတို့ကမ္ဘာမှာ အမှန်တရားကိုချစ်တဲ့ ငါ့အတွက် နေစရာ မရှိခဲ့ဘူး ။
ပြည်သူတွေရဲ့ အသွေးအသားတွေ
မြိန်မြိန်ရှက်ရှက်ကြီး ပွဲတော်တည်
နိုင်ငံပြန်လည် ထူထောင်ရေး အတွက်
ဘဏ္ဍာငွေကို ရေလိုသုံးပြီး
ပြုံးပျော်မဆုံး ဖြစ်နေကြတဲ့ သူတို့လုပ်ရပ်ကိုကြည့်ပြီး
ထမင်းတလုပ်တောင် မြိုမချရက်ဘူး
သူတို့ဇိမ်ခံနေချိန်မှာ ပြည်သူတွေက
သောက်စရာရေတောင် မ၀ခဲ့ဘူး
ကန္တာရမှာ အိုအေစစ် ဖန်တီးထားဖို့အရေး
ပြည်သူတွေရဲ့ အသက်ချွေးတွေ ဖန်တီးထားရတာ
တန်တယ်လို့ သူတို့ယူဆနေကြထင်တယ် မောင်.....ဆိုတဲ့
ချစ်သူရဲ့ အမေးက တွေးစရာတွေ အများကြီးရခဲ့တယ် ....။

လူဖြစ်ရတဲ့ ခဏတာလေးမှာ
လူပီသစွာ နေနိုင်ဖို့ အရေးကြီးတယ်ဆိုတဲ့
ငါရဲ့ ဆုံးဖြတ်ချက်ကို လေးစားစွာနဲ့ ကြည့်နေတဲ့ ချစ်သူရဲ့ မျက်ဝန်းမှာ
အားကိုးမျှော်လင့်ခြင်းတွေ ပါနေတယ်ဆိုတာကို သတိထားမိခဲ့တယ် ။
တခါတလေ ကမ္ဘာမကြေ တောင် လွတ်လပ်စွာ ရွှတ်ခွင့်မရတဲ့ ဒို့ဘဝ
သေသော်မှသည် သြော်ကောင်း၏ လို့ ငါက ရည်ရွှတ်တဲ့ အချိန်တိုင်း
ငါ့လက်ကိုဆွဲကာဆုပ်ပြီး သံပြိုင်သီဆိုမှုတွေ လုပ်ခဲ့တာ
အမှတ်ရမိပါသေးတယ် ချစ်သူရယ် ...။

တခါတလေ ချစ်သူက ပြောတယ် သူ့နှလုံးသားရဲ့
တဖက်မှာ ဒီမိုကရေစီ တဲ့ တဖက်မှာ မောင်တဲ့
ဒါပေမယ့်မောင်ကလည်း ဒီမိုကရေစီ ကို
ချစ်တယ်ဆိုတော့ သူ့နှလုံးသားက ဒီမိုကရေစီ ကိုဘဲ
တမ်းတနေတာဖြစ်မယ်လို့ ချစ်သူကပြောတော့
ကြည်နူးလွန်းလို့ သူ့ပါးပြင်လေးကို
အနမ်းဆင်ပေးတဲ့ အချိန်မှာ
မျက်လုံးလေးကို စုံမှိတ်ပြီး ဘယ်သူ့မှ မယှဉ်နိုင်တဲ့
သူ့အပြုံလေးနဲ့ ပြောတဲ့စကားက
ဒီမိုကရေစီ ရမှ တူတူနေကြမယ်တဲ့ .........
ဒါဆို ချစ်သူက ဒီမိုကရေစီ သတို့သမီးပေါ့..............ဆိုတော့
သူက မခို့တခို့နဲ့ ရီနေတဲ့ဟန်ကို
မြင်ယောင်နေဆဲပါ ချစ်သူရယ်..

ဒီကမ္ဘာမှာ အရုပ်ဆိုး အကျည်းတန်ဆုံးနေ့
ငါရင်ခွင်ထဲက နှလုံးသားကို ဆွဲယူသွားတဲ့နေ့
ငါ့ချစ်သူ ငါ့ကို နောက်ဆုံးနမ်းခဲ့တဲ့နေ့
ငါအမုန်းဆုံး နေ့တနေ့ ....
ဘယ်လိုလုပ်ပြီး မေ့လို့ရမှာလည်း ချစ်သူရယ်.........။

ဒို့တိုင်းပြည်မှာ လိုအပ်နေတဲ့
သာတူညီမျှ လူ့အခွင့်အရေး ပေးပါလို့ကြွေးကြော်
ငြိမ်းချမ်းစွာ ချီတက်နေကြတဲ့ လူထုကြားကို
လူမိစ္ဆာများက ကြင်နာတရားကင်းမဲ့စွာနဲ့
ဒေါသမာန်ကြီးစွာ သေမင်းတမန် ကျည်ဆံတွေကို
ပစ်ခွင်းလိုက်တဲ့ အသံ ...........ငါ မှတ်မိသေးတယ်
ကောင်းကင်ယံတခုလုံး ယမ်းငွေ့တွေ ဖုံးလွှမ်းသွားတယ်
တဒက်ဒက်နဲ့ စက်သနတ်သံတွေကြားမှာ....................
တဗုံးဗုံးလဲကာ ကျဆင်းသွားကြတဲ့ လူတွေ...........ငါမြင်ယောင်မိသေးတယ် ။

ယမ်းခိုးတွေ ပျယ်တဲ့ အချိန် ချစ်သူကို အပြေးအလွှားလိုက်ရှာ
သွေးပင်လယ်ထဲမှာ မြောနေတဲ့ မိန်းကလေးတစ်ယောက်
မောင်ဆိုပြီး .........
အော်ဟစ်လို့ ညည်းညူ
ခန္ဓာကိုယ် သွေး အလိမ်းလိမ်း ဖြစ်နေပေမယ့်
လက်တဖက်က ဒေါင်းအလံကို ဆုပ်ကာကိုင်ပြီး
မာန်တင်းကာ ရုန်းထနေရှာတဲ့
သူလက်ကိုကမ်းလို့ တမ်းတနေတဲ့ ချစ်သူကို
ရင်ခွင်ထဲမှာ ဖက်ထားတဲ့ အချိန်
ငါ့ရင်ခွင်ထဲမှာ ကမ္ဘာပြိုပျက်နေသလို ခံစားနေရပြီ
အသက်ကို အငမ်းမရ ရှူနေရတဲ့ ချစ်သူက
လေသံတိုးတိုးလေးနဲ့ သွေးပေတဲ့ သူ့လက်လေးနဲ့
ငါ့ပါးလေးကို ညင်သာစွာ ပွတ်သတ်လို့
ကမ္ဘာမကြေသီချင်း ဆိုပြပါတဲ့..............
သူလက်ကို ကြင်နာစွာဆုပ်ပြီး
နှလုံးသားက ငိုရှိုက်သံများနဲ့ သူ့စိတ်တိုင်းကျနေပြရပေမယ့်
ငါနှလုံးသား တခုလုံး သောကမီးတွေ လောင်ကြွမ်းနေပါပြီ ချစ်သူရယ် ....။

မောင်....... လူသတ်သမားတွေကို
ဒေါသထွက်နေတာလားတဲ့ ..
သူတို့တွေ ဒီလို လုပ်တာ ဒီမိုကရေစီရဲ့ အဓိပ္ပာယ်ကို
နားမလည်ကြလို့ပါ ...
သူတို့တွေကို နောက်ထပ် လူမသတ်မိအောင်
မောင် သူတို့ကို ဒီမိုကရေစီ အကြောင်း
နားလည်အောင် ရှင်းပြပေးပါတဲ့လား ..........ချစ်သူရယ်
သေမင်းနဲ့ စစ်ခင်းနေရတဲ့ အချိန်မှာတောင်
မေတ္တာမပျက်ပြယ်တဲ့ ဂရုဏာရှင်တစ်ယောက်ရဲ့
ဒီမို့ရေစီ အဓိပ္ပာယ် ဖွင့်ဆိုသံကို
ခင်ဗျာတို့ ကြားစေချင်လိုက်တာဗျာ.........။

ဒီဘက်ကိုတိုးဆိုပြီး အားယူပြီး ပြုံးတယ်
ငါ့နားကို ကပ်ပြီး သူပြောလိုက်တဲ့ စကားတခွန်းက
တိုင်းပြည်ကို သူတကယ်ချစ်ပါတယ်တဲ့................လား ချစ်သူရယ် ။
သူသွေးနဲ့ ရေးခဲ့တဲ့ ဒီဂန္တာဝင်မှတ်တမ်းကို
မောင်ကဗျာလေး ရေးပေးပါလားဆိုတဲ့ နောက်ဆုံးတောင်ဆိုချက်
ခေါင်းလေးကို မနိုင်တနိုင်တဲ့ ထူပြီး နောက်ဆုံးအနမ်းလေး ကို ပေးရင်း .....
သေမင်းခေါ်ရာကို လိုက်ပါတော့မယ့်ချစ်သူက
ငါ့ကို ကြည့်သွားတဲ့ သူ့မျက်ဝန်းမှာ
မျှော်လင့်ချင်းတွေ အပြည့်ပါဘဲ...........။

ငါမေးခဲ့တဲ့ မေးခွန်းကို
ဒီမိုကရေစီ တိုက်ပွဲမှာ အသက်ပေးပြီး ဖြေဆိုသွားတဲ့ ..........ချစ်သူရေ
တကယ်ပါ မင်းဟာ ငါ့ရင်ခွင်ရဲ့ ဂန္တ၀င် သူရဲကောင်းပါ ချစ်သူ.......
ငါအမြတ်နိုးဆုံး ဒီမိုကရေစီ တေးသံကို နှလုံးသားမှာ တန်ဖိုးထားပြီး သက်သေပြခဲ့တဲ့ ချစ်သူရေ....
မင်းမျှော်လင့်ခဲ့တဲ့ ယောက်ျားကောင်းတစ်ယောက်ရဲ့ မြင့်မြတ်မှုကို ဆုပ်ကိုင်ပြီး
ဒီမိုကရေစီ ပန်းတိုင်ကို အရောက်ချီတက်ဆဲပါ...............ချစ်သူရယ်
ချစ်သူ ကြိုက်တဲ့ ကမ္ဘာမကြေ သီချင်းကို ရဲရဲရင့်ရင့် သီဆိုမြဲပါ ချစ်သူရယ်....
ဒီမိုကရေစီ ရမှ လက်ထပ်ကြမယ်ဆိုတဲ့ ဒီမိုကရေစီ သတို့သမီးရဲ့
မျှော်လင့်ချက်ကို တမ်းတလို့ မြင်ယောင်
နောက်ဆုံးတိုက်ပွဲကို ရင်ဘတ်တခြမ်းနဲ့
ပါဝင်ဆင်နွှဲနေရင်း .............။

ကဗျာလေးနဲ့ ပက်သက်ပြီး တခုခုပြောစရာ ရှိခဲ့ရင် ဒီနေရာလေးမှာ လာရောက် ပြောကြားနိုင်ပါတယ်ခင်ဗျာ ။

http://www.facebook.com/permalink.php?story_fbid=130560217000770&id=100000643578371&ref=notif¬if_t=feed_comment_reply#!/note.php?note_id=171362592881396¬if_t=like

ခင်မင်လေးစားလျှက

ဗမာ့သွေး

Wednesday, November 17, 2010

ပြည်သူလူထု၏ သဘောထား အမြင်ကို တောင်းခံခြင်း





အမေစုလွတ်လာပြီ ဆိုတဲ့ သတင်းကိုကြားတော့ ပျော်လိုက်တာဗျာ အရမ်းဘဲ ။ အမေ့ကို လူထုကြီးက သွားရောက် ကြိုဆို ကြတဲ့ မြင်ကွင်းက တကယ့်ကို မျက်ရည်ဝဲစရာပါ ။ အမေစု ၀မ်းနဲ့ လွယ်မမွေးခဲ့ပေမယ့် မြန်မာနိုင်ငံ ပြည်ထောင်စုက မွေးဖွားလာတဲ့ နိုင်ငံသားတိုင်းကို သူ့ရင်သွေးများလို မေတ္တာထားတဲ့ အတွက် ပြည်သူလူထုက တုန့်ပြန်မေတ္တာ ထားပြီး ပျော်ရွှင်ကြည်နူးနေကြတာကို မြင်တော့ ဒို့ တိုင်းပြည်တော့ မျှော်လင့်ချက် ရောင်ခြည် ပြန်သမ်းလာပြီ လို့ ၀မ်းသာအားတက် ဖြစ်ခဲ့မိပါတယ် ။ အမေစုက ပြည်သူလူထု အသံကို ကြားချင်ပါတယ်လို့ ထုတ်ပြောလိုက်တဲ့ စကားလေး တစ်ခွန်းကို ကြားတော့ ပိုပြီးတောင် ကြည်ညိုလေးစား လာသလို ခံစားရပါတယ် ။ တိုင်းပြည်တပြည်ရဲ့ ခေါင်းဆောင် ဆိုတာ အဲဒီ တိုင်းပြည်က ပြည်သူလူထု ကိစ္စအ၀၀ကို ဆောင်ရွက်ဖို့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတာပါ ။ နိုင်ငံခေါင်းဆောင် ပီသချင်ရင် ကိုယ်ကျိုးအတ္တထက် ပြည်သူလူထု ဆန္ဒကို အရေးပေး ဆောင်ရွက်ရမယ်ဆိုတဲ့ ဥပဒေဿကို အမေက လက်တွေ့ပြလိုက်တာပါ ။ အမေက ခေါင်းဆောင်ကောင်း ပီသစွာ လမ်းဖွင့်ပေးထားတော့ ကျနော်လည်း အမေ့ကို ကျနော်တို့ လိုလား တောင့်တချက်တွေကို တင်ပြချင်လာတယ် ။ ကျနော်တို့က ပြည်ထောင်စု မိခင်ရဲ့ ဥာဏ်ရည်တွေက လျှံကျလို့ နှုတ်ဖျားက ကျဆင်းလာတဲ့ စကားမှန်သမျှ အနှစ်သာရ အဓိပ္ပါယ်နဲ့ ပြည့်ဝနေတယ်ဆိုတာကို ဘယ်သူမှ မငြင်းနိုင်ကြပါဘူး ။



ဒီမိုကရေစီ အုပ်ချုပ်ရေး ကို အရိုးရှင်းဆုံး အဓိပ္ပာယ် ဖွင့်ဆိုရရင် ပြည်သူလူထု က အုပ်ချုပ်ရေး အာဏာကို အမှန်တကယ် တိုင်းပြည် အကျိုးသယ်ပိုးဆောင်ရွက်မည့် လူများကို အုပ်ချုပ်ရေး အာဏာအပ်နှင်းတဲ့ စနစ်တစ်ခုပါ ။ ပြည်သူလူထု လိုလားတောင့်တချက် မှန်သမျှကိုအုပ်ချုပ်ရေးပိုင်းကို တာဝန် ပေးအပ်ခြင်းခံထားရတဲ့ လူတွေက အကောင်အထည် ဖော်ပေးရတာ ဒီမိုကရေစီ ပါ ။ ပြည်သူလူထု ကို ကိုယ်စားပြုပြီး သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် များက တိုင်းပြည်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြခံ ရေးဆွဲထားတဲ့ တရားမျှတတဲ့ ဥပဒေကို တိုင်းသူပြည်သားတိုင်း စောင့်ထိန်းလိုက်ကြရမယ် ။ အကယ်၍ သတ်မှတ်ထားတဲ့ ဥပဒေကို ဖောက်ဖျက် ကျူးလွန်ခဲ့ရင် မည်သူ့ကို မဆို အပြစ်ပေး အရေးယူလို့ရတဲ့ အုပ်ချုပ်ရေး စနစ်တခုပါ ။ ဥပဒေ ရဲ့ အထက်မှာ ဘယ်သူမှ ရှိမနေတာ ဒီမိုကရေစီ ။ ပြည်သူလူထု အားလုံး တညီတညွတ်တည်း တန်းတူညီမျှ အခွင့်အရေး ကို ပိုင်ဆိုင်ခွင့်ရနိုင်တာ ဒီမိုကရေစီ စနစ်မှာဘဲ ရှိပါတယ် ။ ဒီမိုကရစီ စနစ် ကို ဦးတည်ချီတက်မယ်လို့ ဆုံးဖြတ်ထားရင် ပြည်သူလူထုရဲ့သဘောထား အမြင်ကို တောင်းခံကြပြီး ဆောင်ရွက်ကြတာမှ အမှန်ပါဆိုတာကို အမေစုက သက်သေပြထားချင်လို့ ပြည်သူလူထုကြီးရဲ့ စိတ်ဆန္ဒသဘောထားကို တောင်းခံတာပါ ။


ဒီနေ့ မြန်မာနိုင်ငံရေး လုပ်ရှားသူတွေကို ကကြီးခခွေး နိုင်ငံရေး သမားလေး တစ်ယောက် ဖြစ်တဲ့ ကျနော်က အကြံပြုတင်ပြချင်ပါတယ် ။ မြန်မာနိုင်ငံရေး လုပ်ရှားမှုရဲ့ ပန်းတိုင်က လွတ်လပ်၍ တရားမျှတကာ ခေတ်မှီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော် အဖြစ်ကို ရောက် အောင် တည်ဆောက်စေလိုတဲ့ ဆန္ဒဘဲ မဟုတ်ဘူးလား ။ ရွှေတိဂုံဘုရားကို သွားဖူးဖို့ ရန်ကုန်ကို မရောက်ဘူးတဲ့ လူတွေကို ရောက်ဘူးသူ တစ်ယောက် က သွားရမယ့် လမ်းကို ပြပေးလိုက်တယ် ။ သွားတဲ့လူတွေကလည်း ရွှေတိဂုံဘုရားကို ဖူးဖို့ ဆိုပြီး သွားကြတာပါဘဲ ။ ဘုရားခြေရင်းရောက်မှ ဘယ်မုဒ်က တက်တက် ဘုရားပေါ်ကို ရောက်တယ်ဆိုပြီး အငြင်းပွားကြတယ် ။ အရှေ့ဘက်မုဒ်က ရောက်နေပြီးမှ အနောက်ဘက်မုဒ်ကတက်လည်း ရောက်တယ်လို့ အတ္တကို အခြေခံပြီး စဉ်းစားလာကြတယ် ။ လမ်းညွှန်ချက်အတိုင်း တည့်တည့်မတ်မတ် လျှောက်လှမ်းနေတဲ့လူကို ပါးစပ်က ထောက်ခံပြီး လက်က ဆွဲချနေကြတယ် ။ ။ အဲဒီလို အတွေးအခေါ်တွေေ၀၀ါးပြီး အချို့က ဘယ်မုဒ်က စတက်ရမလည်း ဆိုတာကို ရွေးနေကြတာ အခုချိန်ထိ စဉ်းစားလို့ မရကြသေးဘူး။ အချို့ စိတ်ပျက်လို့ လှည့်ပြန်သွားကြပြီ ။ အချိုက ကြပြန်တော့ အရှေ့ဘက်မုဒ်ရောက်မှ အနောက်ဘက်မုဒ်က စတက်တာ ကောင်းမယ်လို့ ထင်မြင်ယူဆသူတွေ စကားကို လက်ခံပြီး အရှေ့ကို လျှောက်ပါလို့ အနောက်ကိုလည်း မျှော်ခဲ့ပြီးပြီ ။ တောင်ဘက်ကို လှမ်းပြီး မြောက်ဘက်ကို မှန်းဆခဲ့တယ် ။ အချိန်ကုန်လူပန်းပြီး ဘုရားလည်း မဖူးခဲ့ကြရပါဘူး ။ ယနေ့မြန်မာနိုင်ငံအရေး လုပ်ရှားသူတွေ ကလည်း ဒီလိုပါဘဲ ။ အဲဒီ အကျိုးဆက်တွေကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးဟာ များစွာ နှောင့်နှေးခဲ့ရပါတယ် ဒီမိုကရစီ ကို တကယ်လိုချင်ရင် ဒီမိုကရေစီ ရနိုင်မယ့် နည်းလမ်းကို အသုံးပြုပြီး ချည်းကပ်နိုင်မှာ ဒီမိုကရေစီ ရမှာပါ ။ လမ်းမှားတွေကို သတ္တိရှိစွာ နဲ့ စွန့်ခွာခဲ့ကြပြီး လမ်းမှန်နောက်ကို အမြန်ဆုံး လိုက်ကြပါလို့ လေးစားစွာ အကြံပြု တင်ပြချင်ပါတယ်။



တစ်ဦးတစ်ယောက်တည်း ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်လို့ မရပါဘူး ။ တစ်ယောက်တည်းက လုပ်ဆောင်နေတာ ကို လက်ခံကြမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အာဏာရှင် စနစ်ကို လက်ခံလိုက်တာနဲ့ တူတူပါဘဲလို့ အမေစု ပြောကြားလိုက်တယ် ။ အမေ့က အရမ်းပညာရှိတာ။ ကိုယ်ကျင့်တရားနဲ့ သိက္ခာ သမာဓိကလည်း ကောင်းတော့ ပြောသမျှ စကားတိုင်းက ထိရောက်နေတာပါ ။ ကျနော်တို့တိုင်းပြည်အရေးဟာ ကျနော်တို့ အရေးပါဘဲ ။ ဒါကြောင့် ကျနော်တို့ ၀ိုင်းဝန်းပြီးတော့ အဖြေရှာကြည့်နိုင်ရင် ကောင်းမယ်လို့ ယူဆမိပါတယ်။ တကယ်တော့ ပြည်သူလူထုကို စာရေးပြီး ဆက်သွယ်ကာ လိုလားတောင့်တချက်မှန်သမျှကို ရေးသားပြီး ဆက်သွယ်ကြပါတယ်လို့ ပြောကြားလိုက်ပေမယ့် အမေစုရဲ့သားသမီးတစ်ယောက်အနေနဲ့ စဉ်းစားကြည့်ကြမယ်ဆိုရင် လူအများကသာ စာရေးဆက်သွယ်ရင်တန်ဖိုးရှိလှတဲ့ အမေ့ရဲ့ အချိန်တွေကို ကျနော်တို့ ဖြုန်းတီး သလို ဖြစ်ကုန်မှာ အသေအချာပါ ။ ဒါကြောင့် နည်းပညာကို အသုံးချပြီး လူထု ဆန္ဒကို ဖော်ထုတ်ဖို့ ကျနော် အကြံရတယ်ဆိုရင် ဘဲ facebook ကို ပြေးပြီး မြင်ယောင်မိလိုက်ပါတယ် ။အမေ့ကို ကျနော်တို့ ပြည်သူလူထုရဲ့ လိုလားတောင့်တချက်ကို အကြံပြုတင်ပြနိုင်ဖို့ နည်းပညာကို အားကိုးပြီး ဆောင်ရွက်မယ်ဆိုရင် အချိန်တိုအတွင်း ထိရောက် နိုင်တယ်လို့ ကျနော် လက်ခံ ယုံကြည်ထားလို့ ဒီစာလေးကို ရေးသားလိုက်ရခြင်းပါ ။



အမေကို ပြည်သူလူထု တစ်ယောက်အနေနဲ့ ဘာကို ပြောချင်လည်း ဆိုတာထက် ပြည်သူလူထု တရပ်လုံးက ဘာတွေကို လိုအပ်နေတယ် ဆိုတာကို အမေ့ကို အသိပေးနိုင်ရင် ပိုအကျိုးရှိမယ်လို့ထင်ပါတယ် ။သုတေသန ပြုကြတဲ့ သဘောတရား အရ ပြောရရင် ဒီနေရာလေးမှာ ကျောင်းသား အဆင့်ကနေ ပါမောက္ခ အဆင့်လောက်ထိ ပါဝင်ဆွေးနွေး တင်ပြကြမှာ ဖြစ်တဲ့ အတွက် ကျပန်းစနစ်နဲ့ လူထုသဘောထားကို ခံယူထားသလို ဖြစ်သွားလိမ့်မယ်လို့ ယုံကြည်ထားပါတယ် ။ အဲဒီလို ထွက်ပေါ်လာတဲ့ အမြင်တွေကို ပေါင်းစုပြီးမှ အမေ့ကို ပို့ပေးမယ်ဆိုရင် အမေလည်း အချိန်ကုန်သက်သာသလို အမြန်ဆုံးလည်း ထိရောက်နိုင်ပါတယ် ။နောက်တချက်က အချို့ကတော့ အကြံပေးချင်စိတ် ရှိကြပေမယ့် အမေ့လက်ထဲ သူတို့အကြံပေးချင်တဲ့ စာရောက်ဖို့လည်း တော်တော်လေးကိုဝီရိယ စိုက်ထုတ် အချိန်ပေးနိုင်မှ ဖြစ်မယ်လို့ ကျနော် ယုံကြည်ထားပါတယ် ။ ဒါကြောင့်အားလုံးဘဲ ဒီနေရာလေးမှာ မိမိတို့ရဲ့ သဘောထား အမြင်များကိုဝင်ရောက်တင်ပြပေးဖို့ လေးစားစွာ ဖိတ်ခေါ်ပါတယ် ။



သုတေသန ရဲ့သဘောထား အရဆိုရင် စစ်တမ်းတစ်ခု ကောက်ယူမယ်ဆိုရင် အဲဒီစစ်တမ်းမှာ လူဘယ်နှစ်ယောက် ပါဝင် ဆွေးနွေးကြလည်း ၊ လူဘယ်နှစ်ယောက်က အသိအမှတ်ပြုလက်ခံကြလည်း ဆိုတဲ့ အချက်လေးကတော့ နည်းနည်း အရေးကြီးပါတယ် ။ အဲဒီတော့ ၀င်ရောက် ဆွေးနွေးတင်ပြမယ့် လူအရေအတွက် အလွယ်တကူသိရှိနိုင်မယ့် နည်းလမ်းကတော့ Facebook ရဲ့အားသာချက် တစ်ခု ကို ကျနော်တို့ ဆွဲယူ အသုံးချလို့ရပါတယ် ။ အဲဒီ လို လူဘယ်နှစ်ယောက်ပါဝင် ဆွေးနွေးကြတယ်ဆိုတာကို Like ဆိုတာလေးကို ၀င်ရောက်ဖတ်ရှုလို့ သဘောတူညီသူတိုင်းနှိပ်ပေးပါ လို့ အကြံပေးချင်ပါတယ် ။ ဒါဆိုရင် ဒီဆွေးနွေးချက်ကို လူဘယ်နှစ်ယောက် ကို ကိုယ်စားပြုတင်ပြထားတာပါ ဆိုတဲ့ စစ်တမ်းတခုကို အတိအကျ ထုတ်ပြနိုင်မှာ အသေအချာပါဘဲ ။


လူ့သဘာဝ အရ အမြင်တူညီမှု ရှိတဲ့လူတွေ များစွာ ရှိမှာပါ ။ ကိုယ့်ရင်ထဲ အမေစုကို ပြောချင်တဲ့ ဆန္ဒကို တစ်ဦးတစ်ယောက် တင်ပြပြီးသွားပြီဆိုရင် အဲဒီအမြင်ကို ထပ်မံ ရေးကြမယ့် အစား သူရေးတာလေးကို like နှိပ်လိုက်ပါ ။ ဒါဆိုရင် comment တွေ အများကြီး ဖြစ်စေမယ့် နည်းလမ်းကို ရှောင်ကြဉ်နိုင်မှာ ဖြစ်ပါတယ် ။ တကယ်တော့ ဒီလို ကိစ္စလေးက သာမာန်မျက်စိနဲ့ ကြည့်လိုက်၇င် ဘာမှ မဟုတ်ဘူးလို့ ယူဆမယ့် လူတွေလည်းရှိမှာပါ ။တကယ်တော့ ဒါဟာ ဒီမိုကရေစီ စနစ်ကို အခြေခံပြီး အကောင်အထည်ဖော် ဆောင်ရွက်တာပါ ။ သူ့အမြင် ကိုယ့်အမြင်တွေ ကို အပြန်အလှန် ဆွေးနွေးဖလှယ်ပြီးမှ အကောင်းဆုံးသော အမြင်တစ်ခုကို စစ်ထုတ်လိုက်တာဟာ ဒီမိုကရေစီ စနစ်ရဲ့ အခြေခံပါဘဲ ။ အဲဒီတော့ ကိုယ့်အမြင်ကို တင်ပြတဲ့နေရာမှာလည်း ပြီးစလွယ် တင်ပြကြမယ့်အစား လက်ရှိမြန်မာနိုင်ငံရဲ့ ပကတိ အနေအထားကို ကိုယ်မြင်တဲ့ ရှုထောင့်ကနေ အကောင်းဆုံးဖြစ်အောင် တင်ပြပေးစေချင်ပါတယ် ခင်ဗျာ ။ မိတ်ဆွေတို့ရဲ့ အကြံပြု ဆွေးနွေးတင်ပြချက် တွေကို ကျနော် အမေစု လက်ထဲကို ရောက်အေင် ပို့ဆောင်ပေးပါ့မယ် လို့ ဂတိပြုပါတယ် ။ မြန်မာနိုင်ငံ အာဏာရှင် စနစ်ဆိုးလက်အောက်က လွတ်မြောက်ပြီး လွတ်လပ်၍ တရားမျှတကာခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ဆီသို့ အမြန်ဆုံး ချီတက်နိုင်အောင် ကျရာ အခန်းဂဏ္ဍက နေ နိုင်ရာတာဝန် စတင်ထမ်းဆောင်ကြပါစို့...။



ခင်မင်လေးစားလျှက်



ဗမာ့သွေး



( Faceboook မှာ Comment ရေးရမှာကို မကြောက်ကြပါနဲ့ ။ အကယ်၍ မရေးရဲဘူး ဆိုလျှင်တောင် ပါဝင်ဆွေးနွေးတင်ပြတာကို လက်ခံတဲ့ လူအရေအတွက် အတိအကျ သိနိုင်ဖို့ ကူညီတဲ့ အနေနဲ့ Like နှိပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ် ။ မိတ်ဆွေတို့ရဲ့ သဘောထား အမြင်ကို ကျနော်ဆီကို ( burmathwe@gmail.com ) မေးပို့ပေးလို့လည်း ရပါတယ် ။ ကျနော်က ဘဲ မရေးရဲတဲ့ လူတွေ ကိုယ်စား ပြန်လည် တင်ပြပေးပါ့မယ် ဒါပေမယ့် ရေးဖြစ်အေင် ရေးစေချင်ပါတယ် ။ ဖြောင့်မတ်တဲ့ စိတ်ကို မွေးမြူထားလိုက်ရင် ကြောက်လန့်တဲ့ စိတ်ကို ဖယ်ရှားပေးပါလိမ့်မယ် ။ )



( လူထု တရပ်လုံးရဲ့ သဘေားထား အမြင် တောင်းခံတာ ဖြစ်တဲ့ အတွက် အလွှာအသီးသီးက လူများလေ ပိုကောင်းလေ ဖြစ်တဲ့ အတွက် အကယ်၍ မိတ်ဆွေတို့ ကူညီပြီး ဖြန့်ဖြူးပေးကြမယ် ဆိုရင် ကျနော် အရမ်းကျေးဇူးတင်မှာ အမှန်ပါဘဲ ဖြစ်သလို မိတ်ဆွေတို့ရဲ့ တိုင်းပြည်ချစ်စိတ်ကို ၀မ်းမြောက်စွာနဲ့

ဒီနေရာလေးက နေ လေးစားစွာ ဂုဏ်ပြုလိုက်ပါတယ် ။ )

http://www.facebook.com/profile.php?id=100000010222133#!/note.php?note_id=171070489577273&comments¬if_t=note_comment

Sunday, November 14, 2010

ဖယ်ကာလေ ရှားကြပါစို့







မြန်မာ့နိုင်ငံ အခြေအနေ အရပ်ရပ်

ဆင်ခြင်းသုံးသပ်မယ်လို့

သတင်းတွေ ဖတ်ကြည့်ပါတယ်

ကောင်းကွက်ကယ် တခုမှ မရှိပါဘူး

အာဏာရှင်တို့ ပေါင်းစုပြီး

ထောင်းထုချက်က ရင့်နင့်စရာပ

ကြားရသမျှ သတင်းဆိုးတွေ

မကြုံချင်လည်း ကြုံနေရ ၊ မဆုံချင်လည်းဆုံနေရတယ်

အတိတ်က ၀ဋ် ကြွေး ရယ် အကြောင်းဖန်လာတော့

ဒုက္ခတွေ ပွေ့ဖက် သောကတွေ နှိပ်စက်

ဗြောင်းဆန်နေအောင် ခံနေကြရတဲ့

ဒို့နိုင်ငံသားတွေ စိတ်ထဲဝယ် တကယ်မကောင်းပါဘူး .....

ဒီအတိုင်းသာ ဆက်သွားရင်

ထပ်ပြီးတောင် မတွေးဝံ့စရာပေမို့

ရုန်းထကြဖို့ တွေးလို့သာ ပြချင်ပါတယ် ။





ရုန်းထကြပါစေလို့ အကျိုးမျှော်

ညဏ်ဆင်ခြင် တွေးလိုက်ရင်ဖြင့်

ဒို့တိုင်းပြည်အရေး က သိပ်တော့ စိတ်မအေး စရာဘဲ

ပညာရှင်လို့ တံဆိပ်ထားတဲ့လူတွေ

အသိညဏ်တွေ အဆိပ်ခတ် ၊ အကြောက်တရားက မင်းမူ

ဤဇဗ္ဗူမှာ ဘယ်သူမှ မယှဉ်နိုင်စရာ

အတွေးအခေါ်တွေ ယိုင်နဲ့နေတာက

နောက်ကျောကို ဓါးနဲ့ထိုးတာကို

ထိုးသူကို ဆေးရုံပို့ပေး မယ်ထင်နေကြ

တွေးဆလို့ ကြည့်စေချင်

ဒေ၀တ်ဒတ်ကို ဆရာတင်ရင်ဖြင့်

အဇတသတ်ပင် ဖြစ်လာမှာပေါ့ စဉ်းစားကာ ရှုကြပါတော့ ......။





လူ့မိစ္ဆာဆိုတာ ပရိတ်ရွတ်ပြီး

နှင်လို့မရပါဘူး ယှဉ်တွဲလို့ သုံးသပ်စရာ

ရွှေဝါရောင် က သက်သေပြထားပြီးပါပြီ

ဒါတွေဟာ ပုံပြင်ပမာ မှတ်ထားလို့

လက်မခံချင်စရာ ယုံတမ်းစကားတွေနဲ့

နအဖရဲ့ မီဒီယာကို ယုံစားနေကြရင်တော့

မကြာခင်မှာ အမျိုးပျောက်လို့

တရုတ်လက်အောက် ရောက်ကြတော့မယ်

ဒါတွေကို သိနေလျှက်နှင့်

ကြောက်စိတ်ကို သိမ်းပိုက် ၊ လုပ်သမျှကို ငုံ့ခံ

တွန်းလှန်ဖို့ စိတ်မကူး ကံတရားကို အပြစ်တင်

ကိုယ်တိုင်ကလည်း ကြောက်လန့် ဖြဲချောက်တတ်တဲ့

အကျင့်တွေ ပြင်နိုင်ပါမှ တိုးတက်စရာ လမ်းစကို

လျှောက်လမ်းနိုင်မှ မုချ မသွေလို့

မှတ်ယူကာ ကြိုးစားကြပါစို့.....။



အလောင်းဘုရား

ဗန္ဓုလ

ဘုရင့်နောင်

သခင်အောင်ဆန်း အစရှိတဲ့

သူရဲကောင်း မှန်သမျှ

အသွေးအသားတွေနဲ့ ဖွဲ့စည်းထားတဲ့

လူသားတွေချည်းပါဘဲ ...

သူတို့လည်းလေ လောကီသားပေမို့

အကြောက်တရား တော့ ရှိတတ်ကြမှာ ဓမ္မတာပ

ကိုယ်ကျိုးကို ဘေးဖယ် အများအကျိုး အတွက် ရည်ရွယ်ထားတဲ့

ဖြောင့်မတ်တဲ့ စိတ်ထားတွေက

ကြောက်စိတ်ကို ဖယ်ရှားထားတော့

သံမဏိ လူသားတွေ ပမာ ရဲရင့်ကြတာ

မေ့ထားလို့ မရနိုင်ပါဘူး ......




ဒို့ခန္ဓာကို စတေးလို့ တိုင်းပြည် အတွက် ပေးဆပ်မယ်လို့

ကြံရွယ်တာနဲ့ တပြိုင်နက်

တက်လာတဲ့ ပီတိ အရှိန်

နိုးကြားလာတဲ့ သတ္တိ

မြင့်မြတ်လှတဲ့ စိတ်ထားနဲ့

ကြည်းနူးလာတဲ့ စိတ်အစဉ်

ညဏ်ရွှင်နေတဲ့ ဒို့ဦးခေါင်းက

အာဏာရှင်တွေ လက်အောက်မှာ

ဘယ်တော့မှ ညွှတ်ပျောင်းလာမှာ မဟုတ်ပါဘူး ...

မယုံလျှင် ကိုယ်တိုင်မွေးလို့ ဒို့ခန္ဓာကို ရဲရဲကြီးသာ စတေးကြပါစို့.......။



တူညီကာ ရုန်းစုလို့ ပူးပေါင်းကြဖို့

အကြောင်းကား သင့်လာတဲ့ ဒီချိန်ခါ

မဟုတ်မခံတဲ့ စိတ်ဓါတ်ကို မွေးမြူ

မတရားလျှင် တွန်းလှန်ဆိုတဲ့

သူရဲကောင်း စိတ်ဓါတ်ကို သိမ်းပိုက်

အမြန်ဆုံး ချီတက်နိုင်မှ

အနာဂတ်မှာ မြင့်မြတ်တဲ့ ဒို့မြန်မာရယ်လို့

တိုးတက်လို့ကြွေးကြော် နိုင်မှာ အသေအချာပေမို့

လူထုခေါင်းဆောင် ခေါ်ဆိုရာ လိုက်ကြပါတော့...........။



အမျိုးဖျက်မယ့် လူယုတ်မာတွေ

မိစ္ဆာစိတ်တွေ မွေးမြူထားကြတာ ရှည်ကြာနေပြီဗျာ့

ဒီပဲယင်းပမာ လုပ်ကြံဇတ်တွေ နဲ့

ယုတ်မာစွာ အကာက်ကြံတတ်တာ

အသေအချာပေမို့

ပြည်သူလူထု အပေါင်းရယ် ခုချိန် မဆိုင်းသာပ

ပြင်ဆင်ကာထားကြပါလို့

ဒို့ခေါင်းဆောင်ကိုလေ ကာကွယ်ကာ ထားကြပါစို့........




မွန်းတည့်ပြီးရင် နေ၀င်၊

ညအမှောင်ပြီးရင် အလင်းရောက်

သဘာဝ အမှန်တရားကို ထွင်းဖောက်လို့ စဉ်းစားကြည့်ပြန်တော့

အာဏာရှင် စနစ်ဆိုး ဆိုတဲ့ တိမ်ခိုးတွေ ကွယ်ကာထားမှာတော့

ဒို့တွေ အလင်းပျောက်နေတာ မဆန်းပါဘူး ... ။

သူတို့ကိုဖယ်ကာ ရှားရင်ဖြင့် ကြည်လင်တဲ့ ကောင်းကင်ယံပမာ

ဒို့ခေတ်ကို ရောက်မည်မှာ မလွဲဧကန်သာလို့

ဆုံးဖြတ်လို့ ထားကာ

နိုင်ရာတာဝန် ကိုယ်စီထမ်းလို့

အာဏာရှင် စနစ်ကို ဖယ်ကာလေရှားကြပါစို့.........။





ခင်မင်လေးစားလျှက်

ဗမာ့သွေး

ဒို့မိခင် လွတ်မြောက်ဖို့ ၀ိုင်းဝန်းကြိုစားကြပါစို့





ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတော့မည်ဟု သတင်းကြားရတာနဲ့ တပြိုင်နက်ထဲမှာဘဲ လုပ်လက်စ အလုပ်တွေ ခဏနားပြီး

သတင်း မီဒီယာတွေကို အပြေးအလွှား လိုက်ရှာမိပါတယ် ။ ဦးသန်းရွှေ လက်မှတ်ထိုးပြီးပြီ လို့ပြောတော့ ၀မ်းသာလိုက်တာဗျာ ။

လေထဲကို လွင့်နေသလိုပါဘဲ ။ ဒါနဲ့ဘဲ သတင်း အချက်အလက် အချို့ကို ကူးယူပြီး ကျွန်တော် လို လူအများသိအောင် ဆိုပြီး

Facebook ကို အပြေးအလွှားဖွင့် နီးစပ်ရာ သတင်းချင်းတွေ ကို အကြောင်းကြားနဲ့ တစ်ယောက်တည်း ဗျာများနေခဲ့ပါတယ် ။



ကျွန်တော်လည်း အဲဒီလို လုပ်ရှားလိုက်တဲ့ အကျိုးဆက်ကြောင့် လူတွေ တစ်ယောက်ပြီးတစ်ယောက် သတင်းတွေ လာဖတ်ကြ ၊

Comment တွေ ၀င်ရေးပြီး သူတို့၇င်ဘဲထဲက စကားလုံးတွေ ဖွင့်ထုတ်လိုက်ကြနဲ့ ၊ ကျွန်တော်ကလည်း ပြည်တွင်းကပေးလာတဲ့

သတင်းလေးတွေကို တင်လိုက်နဲ့ ပင်ပန်းတယ်လို့ကို မထင်ဘူး ။ တကိုယ်လုံးကို ပေါ့ပါးပြီး လန်းဆန်း နေတာပါ ။ ကျွန်တော် အဲဒီလို လုပ်နေရင်းနဲ့

ကိုဘာသာကိုယ်ဘဲ ပြန်ဆင်ခြင်ကြည့်လိုက်တယ် ။ ဘာဖြစ်လို့ ဒီလောက် ပျော်နေရတာလည်း ။ ဘာဖြစ်လို့ ဒီလောက် အားတက်နေရတာလည်း ။

လူတွေကကော ဘာဖြစ်လို့ ဒီလောက် ပျော်ရွှင်မြူးထူးနေရတာလည်း ..... ။



လူထုခေါင်းဆောင် ဆိုတဲ့အတွေးကြောင့်ပျော်ရွှင်ရတာ အသာထား ။ သာမန် အမျိုးသမီး တစ်ယောက် တစ်ယောက် အနနဲ့ ကိုယ်ချင်းစာ တရားလေး ထားကြည့်ရင်တောင် အင်မတန်ကြည်နူးစရာ ကောင်းပါတယ် ။ နှစ်ပေါင်းများစွာ မိသားစုနဲ့ဝေးကွာနေရတဲ့ အမျိုးသမီးတစ်ယောက် ၊ သူ့မိသားစုကို ဘယ်လောက်တွေ့ချင်နေရှာမလည်း ၊ ချစ်ခင်လို့ ယူထားတဲ့ ခင်ပွန်းရဲ့ဈာပနကို လည်း မတက်ရောက်နိုင် တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ နှလုံးသားက ဘာသားနဲ့ထုထားတာမို့လည်း ၊ သူမလည်း နာကျင်ကြေကွဲနေရမှာပေါ့။ ကိုယ်ရေးကိုယ်တာကိစ္စ တွေကို နှလုံးသားနဲ့ဆုံးဖြတ်ခဲ့ပေမယ့် တိုင်းပြည်အရေး အတွက်က ပိုမို အရေးကြီးပါတယ်ဆိုပြီး ဦးနှောက်နဲ့ ရဲရဲတောက် ဆုံးဖြတ်ခဲ့တဲ့အမျိုးသမီးတစ်ယောက်ရဲ့ စွန့်လွှတ်မှု က ဘယ်လောက် မွန်မြတ်လည်း စဉ်းစားကြည့်ရင်တောင် ကြက်သီးထဖွယ် ကောင်းလောက်အောင် သူမရဲ့ တိုင်းပြည်ချစ်စိတ်ကို တွေ့ရှိရမှာပါ ။ ထိုအမျိုးသမီး လွှတ်မြောက်ပြီး သူတို့မိသားစု ပြန်လည်ကို အမြန်ပြန်လည် စုံစည်းစေချင်လို့မျက်ရည်များတောင် ၀ဲလာပါတယ်ဗျာ ။ သူမကိုယ်တိုင်ဆို ဘယ်လိုခံစားရမလည်း တွေးပြီး ၀မ်းသာလွန်းလို့ လေထဲကို များ လွင့်ပါနေမလား တောင် မသိပါဘူး။ ၀မ်းနဲ့လွယ်မွေးခဲ့တဲ့ မိခင်ရင်း တစ်ယောက် မဟုတ်ပေမယ့် သူမရဲ့စိတ်နေစိတ်ထားနဲ့ လုပ်ဆောင်ချက်တွေကြောင့် အမေရင်းတစ်ယောက်လို သဘောထားပြီး ပျော်ရွှင်မှုတွေ ကူးစက်လာတပါ။


ကျွန်တ်ာတို့ကကော ဘာကြောင့် ဒီလောက်ပျော်ရွှင်နေရတာလည်း ဆင်ခြင်ကြည့်ကြရအောင် ။ သူရဲကောင်းကို အားကိုးယုံကြည်တဲ့ စိတ်ထားကြောင့်လား ဆိုတော့ မဟုတ်ပါဘူး ။ အပြစ်မရှိတဲ့ လူသားတစ်ယောက်ကို မတရားဖမ်းဆီးထားတာ ပြန်လွှတ်လာမယ့် အတွက် ပျော်ရွှ့င်မှုတွေ ခံစားရတာပါ ။ မိခင်တစ်ယောက် ပြန်လာမှာကို ပျော်ရွှင်နေတဲ့သားသမီးတွေရဲ့ ကြည်နူးမှုမျိုးပါ ။ သေချာ တွေးကြည့်လေ တစိမ့်စိမ့် ပေါ်လာလေဘဲ ဗျာ့ ။ မိခင်ရင်း တစ်ယောက် မဟုတ်ပေမယ့် ပြည်သူလူထုရဲ့ မိခင်တစ်ယောက်လို အမေ့ကို ချစ်ခင်လေးစား ယုံကြည်တဲ့ စိတ်ထားလေးတွေ လူတော်တော်များများမှာ ရှိတယ် ။ ချစ်ခင်တဲ့ စကားလုံးကိုယ်က တဦးနဲ့ တစ်ဦး အပြန်အလှန် မေတ္တာထားကြတာလေ ။ လူထုခေါင်းဆောင်က ပြည်သူလူထုကို မေတ္တာထားသလို့ ပြည်သူလူထုကလည်း တုန့်ပြန် မေတ္တာထားကြရာက ချစ်ခင်တဲ့ စိတ်ထားလေးတွေ ပေါက်ဖွားရှင်သန်လာတာပါ လို့ ခံစားမိတယ် ။ လေးစားတဲ့ စကားလုံးက လူတစ်ယောက်ရဲ့ မွန်မြတ်တဲ့ စိတ်ထားနဲ့ လုပ်ဆောင်ချက်တွေပေါ်ကို မူတည်တယ် ။ အမေစုရဲ့ မွန်မြတ်တဲ့ စိတ်ထားနဲ့ ရပ်တည်ချက်တွေက ပြည်သူလူထု ဘက်က အမြဲရပ်တည်ပေးမှုတွေက အမေစုကို လေးစားတဲ့ စိတ်လေးတွေ သူ့အလိုလို ဖြစ်တည်လာတာပါ ။ ယုံကြည်တယ် ဆိုတဲ့ စကားလုံးက ကိုယ်က တကယ်ယုံလိုက်လို့ စိတ်မှာကြည်လင်သွားတာကို ပေါင်းစပ်ထားတာပါ ။ အမေ့ခံယူချက်က မြန်မာနိုင်ငံသားတိုင်းရဲ့ ရင်ကို အေးမြခြင်းတွေ ဆောင်ကြဉ်းပေးလိမ့်မယ် ၊

ပြည်သူလူထု ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၊ တပ်မတော်သားတွေ ကြားက ပြတ်တောက်နေတဲ့ ကွင်းဆက်လးတွေကို ပြန်လည်ချိတ်ဆက်ပေး နိုင်လိမ့်မယ် ၊ တိုင်းပြည်ကို အမှောင်ဖုံးနေတဲ့ တိမ်ရိုင်းတွေကို ဖယ်ရှားပြီး ပြည်သူလူထုဘ၀ ကို အလင်းရောင် ပေးနိုင်မည့်သူလို့ ယုံမှားသံသယ လုံးဝ မရှိ ကိုယ်တိုင်က လက်ခံလို့ ကျွန်တော်တို့တွေ စိတ်ထဲမှာ ကြည်လင်လန်းဆန်း ပေါ့ပါးပြီး မျက်ရည် များတောင် ၀ဲ မိပါသေးတယ် ။

အမေစုဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ မျှော်လင့်ချက် ရောင်ခြည် ၊ အဖိုးမဖြတ်မနိုင်သော ရတနာတပါး ၊ ပြည်သူလူထုရဲ့ ရင်ကို အေးချမ်းမှုတွေ ဆောင်ကြဉ်းပေးနိုင်မယ့်သူ ၊ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကို ဟန့်တားပေးနိုင်မည့် ငြိမ်းချမ်းရေးရဲ့ သံတမန် ၊ ခေတ်မှီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို ရောက်ရှိအောင် လမ်းပြပေးနိုင်မည့်သူပါ ။ အမေ့ကို ဒီလို ချစ်ခင်လေးစား ယုံကြည် အားကိုးလို့ ကျွန်တော်တို့ မျှော်နေကြတဲ့ ခဏတာ အချိန်လေးမှာတောင် ကျွန်တော်တို့ ဒီလောက် ပျော်ရွှုင်နေရရင် ကျွန်တော်တို့တွေ မျှော်လင့်စောင့်စားနေတဲ့ ဒီမိုကရေစီ နိုင်ငံကြီးကို ရောက်ရှိသွားရင် ဘယ်လောက်များ ပျော်ရွှင်စရာ ကောင်းလိုက်မလဲဗျာ ။ ကျွန်တော်တို့တွေရဲ့ တခဏတာ ပျော်ရွှင်မှုတွေကို ထာဝစဉ် တည်တံ့နိုင်အောင် ကြိုးစားရမှာ က ကျွန်တော်တို့ အလုပ်လေ ၊ အမေလမ်းညွှန်ရာကို လိုက်ပါဆောင်ရွက် နိုင်ဖို့ အမေ ပြန်လည် လွတ်မြောက်ဖို့က ကျွန်တော်တို့ တာဝန် ၀တ္တရားပါ ။ လက်ရှိစစ်အာဏာ၇ှင်တွေရဲ့ လှည့်ကွက်နဲ့ ယုတ်မာကောက်ကျစ်မှု တွေက သံသယကို ထားစရာ မလိုတာ ။ သူတို့ရဲ့ စိတ်ထဲမှာ အမေဟာ ပြည်သူလူထု ရဲ့ ချစ်ခင်လေးစားမှု ကို ခံယူနေတာကို မုန်းတီးနေကြတာပါ ။ ဒါကြောင့် အမေလွတ်မြောက်လာရင် သူတို့ အကောက်ကြံကြလိမ့်မယ် ။
အမေ့အနားမှာ လူတွေ ၀န်းရံထားမှ အမေလုံခြုံမှု က စိတ်ချရမှာပါ ။



တပ်မတော်နဲ့ပြည်သူလူထု ကြားမှာ ဂုတ်သွေးစုပ် ချယ်လှယ်နေကြတဲ့ စစ်အာဏာရှင်တွေ ဘာဖြစ်လို့ အမေ့ကို ဒီလောက် ကြေက်ရွှံ့နေကြတာလည်း ဆိုတော့ အမေက ပညာရှိ ၊ အကြောင်း အကျိုးကို ဆင်ခြင်းသုံးသပ်တဲ့ နေရာမှာ ပါရဂူမြောက်သလို သူ့ရင်ထဲက စကားသံလေးတွေက ဖွင့်ဟတဲ့ နေရာမှာ အရမ်းပညာသားပါတယ် ။

အမေစု က အကြောက်တရားနဲ့ ပက်သက်လာတဲ့မေးခွန်းလေးကို ပြန်လည် ဖြေပြထားတဲ့ စကားလုံးလေးတွေက ရိုးရှင်းသလို မုသားမပါတဲ့ သစ္စာစကားတွေနဲ့ လမ်းပြဖြေဆိုထားတာလေး ခံစားကြည့်ပါအုံးဗျာ ။
ကျမဟာ.. သာမန်လူသားပါ..။ ကြောက်စရာနဲ့တွေ့ရင်… ကြောက်တတ်တာပေါ့…..။"
........ကိုယ်ယုံကြည်တဲ့ အလုပ်တွေကို လုပ်တဲ့အခါ တခါတလေ.. ကြောက်ကြောက်နဲ့လုပ်ရတဲ့ အခါလည်းရှိပါတယ်…။ကြောက်နေတယ် ဆိုတာ တခါတလေ့ အကျင့်လည်းဖြစ်တတ်တယ်…..။ဒါပေမယ့် အမြဲတန်း ကြောက်နေရင် အကျင့်ပါသွားတတ်တယ်…..။" "…………သတ္တိအစစ်မှန်ဆိုတာ ကြောက်လျှက်နဲ့မှန်တာကို လုပ်ရဲတာပဲ .."ဒီခေတ်မှာဆိုလို့ ရှိရင် မှန်တာလုပ်သူတွေ အများကြီး အချုပ်အနှောင်ခံရတယ်…။ အများကြီး ဒုက္ခအပေးခံရတယ်….။ ဒါပေမယ့်လည်း မှန်တာမို့လို့ဆိုပြီး.. လုပ်ရဲတဲ့သတ္တိ မွေးဖို့ လိုတယ်…

( ကိုမောင်မောင်ဝမ်း၏ " ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ- အပိုင်း ( ၅ ) ”


ဒေါ်အောင်ဆန်းစုကြည် တပ်မတော်အပေါ်မှာ ဘယ်လိုသဘောထားပါသလဲ..ဆိုတဲ့ မေးခွန်းလေးကို အမေစုရဲ့နှလုံးသားကြားက ယိုစိမ့်ထွက်လာတဲ့ အစစ်မှန် စကားလုံးတွေ တန်ဆာထင်ထားပြီး ဖြေပြထားပုံလေးက ခံစားကြည့်ပါအုံး

၊ “ ကျမရဲ့ဖေဖေဟာ တပ်မတော်ရဲ့ဖခင်ပါ …..။” ကျမက ဖေ့ဖေ့သမီး --- အဲဒီတော့ တပ်မတော်ဆိုတာ ကျမရဲ့မွေးချင်းမောင်နှမတွေပဲလေ …” ”ကျမငယ်စဉ်က ယူနီဖောင်းစိမ်းစိမ်းတွေ ၀တ်ဆင်ထားတဲ့ တပ်မတော်သားတွေရဲ့ကြားမှာ ကြီးပြင်းလာခဲ့ရသူတစ်ယောက်ဆိုတော့ -- တပ်မတော်သားတွေဟာ ကျမ အကိုတွေ မောင်တွေ မွေးချင်းတွေပဲပေါ့ …. ကျမ မုန်းလို့ရနိုင်မလား ...စဉ်းစားကြည့်ကြပါ။”


( ကိုမောင်မောင်ဝမ်း၏ " ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ- အပိုင်း ( ၄ )






တိုင်းပြည်တပြည်ကို ခေါင်းဆောင်ပေးနိုင်မည့် ခေါင်းဆောင်ကောင်း ဆိုတာ သတ္တိကောင်းဖို့ လိုအပ်သလို သူတော်ကောင်းတရားကို လက်ကိုင်ထားပြီး တိုးတက်တဲ့ ညဏ်အမြော်အမြင် နဲ့ အကောင်းအဆိုး အကြောင်အကျိုးကို ဝေဖန် ပိုင်းခြားနိုင်တဲ့ ပညာရှိမှ ဖြစ်မှာပါ ။
ဘာကြောင့်လဲ ဆိုတော့ ပညာရှိသူတစ်ယောက်ဟာ အမှားနဲ့  အမှန်ကို ခွဲခြားနားလည်နိုင်တာကြောင့် တွေဝေယိမ်းယိုင်မှုမှ ကင်းလွတ်သလို အများကောင်းစားရေး အတွက် အမြဲတွေးခေါ် လမ်းပြလေ့ ရှိတယ်တဲ့။သူတော်ကောင်း တစ်ယောက်ဟာ လုပ်စရာရှိတဲ့ သူ့ တာဝန်တွေကို အကောင်းဆုံး လုပ်ဆောင်နေလို့ သောကဗျာပါဒ မှ ကင်းလွတ်တယ်တဲ့ အတွက် ညဏ်ရွှင်သလို မကောင်းတဲ့ စိတ်ယုတ်မျိုးတွေ သိမ်းပိုက်ခြင်းမှ ထာဝစဉ် လွတ်မြောက်နေပါတယ် ။ သတ္တိကောင်းသူ တစ်ယောက်ဟာ သူ့ ရဲ့  ရည်မှန်းချက် ပန်းတိုင်အပေါ်မှာ ထက်သန်ပြင်းပြစွာ ယုံကြည်မှု ရှိပြီး အခက်အခဲ အတားအဆီးများကို ဂရုမစိုက်၊ မတုန်မလှုပ်တဲ့ ကြောက်ရွှံ့ ခြင်းမှ ကင်းလွတ်တယ်တဲ့ ။


ဒေါ်အောင်ဆန်းစုကြည် ဟာ အထက်ပါ အချက်သုံးချက်နဲ့ အတိတ်မှာလည်း ကိုက်ညီခဲ့သလို ပစ္စပ္ပုန်မှာလည်း လက်တွေ့ ကျင်သုံးနေတဲ့ လူထုခေါင်းဆောင် တစ်ယောက်ဖြစ်လို့ နိုင်ငံခေါင်းဆောင်ကောင်း ဖြစ်တာ အသေအချာပါလို့ ပြည်သူလူထု ကြီးအနေနဲ့ ယုံကြည်ထားတာ မမှားပါဘူး ။ ဒါဆိုရင် အမေစု ခေါင်းဆောင်တဲ့ နောက်ကို ကျွန်တော်တို့ ပြည်သူလူထု တရပ်လုံး စိတ်နဲ့ကိုယ် တထပ်တည်း ကျလာအောင် လိုက်ပါဆောင်ရွက်ကြရင် မကြာခင် ကျွန်တော်တို့ လိုလားတောင့်တချက်တွေ ပြည့်စုံလာမှာ အမှန်ပါဘဲ လို့ စွဲစွဲမြဲမြဲ ယုံကြည်ထားစေချင်ပါတယ် ။

အချို့က ကိုယ်ကတော့ အများရှေ့မှာ လက်သီးလက်မောင်းတန်း အမေစု ကို ထောက်ခံပြနေကြပေမယ့် တကယ့်စိတ်ထဲမှာက ချောက်တွန်းဖို့ ကြံနေကြတယ် ။ အမေသွားမယ့် လမ်းကို ခြေထိုးခံနေကြတာတွေကို ၀မ်းနည်းစွာ တွေ့ရှိရတယ် ။
အချို့ကတော့ စိတ်ထဲကတော့ ယုံကြည်ပါတယ် ၊ အများရှေ့မှာ ခိုင်ခိုင်မာမာရပ်တည်ဖို့ ၀န်လေးနေကြတယ် ၊ တွန့်ဆုတ်နေကြတယ် ။ စိတ်နဲ့လူတထပ်တည်း မကျနိုင်ကြသေးတာကို အားမရဖွယ်ရာ တွေ့ရှိရပါတယ် ။ မတရားတာကို ဆန့်ကျင်တာဟာ လူသားတို့ရဲ့ ပင်ကိုဗီဇ သဘာဝ ဖြစ်သလို မြင့်မြတ်တဲ့ လူသားဘ၀ကို ပိုင်ဆိုင်နိုင်ဖို့ ကိုယ်ပိုင်ညဏ်ကို အသုံချပြီး တိုင်းပြည်လွတ်မြောက်ရေး အတွက် ၀ိုင်းဝန်းကြိုးစားပေးကြပါလို့ အမှားတွေကို ကျောခိုင်းလာကြဖို့ လေးစားစွာ ဖိတ်ခေါ်တိုက်တွန်း ပြောကြားလိုပါတယ် ။



ရှေးယခင်က သူရဲကောင်းမှန်သမျှ လည်း အသွေးအသားနဲ့ ဖွဲ့စည်းထားတဲ့ လူသားတွေပါ ။ ဒါပေမယ့် အများကောင်းစားရေးကို ရည်ရွယ်ပြီး တိုင်းပြည် အတွက် စွှန့်လွှတ်အနစ်နာခံမယ်ဆိုတဲ့ ဖြောင့်မတ်တဲ့ စိတ်ထားတွေက သံမဏိလူသားတွေ အဖြစ်ရောက်အောင် ဆောင်ကြဉ်းပေးခဲ့တဲ့ ဆိုတာ မမေ့ထားကြပါနဲ့ ။ သူတို့တွေ ဒီလို လွတ်လပ်တဲ့ အချုပ်အချာ အာဏာပိုင် နိုင်ငံအဖြစ်ကို ရောက်အောင် အသက်ပေါင်းများစွာ စတေးပြီး တွန်းပို့ခဲ့လို့ ပြည်ထောင်စု မြန်မာနိုင်ငံ ဆိုတာဖြစ်ပေါ်လာတာ မမေ့ကြပါနဲ့ ။ အဲဒီလို ဒို့ဘိုးဘွားတွေ ကြိုးစားခဲ့တဲ့ ပြည်ထောင်စု ကြီးကို အမျိုးမျိုးသွေးခွဲ ၊ တိုင်းပြည်ရဲ့ ရတနာတွေကို ကိုယ်ကြိုးအတွက် အသုံးချ ၊ ပြည်သူ့ဘဏ္ဍာတွေကို အ၀စားထားတာတောင် မ၀သေးတဲ့ လူယုတ်မာ တစ်စုက ဆက်လက် ယုတ်မာပြီး တရုတ်လက်ကို ကျွန်တော်တို့ တိုင်းပြည်ကို ထိုးအပ်ဖို့ စိုင်းပြင်းနေကြပါပြီ ။ ကျွန်တော်တို့ ချစ်တဲ့ ကချေသည် မလေးရဲ့ ချစ်စရာ ဟန်နဲ့ မြေပုံလေးလည်း ၊ နဂိုအလှပျက် ရတော့မယ် ။ တောတွေပျောက်ဆုံး ၊ တောင်က ဂတုံး ၊ တွင်းထွက်က ပြုန်းနဲ့ အနာဂတ်မှာ မြန်မာနိုင်ငံဆိုတာ ကွယ်ပျောက်တော့မယ် အနေအထားကို ရောက်နေပါပြီ ။ ဒါတွေကို သိသိကြီးနဲ့ ခေါင်းငုံ့ခံလိုက်ကြတော့မှာလား ။ ဒို့ခေတ်ကြမှ အညံ့ခံကြတော့မှာလား သေချာစဉ်းစားကြပါအုံး ။



တကယ်တော့ သတ္တိဆိုတာ မွေးမြူ ရင် ရပါတယ် ။ မပြတ်ဆင်ခြင်ရတယ် ၊ သတ္တိကို မီးထိုးပေးထားရတယ် ၊ သူရဲကောင်းစိတ်ဓါတ်ကို မွေးမြူပြီးလိုက်နာ ကျင့်ကြံဆောင်ရွက်ကြရင် အားလုံးဟာ သူရဲကောင်းတွေပါဘဲ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခေါင်းဆောင်လို့ အသိအမှတ်ပြုယုံကြည်ထားရင် သူ့လွတ်မြောက်ရေး ဟာ တိုင်းပြည်လွတ်မြောက်ရေးရဲ့ အစ ဆိုတာကို ရဲရဲကြီး ဆုံးဖြတ်လိုက်ကြစမ်းပါ ။ အမေညွှန်ရာ လမ်းလိုက်ဖို့ အမေစု လွှတ်မြောက်ရေး က အဓိက အခန်းဂဏ္ဍက နေ ပါဝင်ပက်သတ်နေပါတယ် ။ အခု လည်း အပြစ်မရှိ အပြစ်ရှာ မိန်းမရှာ တွေထက်တောင် ဆိုးဝါးတဲ့ ယုတ်မာတဲ့ အကြံအစည်များနဲ့ ဖမ်းဆီးထားတာ လွတ်ရက်စေ့နေပါပြီ ။ ဒါကို ဆက်လက် ထိန်းသိမ်းဖို့ အမျိုးမျိုး အကြောင်းပြနေတယ် ။ သူတို့တွေဟာ ဘယ်တုန်းကမှ မရိုးသားခဲ့ဘူး ။ ပါးစပ်ဖျားက ဥပဒေတွေကြားမှာ ဒုက္ခကြီးစွာ ခံစားနေရတဲ့ လူထုခေါင်းဆောင် လွတ်မြောက်မှ ဖြစ်မယ် ဆိုတာ မြဲမြဲမှတ်ထားကြပါ ။



လက်နက်ကိုင် အဖွဲ့အစည်းက ညီအစ်ကို မောင်နှမများ အားလုံးကို ကျွန်တော် တခုလောက် တောင်းဆိုပါရစေ ။ ထမင်းနပ်မှန်ရုံလေးနဲ့တော့ စစ်အာဏာရှင်တွေကို မထောက်ခံပေးကြပါနဲ့ ။ ပြည်သူလူထုထဲက ပေါက်ဖွားလာတဲ့ ညီအစ်ကို မောင်နှမများကြားထဲမှာ မဟုတ်မမှန် လုပ်ကြံသတင်းတွေ အမျိုးမျိုးလွှင့် ၊ အထူးသဖြင့် တပ်မတော်နဲ့ ပြည်သူလူထုကို သွေးခွဲအုပ်ချုပ်နေတဲ့ အာဏာရှင် ဆန့်ကျင်ရေး လုပ်ငန်းတွေမှာ ၀င်ရောက်ကူညီပေးကြပါ ။ ကျွန်တော်တို့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် စစ်အာဏာရှင် ဆန့်ကျင်ရေး တွေ ကျွန်တော်တို့ စတင်လုပ်ဆောင်ကြတော့မှာပါ ။ ယမ်းငွေတွေ ဝေနေတဲ့ စစ်တလင်းကို မဖြစ်ဖြစ်အောင် ဖန်တီးနေတဲ့ စစ်အာဏာရှင်တွေရဲ့ အဓိက လုပ်ဆောင်ချက်က သူတို့အာဏာ ထာဝစဉ်တည်တံ့ အောင် တပ်မတော်သားတွေကို မကြာခင် အသုံးချပါတော့မယ် ။ သူတို့တွေ ပေးတဲ့ သူရဲကောင်းတံဆိပ်တွေ အစား ပြည်သူလူထုကို မေတ္တာကို ခံယူရတာ ပိုမိုမွန်မြတ်ပါတယ် ။ ကျွန်တော်တို့ တတွေဟာ တအူတုံဆင်း ညီအစ်ကို မောင်နှမ အရင်းတွေ မဟုတ်ကြပေမယ့် မိခင် မြန်မာနိုင်ငံကြီးပေါ်မှာ တူတူရှင်သန်ကြီးပြင်းလာကြတဲ့ ကိုယ့်နိုင်ငံသား ညီအစ်ကို မောင်နှမ အရင်းတွေပါ ။ မိခင်တိုင်းပြည်ရဲ့တာဝန်ကို ကာကွယ်စောင့်ရှောက်ဖို့တိုင်းပြည်ရဲ့ ဘဏ္ဍာငွေကို လစာအဖြစ် ခံယူထားကြတဲ့ ပြည်သူ့ရင်ဖွား တပ်မတော်သားတွေက ပြည်သူလူထုကို အပြတ်နှံပြီး သူရဲကောင်းဘွဲ့ခံကာ မာန်ဝင့်ကြတော့မှာလား ။ သေသေချာချာ စဉ်းစားကြည့်ပြီး အမှားကို စွှန်လွတ်ကြကာ ပြည်သူ့ရင်ခွင် ခိုလှုံပြီး ငြိမ်းချမ်းရေး တေးသံတွေ ရွှတ်ဆိုနေတဲ့ ပြည်သူအများ ပေးတဲ့ သူရဲကောင်းဘွဲ့ ကို ခံယူနိုင်ဖို့ အတွက် အာဏာရှင် စနစ်ဆိုးကြီးကို ကျောခိုင်းထွက်လာကြပါလို့ လေစားစွာ မေတ္တာ ရပ်ခံချင်ပါတယ် ။



ပြည်သူလူထုတရပ်လုံး အနေဖြင့်လည်း လက်ရှိ မြန်မာနိုင်ငံ ပကတိ အနေအထားကို ကိုယ်တိုင် ကြုံတွေ့ပြီးသားမို့ တမျိုးသားလုံးလွတ်မြောက်ရေး အတွက် ကိုယ်တတ်နိုင်တဲ့ တာဝန်များကို ကျရာ အခန်းဂဏ္ဍကနေပါ ပါဝင် ကူညီအားဖြည့်ပေးကြပါ ။ မြန်မာနိုင်ငံသာ မကဘူး ကမ္ဘာနှင့်အ၀ှမ်းက လေးစားချစ်ခင်နေကြတဲ့ ငြိမ်းချမ်းရေး မိခင်ရဲ့ ရင်ခွင်ကို အမြန်ဆုံး ခိုလှုံဝင်ရောက်ပြီး သူမညွှန်ပြတဲ့လမ်းကို ရဲရဲကြီး လျှောက်လှမ်း နိုင်ပါမှ ပြည်တွင်းစစ်တွေ အသံတိတ် ၊ ပြည်သူလူထုရဲ့ သောကတွေ ချုပ်ငြိမ်းကွယ်ပျောက်မှာ အမှန်ပေမို့ ဒို့မိခင် လွတ်မြောက်ဖို့ အားလုံး ၀ိုင်းဝန်း ကြိုးစားကြပါစို့ .....................။

Thursday, November 11, 2010

သွေးမျိုးဆက်မှဖိတ်ခေါ်ချက်



ကျွန်ူပ်တို့ နိုင်ငံ၏ ယနေ့ နိုင်ငံရေး ချိန်ခါသည် ခေါင်းဆောင်ကောင်း လိုအပ်နေသလို နောက်လိုက် ကောင်းများလည်း လိုအပ်နေသည် မှာ အသေအချာပင်ဖြစ်သည် ။ ခေါင်းဆောင်မည့်သူများကား အထင်အရှားရှိနေပါသည် ။ ကျွန်တော်တို့ နောက်လိုက်ကောင်း ဖြစ်နိုင်ဖို့သာ အရေးကြီးသည် ။ ခေါင်းဆောင်ဆိုသည် မှာ တိုးတက်သော ညဏ်အမြော်အမြင် ရှိရမည့် အပြင် ပြည်သူလူထု အား ကိုယ်ချင်းစာနာ စိတ်ထား နိုင်ရမည့် အပြင် ကိုယ်ကျိုးအတ္တထက် အများကောင်းစားရေးကို ဦးစားပေးရမည့် လူမျိုးဖြစ်သည် ။ မြန်မာနိုင်ငံရေး အခြေအနေ တိုးတက်ကောင်းမွန်မှု တွင် ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်းစဉ်းစားမှ ရမည် ။ အဘယ်ကြောင့် ဆိုသော် နိုင်ငံကို ခေါင်းဆောင်မည့်သူသည် နိုင်ငံတကာ အသိုင်းအ၀ိုင်း အလယ်တွင် ၀င်ဆန့်နိုင်ဖို့ သူတို့လေးစားလောက်သည့် အရည်အချင်းရှိရမည် ဖြစ်သလို ပြည်သူလူထု၏ လေးစားချစ်ခင် ယုံကြည်အားထားသည့် လူမျိုးဖြစ်သင့်သည် ။ ယနေ့ စစ်အာဏာရှင်များ၏ ယုတ်မာကောက်ကျစ်သော လုပ်ရပ်များကြောင့် ကျွန်ူပ်တို့ တိုင်းပြည်မှ ဂုတ်သွေးစုပ်မည့် နိုင်ငံများမှ အပ အခြားသော နိုင်ငံတော်တော်များများသည် စစ်အာဏာရှင်များ နှင့် မဆက်ဆံလိုကြ ။ မလွဲသာ မရှောင်သာ ဆက်ဆံနေကြရသည့် နိုင်ငံများမှာလည်း သိပ်မကြည်ဖြူချင်ကြ ။ ထို့အကျိုးဆက်ကား မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေမှာ တဖြည်းဖြည်းလုံးပါး ပါးလျှက် ရှိနေပြီ ။


မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လမ်းကြောင်း မှန်ကို ပုံသွင်းဖော်ဆောင် မည်ဟု ရွေးကောက်ပွဲဝင်မည့် ပါတီများက ကြွေးကြော်ကြသည် ။ သူတို့သည် စစ်အာဏာရှင်တို့၏ ယုတ်မာပက်စက်သော အကြံနှင့် ဥပဒေမှန်သမျှ အစဉ်အမြဲ ချိုးဖောက်နေသည့် အလေ့အထကို မေ့ထားကြကာ ပျော်ပျော်ကြီး ရွေးကောက်ပွဲဝင် ကြသည် ။ ဒေါ်အောင်ဆန်းစုကြည်က သူတို့ကို ကျော်ပြီး တွေးပြသည်။ လက်မခံလိုကြ ။
ရသလောက်လေး တိုးကြည့်ပါရစေ ဟု အကြောင်းပြကာ လွှတ်တော်ထဲ ရောက်လျှင် ဆိုသော စကားကို
သူတို့ တွင်တွင် သုံးကြသည် ။ ရွေးကောက်ပွဲ ကော်မရှင်ကို ယုံကြည်ကာ စစ်အာဏာရှင်တို့ သတ်ကွင်းကို ရင်ကော့ပြီး ၀င်သွားကြသည် ။ သတ်ကွင်းထဲကို ရောက်မှတော့ အပစ်ခံရတာပေါ့ဗျာ။ အကယ်၍များ သူတို့ယုတ်မာ ကြလျှင် ငါတို့ဘယ်လို လမ်းကြောင်းကို လျှေက်ကြမလည်း ကြိုတင် မစဉ်းစားထားကြ ။ ဖြစ်လာတော့မှ ကမန်းကတန်း ထပြီး ကန့်ကွက်ကြသည် ။ လုပ်သမျှက အစီအစဉ်မကျ နိုင်ငံခေါင်းဆာင် ဘ၀ကို ဒီလူတွေ ရောက်ရင်လည်း သိပ်တော့ ထူးမှာ မဟုတ်ဟု တကယ်ပင် ထင်မြင်ယူဆမိပါသည် ။ တကယ်ဆို အာဏာရှင်တွေ ဆိုတာ သမိုင်းမှာလည်း ယုတ်မာကောက်ကျစ်တယ် ၊ ပစ္စပ္ပုန်မှာလည်း လိမ်ညာနေမှန်း သူတို့ သိသိကြီးနှင့် ပြင်ဆင်ထားဖို့ ကောင်းသည် ။


အချို့က နောင်တရကြသည် ၊ NLD မှန်ပါတယ် သူတို့ အမှားပါ လို့ သတ္တိရှိရှိ ဖွင့်ဟ ဝေဖန်လာကြသည် ။ အချို့က လက်မခံလိုကြသေး ။ ကော်မရှင်ကို စာတင်ထားပါတယ်လို့ ပြောကြသည် ။ အချို့က သူတို့ အနိုင်ရပါတယ်တဲ့ ၊ လိမ်လို့ ရှုံးတာပါတဲ့ ။ အချို့က မဲမပေးသူတွေကြောင့်လို့ ပြစ်တင် ပြောဆိုလာကြသည် ။ အခြေခံ ဥပဒေကိုက မြန်မာနိုင်ငံသားတွေ အတွက် အခြေပြုရေးဆွဲထားတာ မဟုတ်ဘူးလေ ၊ ဒေါ်အောင်ဆန်းစုကြည် ဘယ်သောအခါမှ ခေါင်းဆောင် မဖြစ်အောင် ၊ စစ်တပ်ကသာ အုပ်ချုပ်ရေး အာဏာကို ဆက်ခံနိုင်အောင် ရေးဆွဲထားတဲ့ ဥပဒေဆိုတာ အားလုံး သိပြီးသားပါ ။ ဒါကို အတည်ပြု ကျင်းပမယ့် ဒီရွေးကောက်ပွဲ ကြီးမှာ လိမ်လို့ ရှုံးတာပါ ဆိုတဲ့ စကားကို ပြောနေတဲ့ လူတွေရဲ့ ညဏ်အမြော်အမြင် ဆိုတာ ဘာကို ခေါ်တာလည်း ဆိုတာ ဖော်ပြထား သလိုပါဘဲ ။ အခုချိန်ထိလည်း မပြတ်သားကြသေးဘူး ။ နောက်ကျောကို ဓါးနဲ့ဝင်ထိုးလိမ့်မယ်လို့ သတိပေးတဲ့ လူရဲ့ စကားကို ဥပက္ခာ ပြုထားလိုက်ကြတယ် ။ ရင်ဝကို ဓါးစူးနေတာတောင် ဓါးနဲ့ထိုးသူက သူကို ဆေးရုံပို့လိမ့်မယ်လို့ ယူဆနေကြတဲ့ လူတွေရဲ့စိတ်ဓါတ် ပုံမှန် မဟုတ်တာတော့ သေချာနေပြီနော် ။ လက်တွေ့ကျကျ သုံးသပ်ကြစမ်းပါ ။ အဖြောင့်တွေးကြစမ်းပါ ။ အမှားမှန်းသိရက် နဲ့ ဆက်လျှေက် နေရင် လမ်းမှန်ကို ဘယ်တော့မှ ရောက်မှာ မဟုတ်ပါဘူး ။ ရှေဆက် ဘယ်လို လုပ်ဆောင် ကြမှာလည်း ၊ လမ်းကြောင်း တစ်ခုပေါ်ကို စုစုစည်းစည်း လျှေက်ကြစမ်းပါ ။ တကယ် နိုင်ငံကောင်းစားရေး အတွက် ဦးတည်ဆောင်ရွက် တာ အမှန်ပါဆိုရင် ခေါင်းဆောင်ကောင်း ရှိတုန်း နောက်လိုက်ကောင်းတွေ ဖြစ်အောင် ကြိုးစားကြစမ်းပါ ။ ကိုယ်တိုင်ကလည်း ခေါင်း မဆောင်နိုင် ၊ နောက်လိုက်လည်း မလုပ်ချင် ၊ နေရာ တကာ ကန့်လန့်လိုက်တိုက်နေကြရင် ပြည်သူလူထုဘဲ နစ်နာမှာ ။ ပြည်သူလူထု ဘဲ ဒုက္ခဆိုးတွေ ခါးသီးစွာ ခံစားကြရမှာ ။ အနိုင်ရချင်လို့ လိမ်ပါတယ်ဆိုတဲ့ ကော်မရှင် ဆီက တုန့်ပြန်ချက်ကို အားထား စောင့်စား နေတာဟာ ဒုတိယ အမှားကြီးကို ဆက်လက် ကျူးလွန်ဖို့ အချိန်ကုန်ခံပြီး စောင့်စားနေတာနဲ့ တူတူပါဘဲ ။


ဒီနေ့ ချိန်ခါမှာ လူကြီးတွေ က ဦးဆောင် ပြီး နိုင်ငံအရေးကို တောင်းဆိုနေကြတဲ့ အချိန်မှာ ကျွန်တော်တို့ လူငယ်တွေလည်း ပါဝင် ပတ်သက်သင့်တယ်လို့ ထင်မြင်ယူဆမိပါတယ် ။ လူကြီးနဲ့ လူငယ်တွေ ကြားမှာ အမြင် ကွာဟချက် တွေရှိတယ် ၊ ခံယူချက်တွေ ၊ အတွေးအခေါ်တွေလည်း သိပ်ပြီး တူညီကျမှာတော့ မဟုတ်ပါဘူး ။ လူကြီးတွေက အတွေ့အကြုံရင့်ကျက်မှု အပိုင်းမှာ အားသားပေမယ့် ၀ါဒရေးရာမှာ ဆက်စပ် တွေးခေါ်ရင်း မသိမ်းပိုက်ထားသင့်တဲ့ အတွေးအခေါ် အချို့ကို သိမ်းပိုက်ထားကြတယ် ။ လူငယ်တွေက အတွေ့အကြုံ နုနယ်ပေမယ့် တက်ကြွတယ် ၊ ဘာအတွေးအခေါ်မှ မသိမ်းပိုက်ထားသေးတဲက အတွက် မှန်ကန်တဲ့ အတွေးအခေါ်နဲ့ စစ်မှန်တဲ့ ခေါင်းဆောင်သာရှိ ရင် နောက်လိုက်ကောင်းလုပ်ကြဖို့ ၀န်မလေး ကြဘူးလို့ ကျွန်တော်က ခံယူထားတယ် ။ဒီနေ့ခတ် လူငယ် တော်တော်များများဟာ စစ်အာဏာရှင်တွေရဲ့ အသိညဏ် အဆိပ်ခတ်မှု ကြောင့် နိုင်ငံရေး ပညာတွေ မကြွယ်ဝကြပေမယ့် တိုင်းပြည်ကို ချစ်တဲ့ စိတ် ၊ မဟုတ် မခံလိုတဲ့ စိတ် တော့ သူတို့ရင်ထဲမှာ ရှင်သန်နေကြတုန်းပါဘဲ ။ ဒါတွေကို လူကြီးတွေက လမ်းပြနိုင်ရင် တိုင်းပြည် အတွက် အကြီးမားဆုံး ခွန်အားတွေကို လူငယ်တွေဆီက ရရှိနိုင်တယ် ကျွန်တော် ထင်မြင်ယူဆမိပါတယ် ။


နည်းပညာ အကူအညီကြောင့် ၀ါသနာတူရာ ၊ ရည်ရွယ်ချက်တူတဲ့ လူငယ်တွေကို အလွယ်တကူ စုစည်းလို့ရတယ် ။ သူတို့ကို လမ်းမှန်ပြပြီး လက်တွေ့ကျတဲ့ နိုင်ငံရေး လမ်းကြောင်းပေါ်ကို သာ တင်ပေးလိုက်နိုင်ရင် ကျွန်တော်တို့ တိုင်းပြည် အနာဂတ် မကြာခင် လှပလာမှာ မုချမသွေပါဘဲ ။ လူငယ်တော်တော် များများကလည်း တောင်းဆိုလာကြပါတယ် ၊ သူတို့ နိုင်ရာ တာဝန် ယူချင်တယ် ၊
သူတို့ရင်ထဲက တိုင်းပြည်ချစ်စိတ်ကို ပြချင်ကြတယ် ။ သူတို့ရဲ့ အစွမ်းအစနဲ့ သတ္တိကို တိုင်းပြည် အတွက် အကျိုးရှိစွာ အသုံးချလာကြတယ် ။ လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင်စားလာတာဟာ ကျွန်တော့်တိုင်းပြည် အတွက် အင်မတန်မှ အကျိုး ကျေးဇူး များပါတယ် ။ကျွန်တော်တို့ လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင် စားတာက ရာထူးကို လိုချင်လို မဟုတ်ပါဘူး အာဏာကို ခုံမင်လို့မဟုတ်ပါဘူး ၊ တိုင်းပြည်ကြီး ပြိုကျပျက်စီးနေတာကို မကြည့်ရက် ကြလို့ နိုင်ငံအရေးကို ကျရာ အခန်းဂဏ္ဍကနေ တာဝန် ယူပေးချင်တာပါ ။ အချို့လူငယ်တွေ ဆို အ၇မ်းကို ထက်မြက်ကြတယ် ၊ အသက်ငယ်ငယ်လေးတွေနဲ့ သူတို့ အတွေးတွေကတော့ ကြောက်စရာ ကောင်းလောက် အောင် ထက်မြက်ကြတယ် ။ ကျွန်တော် တို့ သူတို့ အရွယ်ကဆို နိုင်ငံရေး ဆိုတာ ဘာမှ မသိသေးပါဘူး ။ ကျွန်တော်ကတော့ သူတို့ကို အရမ်းလေးစားတယ် ၊ သူတို့သတ္တိလေးတွေ ထုတ်ဖော် ပြောဆိုလာတာကို အရမ်းအားရတယ် ။ ဒါကြောင့် သူတို့ကို အားပေးတယ် ။


လူကြီးအချို့ကို လူငယ်တွေ အားမရတဲ့ အဓိက အချက်က သူတို့ဟာ သိပ်ပြီး စဉ်းစားလွန်းတယ် ၊အချိန် ဆွဲလွန်း အားကြီးတယ် ၊ ၀ါဒ တွေကို အစွဲပြုလွန်းအားကြီးတယ် ၊ ပစ္စပ္ပုန် အခြေအနေ လှစ်လျူရှုပြီး အတိတ်က လုပ်ရပ်တွေကို အ၇မ်းအားထားကြတယ် ။ ဒေါ်အောင်ဆန်းစုကြည် ကို လူငယ်တွေ ချစ်ခင်လေးစားပြီး အားထားတဲ့ အဓိက အချက်က သူ့အတွေးအခေါ်တွေက ဆန်းသစ်တယ် ၊ ၀ါဒစွဲ သိပ်မရှိဘူး ၊ ခေတ်နဲ့ အညီ လိုက်တွေးနိုင်တယ် ။ ပစ္စပ္ပုန်အခြေအနေကို သုံးသပ်ပြီးမှာ အနာဂတ်ကို ကြိုတွေးပြနိုင်တယ် ။ ဒါကြောင့် သူမကို နိုင်ငံခေါင်းဆောင် အဖြစ် လူထုက အာဏာ အပ်နှင်းချင်ကြတာပါ ။


ကျွန်တော်တို့ လူငယ်တွေ ရင်ထဲမှာ ၀ါဒစွဲ မရှိတဲ့ အတွက် တိုင်းပြည်ကို တကယ်ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်ပေးနိုင်မယ့် သူတွေရဲ့ လမ်းစဉ်ကိုဘဲ လိုက်ချင်တယ် ။ လူငယ်တွေ အားလုံးလည်း ကျွန်တော့်လိုဘဲ လို့ထင်မြင် ယူဆမိပါတယ် ။ ဒါဆို ကျွန်တော်တို့ ခေါင်းဆောင်ကို ပြည်သူလူထုက အုပ်ချုပ်ရေး အာဏာ ပေးအပ်နိုင်အောင် စတင်ကြိုးစားကြရအောင် ။ ဒီလို ကြိုးစားတဲ့ နေရာမှာ လူငယ်တွေ ပိုမိုစုစည်းမိအောင် ကျွန်တော်တို့ အဖွဲ့လေး တစ်ဖွဲ့ ဖွဲ့စည်းပြီး စည်းလုံးညီညွှတ်စွာ ဆောင်ရွက် နိုင်ရင် ပိုမိုထိရောက်မယ်လို့ ကျွန်တော် ယူဆပါတယ် ။ အဖွဲ့ရဲ့ အဓိက ရည်ရွယ်ချက်က ကျွန်တော်တို့ တိုင်းပြည် တရားမျှတပြီး လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံကို ရောက်အောင် ကိုယ်နိုင်ရာ တာဝန်ထမ်းပြီး တွန်းပေးဖို့ပါဘဲ ။

အသင်းအဖွဲ့လေး ဆောင်ရွက်မယ်ဆို ကျွန်တော်တို့ တိုင်းပြည်ရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်အေင်ဆန်း ဗမာ့ကာကွယ်ရေး တပ်မတော် ကို ဖွဲ့စည်းထားတဲ့ လမ်းစဉ်ကို အခြေခံပြီး ဖွဲ့စည်းဖို့ အကြံရမိတယ် ။ ကျွန်တော်တို့ အဖွဲ့မှာ ပါမောက္ခကနေ ကျောင်းသား ၊ အရပ်သား ၊ ချမ်းသာတဲ့ လူ ၊ ဆင်းရဲ့တဲ့လူ ၊ဘာသာလူမျိုး အားလုံးပါဝင် ကြမှာ ။ ဒီတော့ အခြေခံ စည်းကမ်း လေးတွေကို အရင် ဆုံးသတ်မှတ်ချင်ပါတယ် ။ နောက်တစ်ချက်က ကျွန်တော်တို့ ဟာ တိုင်းပြည်ကောင်းစားရေးကို စုစည်းစွာ ဆောင်ရွက်ကြမှာ ဖြစ်လို့ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် လေးစားချစ်ခင်ကြပါ ။ အဖွဲ့ ၀င် တိုင်း ညီအစ်ကို မောင်နှမ ရင်းချာလို့ စိတ်ထားမျိုး ထားရှိကြရမယ် ။ ပညာအားကြီးသူက ပညာနည်းသူကို မနှိမ်ကြပါနဲ့။ ငွေကြေးဥစ္စာ ချမ်းသာသူက ချို့တဲ့သူကို မနှိမ်ကြပါနဲ့ ။ ဘာသာရေး အငြင်းအခုံမလုပ်မိကြပါစေနဲ့ ။ အဖွဲ့ဝင်တိုင်း ဒီအဖွဲ့ရဲ့ စည်းကမ်းကို တပြေးညီ လိုက်နာ ဆောင်ရွက်ကြရပါမယ် ။ လျှို့ဝှက်စွာ ဖွဲ့စည်းရမယ့် အဖွဲ့ဖြစ်တဲ့ အတွက်ကြောင့် လျှို့ဝှက်နိုင်သမျှ လျှို့ဝှက် ကြပါ ။ ကိုယ်တတ်နိုင်တဲ့ဘက်ကတိုင်းပြည် အကျိုး ဆောင်ရွက်ကြတာ ဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် ဆောင်ရွက်နိုင်တဲ့ စွမ်းအားချင်းတော့တူညီကျမှာ မဟုတ်ပါဘူး ။ အချို့က ငွေအားနဲ့ကူညီကြမယ် ၊ အချို့က လုပ်အားနဲ့ကူညီကြမယ် ၊ အချို့က ပညာအားနဲ့ ကူညီကြမယ် ။


အဖွဲ့အစည်းအတွက် လမ်းစဉ်ကို ချမှတ်တဲ့ အခါ အားလုံးရဲ့ သဘောထား အမြင်ကို စုစည်းပြီး ဆောင်ရွက်ချင်ပါတယ် ။ လူငယ်တွေကို အားထားတယ် ဆိုပေမယ့် လူကြီးတွေကို စော်ကားတာတော့ မဟုတ်ပါဘူး ။ အပြုသဘောနဲ့ ကူညီ လမ်းပြပေးမယ့် လူတိုင်းကို လေးစားပါတယ် ။ ကျွန်တော်တို့ကို ၀ိုင်းဝန်း အကြံပေးကြပါ ၊ အကြံကောင်း ညဏ်ကောင်းများဖြင့် ကူညီပေးကြပါ ။ တိုင်းပြည် အတွက် လက်တွေ့ကျကျ ချစ်ပြချင် ကြတဲ့ လူတွေ အားလုံးကို နိုင်ရာ တာဝန် ထမ်းဆောင် နိုင်အောင် ကျွန်တော်တို့ အဖွဲ့က လက်တွဲ ခေါ်ဆောင်သွားမှာပါ ။ အဓိက ရည်ရွယ်ချက်က တိုင်းပြည်အတွက် ကျရာအခန်းဂဏ္ဍ ကနေ ထိရောက်စွာ ပြည်သူလူထု တာဝန် ထမ်းဆောင် နေတဲ့ လူတွေကို ကူညီ အားဖြည့်ပေးဖို့ပါဘဲ ။


တက္ကသိုလ်ကျောင်းသား တွေ ပေါင်းစုံရာက တို့ဗမာ အစည်းအရုံး ကို စတင်ဖွဲ့စည်းနိုင်ခဲ့တယ် ။ သခင်မျိုးဟေ့ ဒို့ဗမာ ဆိုတဲ့စကား ပေါက်ဖွားလာရာက စလို့ နိုင်ငံတ၀ှမ်းလုံး သခင်စိတ်တွေ မွေးမြူကြလို့ လွတ်လပ်ရေး ကို ပိုင်ပိုင်နိုင်နိုင် ရရှိခဲ့တာပါ ။ သူတို့တွေ အသက်ချွေးပေါင်းများစွာ ပေးဆပ်မှ ရရှိခဲ့တဲ့ လွတ်လပ်သော မြန်မာနိုင်ငံ အဖြစ်ကို ရောက်ရှိခဲ့တာပါ ။ ဒါကို ကျွန်တော်တို့က ဆက်လက် မထိန်းသိမ်းနိုင်ရင် တိုင်းတပါးလက်အောက်ကို ပြန်လည် ကျရောက် သွားနိုင်ပါတယ် ။ ခုချိန်မှာတော့ အုပ်ချုပ်ရေး ပိုင်းမှာ တိုင်းတပါး လက်အောက် မကျရောက် သေးပေမယ့် မြန်မာပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အပိုင်းမှာ တရုတ်နိုင်ငံ လက်အောက်ကို ရောက်မှန်းမသိ ရောက်နေပါပြီ လို့ဘဲ သတိပေးစကား ပြောကြားချင်ပါတယ် ။ ကျွန်တော်တို့ဘိုးဘွား တွေ ပေးဆပ်မှု ပေါင်းများစွာ ရင်းနှီးလာတဲ့ လွတ်လပ်ရေးကို ကျွန်တော်တို့ လက်ထက်ကျမှ သိသိကြီးနဲ့ တိုင်းတပါးလက်ထဲ ထိုးအပ်လိုက်ပြီး ရာဇ၀င် တွေ အရိုင်းမခံရအောင် တူညီညာ ရုန်းထကြရမည့် ချိန်ခါမှာ တတ်နိုင်တဲ့ဘက်ကနေ တိုင်းပြည် အတွက် ပါဝင်ပေးဆပ် ကြဖို့ လိုအပ်နေပါတယ် ။


အာဏာရှင်တို့၏ အသိညဏ် အဆိပ်ခတ်မှု ကြောင့် ကျွန်တော်တို့တတွေ သတင်းမှန်တွေနဲ့ဝေးကွာ ၊ မှန်ကန်မှု မရှိတဲ့ သမိုင်းတွေ သင်ကြား ၊ ဖောက်ပြန်တဲ့ အတွေးအခေါ်တွေ အယူအဆ တွေ ကြားမှာ ကြီးပြင်းလာကြပေမယ့် တိုင်းပြည်ကို ချစ်တဲ့စိတ် ကတော့ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ အဆက်မပြတ် ရှင်သန် စီးဆင်းနေဆဲပါဘဲ သက်သေပြကြရမယ် ။ ပြင်ပကမ္ဘာတွင် ဖိနှိပ်ချုပ်ချယ်မှု များကို လုပ်ဆောင် နိုင်သော်လည်း ကျွန်ူပ်တို ၏ ရင်တွင်းမှ မျိုးချစ်စိတ်ကို ဖိနှိပ်လို့မရ ၊ သေအောင် သတ်လို့မရ ၊ အမျိုးကို ချစ်သည့် ကျွန်ူပ်တို့၏ မျိုးဆက် သွေးများသည် အဆက်မပြတ် ရှင်သန်စီးဆင်း နေကြောင်းကို ပြဆိုသည့် အနေဖြင့် သွေးမျိုးဆက် ဟု အမည်ပေးထားသည့် ကျွန်ူပ်တို့ မျိုးဆက်သစ် လူငယ်အင်အားစုများ စုစည်းစွာ ဖြင့် စတင်လုပ်ရှားပါတော့မည် ။ တိုင်းပြည် အတွက် ပါဝင်ပေးဆပ် ချင်သူများ လက်တွဲလုပ်ဆောင်ကြရန် မြန်မာနိုင်ငံသား အားလုံးကို လေးစားစွာ ဖိတ်ခေါ်ပါသည် ။



ခင်မင်လေးစားလျှက်

ဗမာ့သွေး



သင့်ရင်ထဲမှ ကျွန်ူပ်တို့ အဖွဲ့အတွက် အပြုသဘောဆောင်မည့် ဆွေးနွေးချက်ကို ကျွန်ူပ်တို့ ကြားလိုပါသည် ။ မဖြစ်နိုင်ပါဘူးဟု ပြောဆိုမည့်သူများ အလို မရှိပါ ။ ဖြစ်သမျှ အကြောင်း အကောင်းချည်းပါဘဲလို့ ယူဆနေသူများ ထက် ဖြစ်သမျှ အကြောင်း မကောင်းကောင်းအောင် လုပ်မည့် သူများ၏ ဆွေးနွေးချက်များသာ တွေ့မြင်လိုပါသည် ။

Wednesday, November 10, 2010

ရုန်းထကြဖို့ အချိန်ရောက်ပါပြီ





လူရယ်လို့ ဖြစ်လာလျှင် တစ်ဦးတယောက်တည်း နေထိုင်၍ မရ ၊ အစုအဖွဲ့လေးတွေ နဲ့ ပေါင်းစပ်ရာ နေထိုင်ရာက စလို့ အုပ်စု နဲ့ ခေါင်းဆောင်ဆိုတာ ဖြစ်ပေါ်လာတယ် ။ သူတို့အုပ်စုကို ထိန်းသိမ်းစောင့်ရှောက်ဖို့ သင့်တော်တဲ့လူကို ခေါင်းဆောင်မြှောက်တဲ့ စနစ်ဟာ ကမ္ဘာဦး အစကတည်းက တည်ရှိနေခဲ့တာပါ ။ အဲဒီလို အစုအဖွဲ့လေးတွေ ပေါင်းစုံရာက ရွာ ၊ မြို့နယ် ၊ ခရိုင် ၊ တိုင်း ၊ နိုင်ငံ ဟူ၍ တဆင့်ပြီး တဆင့်မြင့်တက်လာတာပါ ။ ဒါဆိုရင် လူတစ်ဦးချင်းစီ ပေါင်းစုရာက ဖြစ်ပေါ်လာတဲ့ ပြည်ထောင်စု ကြီးဟာ အဲဒီ လူတစ်ဦးချင်းစီရဲ့ ကိုယ်စွမ်းကိုယ်စ ပေါ်မှာဘဲ မူတည်နေတယ်ဆိုတာကို လက်ခံသင့်တယ် ။ မြန်မာနိုင်ငံသား တစ်ယောက်ရဲ့ စိတ်ဓါတ် ၊ ကိုယ်ကျင့်တရား ၊ အမျိုးကို ချစ်တဲ့စိတ် ၊ နိုင်ငံကို ချစ်တဲ့စိတ် ၊ ပညာအရည်ချင်း ကိုးကွယ်တဲ့ဘာသာကို မြတ်နိုးတန်ဖိုးထားမှု ဆိုတာတွေဟာ မြန်မာနိုင်ငံကြီး တခုလုံးနဲ့ သက်ဆိုင်ပါတယ် ။ ကိုယ့်တိုင်းပြည်မှာ ပညာတတ်ပေါများလာရင် တိုင်းပြည် တိုးတက်မယ် ၊ ကိုယ်ကျင့်တရား ကောင်းသူတွေ ပေါများလာရင် တိုင်းပြည် အေးချမ်းသာမယ် ။ သူခိုး ဓါးမြ ရန်က ကင်းမယ် ။ တစ်ဦးနဲ့တစ်ဦး ကူညီ ရိုင်းပင်းချင်တဲ့ စိတ်ဓါတ် ပိုင်ရှင်တွေ များလာရင် အနိုင်ကျင့်ဗိုလ်ကျ လွှမ်းမိုးမှုတွေ နည်းပါးသွားမယ် ၊ ဘာသာရေးကို မြတ်နိုးတန်ဖိုးထားတဲ့ လူတွေများလာရင် တရားမျှတမှုတွေ လွှမ်းခြုံလာပါလိမ့်မယ် ။


နိုင်ငံတနိုင်ငံရဲ့ တိုးတက်မှု ကို အဲဒီ နိုင်ငံသားတွေရဲ့ ပညာ ၊ ကိုယ်ကျင့်တရား ၊ ဘာသာတရား ကိုတန်ဖိုးထား မြတ်နိုးမှုတွေ နဲ့ တိုင်းတာလေ့ရှိကြတယ် ဆိုတာ အားလုံး အသိပါ ။ လက်ရှိ ကျွန်တော်တို့ တိုင်းပြည်က လူတွေရဲ့ ပညာရေး အဆင့်အတန်းဟာ နိုင်ငံတကာ နဲ့ နှိုင်းယှဉ်ရင် အောက်ဆုံးနားမှာပါ ၊ မြန်မာနိုင်ငံသား အများစုရဲ့ ကိုယ်ကျင့်တရားကို ပြန်ကြည့်လိုက်အုံး ၊ တနိုင်ငံလုံး လူလိမ် ၊ သူခိုး ၊ ဓါးမြတွေ က များနေပြီ ။ အဲဒီတော့ တိုင်းပြည် မအေးချမ်းဘူးပေါ့ ။ ဘာသာရေး ဘက်ကို ကြည့်လိုက်ပါအုံး ၊ ရတနာ မြတ်သုံးပါး တပါး အပါအ၀င်ပါ ဆိုပြီး အမြဲ ရှစ်ခိုးနေကြတဲ့ ဗုဒ္ဓဘာသာ ၀င်တွေ များတဲ့ နိုင်ငံကြီးမှာ ရတနာ တပါးဖြစ်တဲ့ သံဃာတွေကို ၀ိုင်းပြီး စော်ကားလိုက်ကြတာ ။ မြတ်ဗုဒ္ဓရဲ့ တရားတော်တွေ ကို သာသနာပြု ဖြန့်ဝေ နေတဲ့လူတွေကို ဒုက္ခအမျိုးမျိုးပေး ၊ တရားပွဲတွေ ပိတ်ပင် ဒါဟာ တရားတော်ကို စော်ကားတာ ။ ဒီလိုတွေ ဖြစ်လာရခြင်းရဲ့ အဓိက အကြောင်းတရားက အုပ်ချုပ်ရေး အာဏာကို ရယူထားတဲ့ လူတွေ ညဏ်အမြော်အမြင် မရှိဘဲ အာဏာကို တပ်မက်တဲ့ စိတ်ဓါတ်နဲ့ မိုက်လုံးကြီးရာ က အခုလို ဖြစ်လာရတာပါ ။


ဒီလိုအချက်အလက်တွေကို မြန်မာနိုင်ငံသားတွေ တော်တော်များများ သိပါတယ် ။ ဒါပေမယ့် ရင်ထဲက လက်မခံဘူး ၊ ဦးနှောက် ငြင်းဆန်တယ် ။ အုပ်ချုပ်ရေး အာဏာကို လူထုက ပေးအပ်မှသာ တရားဝင် ဖြစ်တယ်ဆိုတာလည်း အားလုံးအသိ ၊ ဒီလူတွေ အုပ်ချုပ်ရေး အာဏာကို သိမ်းပိုက်ထားတာ ၊ ဒို့တွေ ပြန်လည် ကြိုးစားပြီး အုပ်ချုပ်ရေး အာဏာကို လူထု လက်ထဲ ရောက်အောင် လုပ်ကြမယ်လို့ ပြောလိုက်တိုင်း တော်တော်များများက ကန့်ကွက်လေ့ ရှိကြတယ် ။ မြန်မာနိုင်ငံသားတွေက စည်းလုံးမှု မရှိကြတော့ဘူးတဲ့ ၊ အောင်မြင်မှာ မဟုတ်ဘူးတဲ့ ။ အဲဒီလူတွေကို ပြန်မေးကြည့်လိုက်စမ်းပါ ကိုယ်တိုင် ကြိုးစားကြည့်ပြီး ကြပြီလားလို့ ။ တစ်ဦးချင်းစီ ပေါင်းစုရာက ပေါ်ပေါက်လာတဲ့ ပြည်ထောင်စုမှာ ကိုယ်တိုင်ပါဝင် နေပါလျှက် နှင့် ငါတို့တစ်ယောက်တည်းနဲ့ ထူးမလာပါဘူး လို့ ပြောနေတဲ့လူတွေ အနေနဲ့ လက်တွေ့စမ်းသပ် ပြီးကြပြီလား ကိုယ်တိုင်ဘဲ ပြန်စဉ်းစား သုံးသပ်ကြည့်ကြပါ ။
လူတစ်ဦးချင်းစီ ပေါင်းစုရာက ဖြစ်လာတဲ့ ဖြစ်ပေါ်လာတဲ့ ပြည်ထောင်စုကြီးမှာ ငါတစ်ယောက်တည်းနဲ့တော့ ထူးခြားမလာပါဘူးလို့ တွေးနေတဲ့လူတွေ များနေသမျှ တိုင်းပြည်တိုးတက်ရေး ဆိုတာ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး ဆိုတာ စွဲစွဲမြဲမြဲ မှတ်သားထား ကြပါ ။



ဘာသာတရား အားလုံးရဲ့ အစဟာ သူတို့ကို ကောင်းကျိုးချမ်းသာ မင်္ဂလာ ပေးနိုင်မယ်လို့ ယူဆတဲ့ အတွေးအခေါ် အယူဝါဒကို ကိုးကွယ် လူသားအစုအဖွဲ့ အလိုက် ကိုးကွယ် ဆည်းကပ်ကြရာက လူအင်အားများစွာ ပါဝင်တဲ့ဘာသာရေး အစုအဖွဲ့ ကြီးတွေ ဖြစ်ပေါ်လာတာပါ ။ သူ့တို့ဘာသာက မကောင်းဘူး ၊ငါ့တို့ဘာသာက ကောင်းတယ်လို့ အငြင်းပွားနေကြတာ မှားနေပါတယ် ။ ဘယ်ဘာသာက ကောင်းတယ် မကောင်းဘူးဆိုတာ အဲဒီ ဘာသာဝင်တွေရဲ့ စိတ်ဓါတ် နဲ့ လုပ်ရပ်များက အလိုလို ဖော်ပြပေးသွားမှာပါ ။ လက်ရှိ ကမ္ဘာ့အလယ်မှာ ဗုဒ္ဓဘာသာဝင်တွေ အများစု နေထိုင်ကြတဲ့ မြန်မာပြည်ကြီးကို ဥပမာထားပြီး ကြည့်လိုက်ကြရင် တော့ သူတို့တွေ စိတ်ထဲ တမျိုးထင်သွားကြမှာ ။ ကျွန်တော်တို့ နိုင်ငံသား တစ်ဦးချင်းစီရဲ့ ကိုယ်ကျင့်တရား ပျက်ပြားလိုက်တာဟာ သူတပါးကိုပါ အတွေးအခေါ် မှားတွေ သိမ်းပိုက်အောင် လုပ်ဆောင်နေသလို ၊ ကိုယ်တိုင်ကလည်း ကိုယ်တိုင် ကိုယ်းကွယ်တဲ့ဘာသာတရားကို ပြန်လည် စော်ကားနေသလို ဖြစ်နေပြီ နော် ။ ဗုဒ္ဓရဲ့ သာသနာတော်ဟာ ဗုဒ္ဓရဲ့ အဆုံးအမ ကို လိုက်နာ ကျင့်ကြံနေတဲ့လူတွေ အပေါ်မှာဘဲ မူတည်နေသလို အခြားဘာသာဝင်များရဲ့ သာသနာတော်ဟာလည်း အဲဒီဘာသာတရားရဲ့ အဆုံးအမကို လိုက်နာကျင့်ကြံနေတဲ့ လူတွေ ပေါ်မှာ မူတည်နေတာပါ ။


ဘုရား ၊ ကျောင်းကန် ၊ ဇရပ် ၊ တွေသာ ရှိပြီး အဲဒီ ဓမ္မအဆောက်အအုံတွေကို ထိန်းသိမ်းစောင့်ရှောက်မယ့် လူတွေ မရှိရင် အိုမင်းဟောင်း နွမ်း ပြီး ရေညှိအလိမ်းလိမ်းနဲ့ ကြည့်ရတာ မတင့်တယ်သလို ၊ မြန်မာနိုင်ငံသားတွေရဲ့ ကိုယ်ကျင့်တရား ပျက်ပြားမှု ကြောင့် ဒီနေ့မြန်မာနိုင်ငံကြီးဟာ အင်မတန်မှ အရုပ်ဆိုး အကြည်းတန်နေပါပြီ ။ ဘာသားတရား တစ်ခုကို အခြားဘာသာတစ်ခုက ပျက်စီးအောင် လုပ်လို့မရပါဘူး ။ ဒါပေမယ့် ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားကို ပျက်စီးအောင် ဖျက်စီးနိုင်တာ ကိုယ်ဖြစ်သလို ၊ သန့်ရှင်း ပြန့်ပွားတာဟာလည်း ကိုယ်တိုင်ပါဘဲ ။ ဒီလိုပါဘဲ ကိုယ်နေထိုင်တဲ့ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက် ရေး ဟာ ကျွန်တော်တို့တွေပေါ်မှာ ဘဲ မူတည်နေပါတယ် ။ ဒါကြောင့်မြန်မာနိုင်ငံသားတိုင်း ကိုယ်ကျင့်တရားကို ပြန်လည် ထိန်းမတ်ပေးမှသာလျှင် တိုင်းပြည် တိုးတက်လာမှာ အမှန်ပါဘဲ ။ အခြားဘာသာတွေရဲ့ ဆိုးကွက်ကို လိုက်ရှာပြီး ဝေဖန်နေကြမယ့် အစား ကိုယ့်ဘာသာတရားရဲ့ ကောင်းကွက်ကို ကိုယ်တိုင်လိုက်နာ ကျင့်ကြံ ဖော်ထုတ်နိုင်တာ ပိုအကျိုးရှိပါတယ် တင်ပြချင်ပါတယ် ။


အကြောင်းနဲ့ အကျိုးကို သေချာစွာ လက်ခံထားပြီး ၊ ကံကံ၏ အကျိုးကို ယုံကြည်တဲ့ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ကြတဲ့ တိုင်းပြည်ကြီးမှာ တခဏတာ ကောင်းစားရေး အတွက် ၊ လူမျိုးကိုလည်းစော်ကားဖို့ ၀န်မလေးသလို ၊ သာသနာတော်ကိုလည်း စော်ကားဖို့ဝန်မလေးတဲ့ အပြင် ပြည်သူ့ဘဏ္ဍာကို ကိုယ့်ဥစ္စာအမှတ်နဲက မတရား သဖြင့် သိမ်းပိုက်နေတဲ့ လူတွေက အုပ်ချုပ်နေတယ်ဆိုတာ တကယ်တမ်း စဉ်းစားကြည့်၇င် အင်မတန်မှ ရှက်စရာ ကောင်းပါတယ် ။ သူတို့တွေကို တရားဝင် နှစ်ပေါင်းများစွာ လက်ခံထားကြတဲ့ ကျွန်တော်တို့ ကိုယ်တိုင် လည်း ညံ့ဖျင်းပါတယ် လိုက်ခံလိုက်ကြပါ ။ သူတို့က လက်နက်ရှိလို့ ၊ ယုတ်မာပက်စက်လို့ ၊ အင်အားကြီးလွန်းလို့ ဖြိုခွင်းဖို့ မလွယ်လို့ပါ ဆိုတာ တတယ်တော့ ဆင်ခြင်ပေးတဲ့ စကားတွေပါ ။ သူတို့တွေလည်း တစ်ဦးချင်း တစ်ယောက်ချင်းစီ ပေါင်းစုထားတာပါဘဲ ။ သူတို့အင်အားထက် ကိုယ့်အင်အားကသာအောင် လုပ်လို့ရပါတယ် ။ အဲဒီလို အင်အားစုတဲ့ နေရာမှာလည်း တစ်ဦးချင်းစီ ပေါင်းစုရမှာ ဖြစ်လို့ မိမိကိုယ်တိုင်က စတင်ဆောင်ရွှက်ရမှာပါ ။


သူတို့ဟာ ကိုယ်ကျင့်တရား မကောင်းကြဘူး ၊ အဲဒီအတွက် စိတ်ဓါတ်ခွန်အား နည်းပါးကြပါတယ် ။
သူတို့အတွင်းမှာလည်း အမိန့်စကားကို မလွန်ဆန်နိုင်လို့သာ လိုက်လံဆောင်ရွက် နေကြတဲ့ လူတွေ အများကြီးပါ ။ ဒီတော့ သူတို့မှာ စစ်မှန်တဲ့ စည်းလုံးညီညွှတ်ရေး မရှိကြပါဘူး ။ ဒါဆို ကျွန်တော်တို့က သူတို့ကို အနိုင်ယူချင်တယ် ဆိုရင် သူတို့ထက်ကိုယ်ကျင့်တရားကို ထိန်းသိမ်းစောင့်ရှောက်ကြရမယ် ။ ဒါမှ သူတို့ထက် စိတ်ဓါတ်ခွန်အား တွေ မြင့်မားလာမှာပါ ။ အမျိုးသမီးတစ်ယောက် ရဲ့ စိတ်ဓါတ်ခွန်အားက ဒီနေ့ထက်ထိ သေနတ်တွေ ကိုင်ထားပြီး စုစည်းပါတယ်ဆိုတဲ့ လူတွေ ကြောက်နေကြတာကို ကြည့်ရင် သိသာထင်ရှားလွန်းပါတယ် ။ လူငယ် အချို့က လာမေးကြတယ် ၊ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက ဘာဖြစ်လို့ ဖမ်းထားတာ လည်း ဆိုတော့ ကြောက်လို့ ဖမ်းထားတာလို့ ဖြေလိုက်တယ် ။ ဟုတ်မဟုတ် ကိုယ်တိုင်ဘဲ စဉ်းစား ကြည့်ကြပါ ။ ဘာဖြစ်လို့ကြောက်တာလည်း ဆိုတော့ သူတို့ မဟုတ်တာ လုပ်ထားလို့ပါ ။ မဟုတ်တာ လုပ်ထားတဲ့ လူတွေရဲ့စိတ်က တခုခုကို အမြဲ စိုးရိမ် ထိတ်လန့်ပြီး ကြောက်ရွှံ့နေတယ် ။ ဒီတော့ သူတို့ ဘယ်သူကိုမှ မယုံကြည်တော့ဘူး ။ သူတို့ စိတ်ရိုင်းနဲ့ လူတိုင်းကို လိုက်တိုင်းလေ့ ရှိကြတယ် ။ သူတို့ရဲ့ အားနည်းချက်က ကြောက်တတ်တာပါ ။ ဒါဆိုရင် ကျွန်တော်တို့က သတ္တိရှိခြင်း နဲ့ အနိုင်ယူလို့ ရပါတယ် ။ ငါတို့ဟာ တိုင်းပြည် ကောင်းစားရေး အတွက် ဆောင်ရွက်တာ ဖြစ်လို့ မွတ်မြတ်သော အလုပ်လုပ်ကို လုပ်ကိုင်နေတာပါလို့ စိတ်ထဲမှာ စွဲမြဲစွာ ယုံကြည်ထားရင် သတ္တိခွန်အား ဆိုတာ သူ့အလိုလို မွေးဖွား လာပါလိမ့်မယ် ။


တပ်မတော်သား ဆိုတာ ပြည်သူလူထု ထဲက ပေါက်ဖွားလာတယ် ဆိုတာကို ဘယ်တော့မှ မမေ့ကြပါနဲ့ ။ သူတို့ကို လက်တွဲခေါ်ယူလို့ရပါတယ် ။ လူမိစ္ဆာတွေ ရဲ့ ယုတ်မာတဲ့ အသိညဏ်မှိုင်းတိုက်မှု ကို ခံနေရလို့သာ ပြည်သူလူထုကို ရန်သူလို သဘောထားနေကြတာပါ ။ သူတို့ကို လမ်းမှန်ပြပြီး ပြည်သူလူထုနဲ့ လက်တွဲပူးပေါင်းပြီး အာဏာရှင်တွေကို ဆန့်ကျင်ဖို့ ကြိုးစားပေးကြပါ ။ သန်းပေါင်းများစွာသော ပြည်သူလူထု ဒုက္ခရောက် အောင် လုပ်ကြမလား ၊ အဲဒီလို့ ဒုက္ခရောက် အောင် ဖန်တီးထားတဲ့ အာဏာရှင်တွေကို တွန်းလှန်ကြမလား ။ ကိုယ်ချင်းစာစိတ်လေးတွေ မွေးမြူပေးကြအောင် ပြည်သူလူထုကဘဲ တပ်မတော်သားတွေကို ပြန်လည်လက်တွဲ ခေါ်ယူဖို့ ကြိုးစားပေးကြပါ ။ တပ်မတော်ဆိုတာ တိုင်းပြည်ကို ကာကွယ်ဖို့ပါ ၊ ပြည်သူလူထုကို သတ်ပြီး အာဏာရှင်တွေ ပေးတဲ့ သူရဲကောင်း တံဆိပ်ကို ရင်ဘတ်မှာ ချိတ်ချင်တာ တပ်မတော်သား ကောင်း မဟုတ်ပါဘူး လို့ နီးစပ်ရာ တပ်မတော်သားတွေကို အသိပေး ပြောကြားလိုက်ကြပါ ။ တပ်မတော်သားတွေ အနေနဲ့ အမိန့်ဆိုတဲ့ စကားလေးကို ခဏလေးမေ့ထားပြီး ကျွန်တ်ာတို့ တိုင်းပြည်အနေအထားကို ငဲ့ကွက်ပေးကြပါ ။ အာဏာရှင်တွေ ပေးတဲ့ အမိန့်စကားကို တပ်မတော်သားတွေ လိုက်နာနေကြတာဟာ တိုင်းပြည် ညှင်းပန်းနှိပ်စက်နေတယ် ဆိုတာ လက်ရှိ မြန်မာနိုင်ငံ ပကတိ အနေအထားက သက်သေပြနေပါတယ် တပ်မတော်သား အပေါင်းတို့ ။


အခုဆို၇င် အာဏာရှင်တွေက သူတို့ အာဏာ တည်မြဲရေး အတွက် နယ်စပ်ဒေသတွေမှာ ပြည်တွင်းစစ်ကြီး တစ်ခုကို ပြန်လည် ဖန်တီးလိုက်ကြပါပြီ ။ နိုင်ငံတော် အေးချမ်းသာယာ ရေး ဆိုပြီး အောနေကြတဲ့ လူတွေက အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းကို မကြိုးစားဘဲ စစ်ပွဲတွေ ဖန်တီးထားကာ သူတို့အာဏာ တည်မြဲရေး အတွက်ပါ ။ နယ်စပ်မှာ စစ်ဖြစ်တာ ငါတို့ နဲ့ အဝေးကြီးပါလို့ သဘောမထားကြပါနဲ့ ။ ပြည်တွင်းစစ်ပွဲ ဆိုတာ နိုင်ငံသား အချင်းချင်း သတ်ကြတာပါ ။ အဲဒီ စစ်ပွဲ ရဲ့ ကုန်ကျစရိတ်ကို ပြည်သူလူထုဘဏ္ဍာက ကျခံကြရတာပါ ။ ပြည်သူ့ဘဏ္ဍာ ဆိုတာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်ပါတယ် ။ ဒါကြောင့် ပထမဆုံး အနေနဲ့ ပြည်တွင်းစစ်ဆိုတာ နိုင်ငံသားအားလုံးရဲ့ အကျိုးစီးပွားကို ဖျက်စီးလိုက်တာပါ ။ ဒီနေ့ မြန်မာနိုင်ငံ ကပ်သုံးပါး ဆိုက်ရောက်နေတဲ့ အဓိက အကြောင်းက အာဏာရှင် စနစ်ဆိုးကြီးကြောင့်ပါ ။ ဘယ်လို ပြဿနာ အခက်အခဲ တွေဘဲ ကြုံတွေ့ရပါစေ ၊ အဲဒီ ပြဿနာအားလုံးမှာ အခြေခံ အကြောင်းတရား ရှိပါတယ် ။ အဲဒီ အခြေခံ အကြောင်းတရားကို မပြုပြင်နိုင်ဘဲ ဘယ်ပြဿနာကို မှ ဖြေရှင်းလို့ မရပါဘူး ။ အခုလည်း တိုင်းပြည်ပျက်စီးရတဲ့ အကြောင်းတရားတွေကို ဖန်တီးထားတာ အာဏာရှင်တွေ ဆိုတာ သိရင် သူတို့ကို ပြန်လည် တွန်းလှန်ရမှာပါ ။ အချင်းချင်း ပြန်သတ်နေကြရင် သူတို့တွေကို ဆက်လက် အထောက်အပံ့ ပေးထားသလို ဖြစ်နေမှာပေါ့ ။


မေတ္တာ ၊ ဂရုဏာ ၊ မုဒိတာ ၊ ဥပက္ခာ ဗြမ္မစိုရ် တရားလေးပါးကို ပွားများကြလို့ ဗြမ္ဗာ ဘုံကို ရောက်ရှိကြတဲ့ ဗြမ္ဗာကြီးတွေမှာ ၊ လောဘ ၊ ဒေါသ မရှိကြဘဲ နေထိုင်ကြပေမယ့် ၊ အပယ်လေးဘုံကို ပြန်ဆင်းရတဲ့ အဓိက အကြောင်းတရားက မာန ပါလို့ မြတ်ဗုဒ္ဓက ဟောကြားခဲ့တယ် ။ အခုလည်း မြန်မာပြည်ကြီး အာဏာရှင် စနစ်ဆိုးအောက် မလွှတ်မြောက်နိုင် ကြသေးတာ အဲဒီ ငါဆိုတဲ့ မာန ကြောင့်ပါ ။ ငါတို့နည်းလမ်းက အမှန် ၊ ငါတို့ကမှ ကြိုးစားတာ ၊ ငါတို့က မှ ပညာရှိတာ ၊ ငါတို့ကမှ တိုင်းပြည် အတွက် တကယ်လုပ်တာ ဆိုတဲ့ ငါဆိုတဲ့ စကားလုံးတွေကို လှိုင်လှိုင်ကြီး အသုံးချနေကြတော့ တကယ့်ရန်သူကို မမြင်ကြဘူး ။ အချင်းချင်း တိုက်နေရတာကို ပျော်နေကြတယ် ။ သတိထားပြီး ပြင်ဆင်သင့်တဲ့ အချိန်အခါကို ရောက်နေကြပါပြီ ။ အားလုံးပြန်လည် ပေါင်စည်းနိုင်ဖို့ ငါဆိုတဲ့ မာနလေးကို ခဏလောက် မေ့ထားကြစမ်းပါ ။ တိုင်းပြည်အရေး ဆောင်ရွှ့က်ကြတာဆိုရင် တိုင်းပြည် တိုးတက်ကြီးပွားရာ လမ်းကြောင်းကို လျှေက်ကြစမ်းပါ ။ တကယ့်ရန်သူ အစစ်ကို မတိုက်ကြဘဲ အချင်းချင်း သတ်နေကြရင် ရန်သူက ဟားတိုက် အောင်ပွဲခံနေကြမှာပေါ့ ။ လူဆိုတာ ကိုယ်မှားမှန်း သိရင် အမှားကို စွှန့်လွှတ်ရဲရတယ် ၊ အဲဒါ မှ သတ္တိအစစ် ။ အမှားကြီးမှန်း သိပါလျှက် နဲ့ မျက်လုံးမှိတ်ပြီး ဇွတ်တိုးကြရမယ့် အချိန်မဟုတ်တော့ဘူး လို့ လေးစားစွာ သတိပေးပါတယ်ဗျာ ။


ကိုယ့်ဘ၀ ရဲ့ အရှင်သခင်ဟာ ကိုယ်ပါဘဲ ။ ဒါဆိုရင် ကိုယ့်ဘ၀ကို တိုးတက်အောင်လုပ်ပေးတာ ကိုယ်တိုင် ဖန်တီးရမှာ ဖြစ်သလို ၊ အဲဒီတော့ မြန်မာနိုင်ငံကြီး ခေတ်မှီဖွံ့ဖြိုး တိုးတက်တောင် ကျွန်တ်ာတို့ ကိုယ်တိုင် ဖန်တီးကြရမှာပါ ။ ကိုယ့်တိုင်းပြည် တကယ်ကို ဖွံ့ဖြိုးတိုးတက်စေချင်တယ်ဆိုရင် ကိုယ်တိုင် ကြိုးစားပြီး ရုန်းထကြပါ ။ မြန်မာနိုင်ငံသား အဖြစ် ခံယူထားတဲ့ လူမှန်သမျှ မြန်မာနိုင်ငံ အရေးဟာ မိမိတို့ အကျိုးစီးပွား ခံယူထားပြီး နိုင်ရာ တာဝန် ယူပေးကြပါ ။

နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်လာရင် အဲဒီနိုင်ငံမှာ နေထိုင်ကြတဲ့ နိုင်ငံသား အားလုံး ကောင်းကျိုးခံစားကြရတာပါ ။
နိုင်ငံတကာမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား အပေါင်းကလည်း ပြည်တွင်းက လူတွေရဲ့ ဒုက္ခများကို ကိုယ်ချင်းစာစိတ် ထားပြီး နိုင်၇ာ တာဝန်ယူပေးကြပါ ။ တိုင်းပြည်ကောင်းစားရေး လုပ်ဆောင်တာ ဖြစ်လို့ မြန်မာနိုင်ငံသား အချင်းချင်း လက်တွဲဆောင်ရွက်ကြပါ ။ အခုချိန်မှာ စစ်အာဏာရှင်တွေဟာ နယ်စပ်ဒေသမှာ တိုက်စစ်ဆင်နေပါတယ် ။ ရွေးကောက်ပွဲ ပြဿနာကလည်း မပြီးသေးပါဘူး ။အခုချိန်မှာ ပြည်သူလူထုကသာ ညီညာစွာ ရုန်းထကြမယ်ဆိုရင် မကြာခင် ကျွန်တော်တို့ တိုင်းပြည် အာဏာရှင် စနစ်ဆိုးအောက်က လွတ်မြောက်ပြီး လွတ်လပ်၍ တရားမျှတကာ ၊ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံကို တည်ဆောက် နိုင်မှာအသေအချာပါ ။ မြန်မာ နိုင်ငံ အာဏာရှင် စနစ်ဆိုး အောက်က လွတ်မြောက်ပြီး ဒီမိုကရေစီ နိုင်ငံကို တည်ဆောက် နိုင်အောင် နိုင်ငံသားအားလုံး ရုန်းထကြပါစို့ ..........။



ခင်မင်လေးစားလျှက်



ဗမာ့သွေး



မသိသေးသော မိတ်ဆွေ အပါင်းကို သိအောင် ပြန်လည် ဖြန့်ဝေခြင်းဖြင့်ကူညီပေးကြပါ လို့ လေးစားစွာ မေတ္တာရပ်ခံပါတယ် မိတ်ဆွေအပေါင်းတို့ ..........။