Monday, July 25, 2011

Facebook ရဲ့ Like Button လေး


Facebook ရဲ့ Like Button လေး


Facebook သုံးစွဲလာတာ တနှစ်ကျော်လောက် ရှိလာတော့ တော်တော်လေးကို ရင်းနှီးကျွမ်းဝင်လာသလို မိတ်ဆွေတွေလည်း တစတစနဲ့ ပိုမိုတိုးပွားလာလို့သုံးတတ်ရင်ဆေး မသုံးတတ်ရင် ဘေးဆိုတဲ့ စကားလေးက သိပ်မှန်ပါလား ဆိုတာ စဉ်းစားမိရင်းက ဒီစာစုလေးကို ရေးချမိလိုက်ပါတယ် ။

ကျနော့်ကို သူငယ်ချင်းတွေက မေးကြတယ်........ ကိုဗမာ့သွေး Facebook မှာ အကြိုက်ဆုံးက ဘာလည်းတဲ့.... ။ မေးတဲ့လူတွေ နည်းနည်းများလာတယ် ။ ကျနော်လည်း ချက်ခြင်းကြီး အဖြေမပေးဘဲ ငါစာရေးပြီး အဖြေပေးမယ်လို့ သူငယ်ချင်းတွေကို စကားပလ္လင် ခံထားလိုက်တယ်... ။ကျနော့်မိတ်ဆွေတွေကကော Facebook မှာ ဘာကို အကြိုက်ဆုံးလည်း......... ။

ကျနော့် အကြိုက်ဆုံးကတော့ Facebook ရဲ့ Like Button လေးပါဘဲ.......... အဖြေပေးပါရစေ .။ တကယ်ပါ သူလေးက ကျနော့်ကို ခွန်အားများစွာ ပေးခဲ့တယ်.....။ သူ့ကြောင့်ဘဲ ကျနော် ပိုမို ပျော်ရွှင်ဝမ်းမြောက်ခဲ့ရဘူးပါတယ်...။ သူ့ကြောင့်ဘဲ ကျနော်လုပ်နေတဲ့ အလုပ်တွေမှာ ဆက်လက် ကြိုးစားချင်စိတ်တွေဖြစ်ပေါ်လာခဲ့ရတယ် ။ သူ့ကြောင့်ဘဲ ကျနော်ဟာ Facebook ကို ပိုမို တွယ်တာ မြတ်နိုးလာတယ် ဆိုရင်လည်း မမှားပါဘူး ။

နည်းပညာကို အသုံးချကာ လူတွေကို တတ်နိုင်သလောက် ကူညီပေးမယ်ဆိုတဲ့ စိတ်ထားနဲ့ Facebook သုံးစွဲလာတဲ့ ကျနော့ အတွက် ဒီ Like Button လေးက အမြဲတမ်းလိုလို အဖော်လုပ်ပေးခဲ့တယ်.....။ ကျနော်လုပ်သမျှ အရာတိုင်းကို အသိအမှတ်ပြုချင်ကြတဲ့ လူအများက သူ့ကို အသုံးချပြီး ကျနော့်ကို အသိပေးသွားလို့ ကျနော်နဲ့ ကျနော့် မိတ်ဆွေတွေကြားမှာ ရင်းနှီးမှုပိုမို ရရှိလာစေခဲ့သလို ကျနော် ပိုမိုကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်ခဲ့တယ်ဆိုလည်း မမှားပါဘူး ။

ကျယ်ဝန်း နက်ရှိုင်းလှတဲ့ အသုံးအနှုံးများစွာကို ကိုယ်စားပြုထားတဲ့ အဲဒီ Like ဆိုတဲ့ အရာလေးကြောင့် Facebook ဆိုတဲ့ Social Media ကြီး ပိုမို လူကြိုက်များကာသုံးစွဲသူများကို ဖမ်းစားထားတယ်လို့တောင် တခါတရံ ကျနော် တွေးမိပါသေးတယ်....။

အဓိပ္ပာယ်များစွာကို ကိုယ်စားပြုပြီး ဖော်ပြနိုင်တဲ့ အဲဒီ Like Button လေးက လူသန်းပေါင်းများစွာနဲ့ စိတ်ကူး အယူအဆ အတွေးအခေါ် များကို ကြေးမုံပြင်လို ထင်ဟပ်စေလို့ပုံရိပ်ယောင် ကမ္ဘာထဲက လူသားများရဲ့ စိတ်ပြတင်းပေါက်လို့တောင် တင်စားခေါ်ဆိုချင်ပါသေးတယ်....။

သူ့ရဲ့ အခြေခံ အဓိပ္ပာယ်ကတော့ ကြိုက်နှစ်သက်ခြင်းပေါ့....... ။ သာမန် အနေနဲ့ တွေးလိုက်ရင်

မင်းပုံလေးကို ငါသဘောကျတယ်.....

မင်းလုပ်ဆောင်ချက်လေးတွေကို သဘောကျတယ် ။

မင်းစိတ်ခံစားချက်ကို ငါသဘောကျတယ် ...

မင်းရဲ့ အရေးအသားကို သဘောကျတယ်.....

မင်းတွေးခေါ်ပုံလေးကို ငါ သဘောကျတယ်.....

မင်းလက်ကိုင်ထားတဲ့ အယူဝါဒကို ငါ သဘောကျတယ်.. အစရှိသည်ဖြင့် သိပ်မထူးခြားပါဘူးလို့ ထင်ရပေမယ့် အခြေအနေကို လိုက်ပြီး အဓိပါယ်ပေါင်းများစွာကို သူက စကားပြန်မလိုဘဲ အလိုအလျောက် ဖွင့်ဆိုရှင်းပြသွားပုံလေးက တကယ့်ကို ချစ်စရာကောင်းနေတာ အမှန်ပါဘဲ ။

နောက်တနည်းက သူက အသိပေးသွားတာ.......။ ကိုယ့်ရဲ့လုပ်ဆောင်ချက်ကို သူတပါး သိစေလိုတဲ့အခါမှာလည်း သူလေးက အသုံးကျနေပြန်ရောဗျ........။ သူငယ်ချင်းရေ မင်းတင်ထားတဲ့ ဓါတ်ပုံလေး ၊ သတင်းလေး ၊ ဆောင်းပါး ၊ ကဗျာလေးများကို ငါကြည့်ရှုခံစားပြီးသွားပါပြီ ဆိုတာ စာရေးခဲ့စရာ မလိုဘဲ Like လေး နှိပ်ခဲ့တာနဲ့တင် ပြည့်စုံသွားလို့ သူက တစ်ဦးနဲ့ တစ်ဦးကြားမှာ စကားမပြောဘဲဆက်သွယ်ပေးတဲ့ အရာလေး အဖြစ်လည်း သုံးလို့ရပါလားဆိုတာ တွေးမိပြန်သေးတယ်...။ သဘောကျလွန်းလို့ Like နှိပ်ရတာကို အားမရတဲ့အခါ ဖြစ်စေ.... မင်းရဲ့ အယူအဆကိုတော့ ငါသဘောမကျဘူး ငါခံစားရတာက ဒီလိုကွ ဆိုပြီး ကိုယ့်ရဲ့ ကိုယ်ပိုင် အယူအဆ ခံစားချက်ကို Comment ရေးကာ အားလုံးသိအောင် အသိပေးလို့ရပါသေးတယ် ။

စိတ်ခံစားချက်နဲ့ အသက်ရှင်နေတဲ့ လူသားတိုင်းမှာ့  ကိုယ်လုပ်တဲ့ လုပ်ရပ်လေးများကို လူအများက ကြိုက်နှစ်သက်စေလိုတဲ့ အတ္တဆိုတာ ရှိနေကြတာ ဓမ္မတာပါဘဲ ။ ကိုယ်တင်ထားတဲ့ ဓါတ်ပုံလေးများ လူကြိုက်များရင် ပြုံးပြုံးလေးနဲ့ပေါ့ဗျာ.....။ လာကြည့်ပြီး ကိုယ်သဘောကျ နှစ်ခြိုက်တဲ့ အခါ Like နှိပ်လေ့ ရှိကြတာ အားလုံးအသိပါဘဲ....။


အဲဒီလို Like နှိပ်လိုက်ခြင်းက သူ့ရဲ့ စိတ်ဆန္ဒသဘောထား ၊ အတွေးအခေါ် အယူအဆ ၊ သူလက်ကိုင်ထားတဲ့ အယူဝါဒ အရာအားလုံးကို ဖော်ပြပေးလိုက်တာ ဖြစ်လို့ သူရဲ့ ကိုယ်ပိုင် သဘောထားကို သူဘယ်လို အရာမျိုးတွေမှာ Like နှိပ်သွားလည်း ဆိုတာလေးကို ကြည့်ပြီး အကဲခတ်ကြည့်လို့ရပြန်ပါသေးတယ် ။နောက်တခုက Like Button လေးဟာ Fanpage များရဲ့ အသက်ပါဘဲ....။ ကျနော် ခင်ဗျားနဲ့ မိတ်ဆွေဖြစ်ချင်လို့ဆိုတဲ့ မိတ်ဆွေဖြစ်ခွင့်ကို Fan Page များမှာ ခွင့်တောင်းစရာ မလိုဘဲ Fanpage မှာ ရှိတဲ့ Like Button လေးကို နှိပ်လိုက်တာနဲ့ အလိုလို မိတ်ဆွေဖြစ်သွားလို့ Fan Page ထူထောင်ထားသူများသာ မက သုံးစွဲသူ များပါ အလွန်အသုံးဝင်လို့ အရမ်းကို အကျိုးရှိစေတဲ့ ခလုတ်လေးပါဘဲ ။

အဲဒီLike ဆိုတဲ့ ခလုတ်လေးကို အခြေခံပြီး စူးစမ်းလေ့လာတတ်မယ် ဆိုရင် အသုံးကျတဲ့ အရာများစွာထဲက နှလုံးသားရှိသူတိုင်း အသုံးချနိုင်ဖို့ အကြံလေးတစ်ခုလောက် ဥပမာ အနေနဲ့ပေးချင်ပါသေးတယ် ။

ကိုယ်စိတ်ဝင်စားသူ လူတစ်ယောက်ကို အကဲခတ်လေ့လာချင်တဲ့ အခါ ... ပထမဦးစွာ သူက ဘယ်လို လူစားလည်း ၊ ဘယ်လို အစားအသောက်ကို နှစ်ခြိုက်လေ့ ရှိသလည်း ၊ သူက ဘယ်လို ရုပ်ဝတ္ထု ပစ္စည်းမျိုးကို နှစ်သက်လေ့ ရှိလည်း ။ ဘယ်လို အတွေးအခေါ် အယူဝါဒကို သဘောကျလည်း ၊ ဘယ်လို စကားအသုံးအနှုန်းမျိးကို နှစ်သက်လည်း အစရှိသည်ဖြင့် သူ့စိတ်ရင်း အမှန်က ဘယ်လို အရာတွေကို စိတ်ဝင်စားလည်း ဆိုတာ လေ့လာချင်တဲ့ အခါ သူဘယ်လို နေရာမျိုးမှာ Like နှိပ်သွားလည်း ဆိုတာ လေ့လာရင်းက တစ်ဦးနဲ့တစ်ဦးကြားမှာ ပိုမိုနွေးထွေးတဲ့ ဆက်ဆံမှုများကို ရရှိစေနိုင်လို့ သင့်စိတ်ဝင်စားသူရဲ့ ဆန္ဒအမှန်ကို Like ဆိုတဲ့ Button လေးက ရှာဖွေနိုင်ပါသေးတယ် ။

မိမိစိတ်ခံစားချက်ကို နည်းပညာ အားနဲ့ အများသိအောင် ဖော်ထုတ်ပြချင်ကြတဲ့ နေရာမှာ Facebook ရဲ့ Status လေးက အားသာမှုများစွာပေးစွမ်းနိုင်ပါတယ် ။ ဒါကြောင့် သင်စိတ်ဝင်စားသူက သူပျော်ရွှင်နေကြောင်း အသိပေးတဲ့ အခါ ဂုဏ်ယူဝမ်းမြောက်ကြောင်း Like လေးနှိပ်ကာ ပျော်ရွှင်မှုပေးပြီး ၊ သူစိတ်ညစ်နေတဲ့ အခါ Like လေး နှိပ်ကာ သူရဲ့ ခံစားချက်မျးကို နားလည်ကြောင်း ပြပြီး ကြင်နာမှုများနဲ့ နွေးထွေးမှု ပေးနိုင်ခဲ့ရင် သူလည်း သင့်ကို ပြန်လည် နွေးထွေးမှုများ ပေးလာစေမယ် ဆိုတာ အကြောင်းအကျိုးနဲ့ ဆက်စပ်နေတဲ့ ဒီကမ္ဘာကြီးပေါ်က လူသားတိုင်း ရှောင်လွှဲလို့ မရနိုင်တဲ့ လောကနိယာမ တရားတွေပါဘဲ....။

အခြားလူတွေတော့ မသိဘူး .....ကျနော်အတွက်ကတော့ ကျနော် သဘောကျတဲ့ အရေးအသား ၊ လုပ်ဆောင်ချက်များ ၊ ဓါတ်ပုံ ၊ စာသား ၊ ကဗျာ ၊ ဆောင်းပါး ၊ ဗွီဒီယို အစရှိတဲ့ အရာများကို တွေ့တိုင်း Like နှိပ်ပြီး အားပေးသွားတယ်....။ တကယ်ဆို ကိုယ့်အတွက် ဘာမှ အပန်းမကြီးတဲ့ အားပေးမှုက သူတို့တွေ အတွက် အားဆေးတခွက် ဖြစ်လာနိုင်တယ် ဆိုတာ ကိုယ့်ရင်ထဲက ခံစားချက်များနဲ့ နှိုင်းယှဉ်ပြီး အစဉ်တွေးလို့ သဘောကျတဲ့ အရာကို တွေ့တိုင်း Like နှိပ်ပြီး အားပေးဖို့ ၀န်မလေးခဲ့သလို Like နှိပ်ရတာကို အားမရတဲ့အပြင် ကိုယ့်ဆန္ဒလေးကို ထည့်သွင်း ဖော်ပြချင်တဲ့ အခါ Comment လေးပါ ရေးတတ်တာ အကျင့်တခုလို ကို ဖြစ်နေခဲ့ပါပြီ ။

ဒါကြောင့် Facebook ရဲ့ Like Button လေးကို အသုံးချကာ လူတစ်ယောက် ၊ အဖွဲ့အစည်းတခု ၊ လုပ်ဆောင်ချက် တခု ကို အားပေးလို့ ရရုံတင် မဟုတ်ဘဲ ကိုယ်စိတ်ဝင်စားသူတစ်ယောက်ရဲ့ စိတ်ဆန္ဒသဘောထားများကိုလည်း လေ့လာခွင့်ရရှိစေနိုင်သလို မိမိဆန္ဒများကိုလည်း အလွယ်တကူ ဖော်ပြပေးနိုင်လို့ သင်သဘောကျ နှစ်ခြိုက်မိတာလေးများ ရှိခဲ့ရင် Like နှိပ်ဖို့ မမေ့ပါစေနဲ့လို့ မိတ်ဆွေများ အားလုံးကို လေးစားစွာ အသိပေးရင်း ,,,,,, ။



http://www.facebook.com/note.php?note_id=247835645234090

အထက်ပါ စာစုလေးကို ဖတ်ပြီးသွားတဲ့ အခါ မိတ်ဆွေတို့ ရင်ထဲမှာ ခံစားရတာကို ရင်ဖွင့်ပြချင်တယ်ဆိုအောက် ဒီလင့်လေးကို နှိပ်ကာ လာရောက်ပြောကြားနိုင်ကြောင်း လေးစားစွာ အသိပေးပြောကြားလိုပါတယ် ခင်ဗျာ ။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

Friday, July 22, 2011

ယနေ့ဗမာပြည်လေး




ကမ္ဘာမြေပုံပေါ်မှာ

အလှဆုံး ကချေသည်မလေး တစ်ယောက်

ဂန္တာ၀င်မြောက်တဲ့ သူ့အနုပညာကို

မှော်ဝင်စွာနဲ့ ကခုန်နေတဲ့ ပုံသဏ္ဍန်

သာယာလှတဲ့ နောက်ခံပန်းချီကားလေးက

ပံ့ပိုးပေးထားလို့ မေ့မရတဲ့ ရုပ်သွင်နဲ့

ချစ်စရာ ကောင်းတဲ့ ဗမာပြည်လေးက

ဝမ်းနည်းစွာ ငိုကြွေးလျှက်ပါဘဲ အဖေ…..။

မစ်မင်း ဧရာဝတီက

ငိုရှိုက်လို့ စီးဆင်းကာ

သူ့မရဲ့ သမီးငယ် မြစ်ဆုံဆိုတဲ့

နှမငယ်ကို ၀ိုင်းဝန်း အနိုင်ကျင့်ခံနေရလို့

တောင်းပန်သံတွေကို ဂရုဏာသက်တဲ့

လူအများက ပူးပေါင်း တားဆီးဖို့ ကြိုးစား

ဒါကို နားမလည်နိုင်ဘဲ ပြည်ပကို သွားရောက်တာ

တိုင်းပြည်မချစ်လို့ပါ ဆိုကာ နားလည်မှု လွဲကြ

ပြည်နယ်ပြည်မ ခွဲခြားလိုတဲ့ ဆန္ဒများနဲ့

လူတစုက ယုတ်မာတဲ့

ဒီအမှုကို ထောက်ခံအားပေးကြရင်းက

သူတို့သာ အမှန်ပါလို့

ကိုယ်ရည်သွေးနေကြပြန်ပြီ အဖေရေ…..။

တောတွေကပြောင် တောင်တွေက ဂတုန်း

တလောကလုံးလည်း အမှောင်တွေ ဖုံးလွှမ်း

လူသားမဆန်တဲ့ အယုတ်တမာလူတစ်စုက

လက်နက်ကိုင်ကာ ရမ်းကားပြပြီး

ဒီမိုကရေနိုင်ငံကြီး ထူထောင်ပေးပါ့မယ်လို့

ကြွေးကြော်နေကြပြန်တယ် အဖေရေ…..။

ဘယ်မှာလည်း တရားမျှတမှုတဲ့

လူတစ်စုရဲ့ လောဘရမ္မက်ကြောင့်

အရေကိုလွှာ အသားကိုလှီး

အတွင်းက ကလီစာကို ပါ

ရန်ရှာလာလို့ သည်းမခံနိုင်တဲ့ဟန်ပန်များနဲ့...........

ရိုးမတောင်တန်းကြီးတွေက

ရှိုက်ကြီးတင် ငိုကြွေးသံတွေက

မိုးယံထက်မှာ ၀မ်းနည်းဖွယ်ရာ

လွင့်ပျံနေဆဲပါဘဲ အဖေရေ… .။

ကမ္ဘာမှာ ပညာသာအဓိကလို့

နိုင်ငံတကာက ကြွေးကြော်

နည်းပညာအားကိုးနဲ့ အမှီလိုက်ကာ

အဆင့်အတန်း မြင့်မားဖို့အတွက်

ကြိုးစားနေကြချိန်မှာ အဖေ့ရင်သွေး

ဗမာပြည်သားလေးတွေက ၀မ်းရေး အတွက်

အမှိုက်ကောက်ရတဲ့ အရေအတွက်

ပိုမိုတိုးတက်လာတာ မြင်နေရဆဲပါဘဲ အဖေရေ…. ။

လွတ်လပ်ဖို့ ဒို့များ ကြံရင်ကွယ်

အကြမ်းနည်းကို သုံးရမယ်…

အနုကိုသုံးရမယ်…..ဥပဒေထုံးနဲ့ရယ်

နည်းလမ်းကျကျ အာဏာဖီဆန်

သပိတ်မှောက်ရမယ်……. ဆိုတဲ့

အဖေတို့ ခေတ်က သီချင်းသံလေးကို

ကြားမိတိုင်း တော်လှန်ရေး ဆိုတဲ့ အသံကိုငြင်းဆန်

ပြည်သူလူထုကြီး နစ်နာမယ်လို့ အကြောင်းပြ

အာဏာရှင်တွေ လုပ်သမျှ ဒူးထောက်တောင်းပန်ဖို့

ကြိုးစားနေတဲ့ လူတွေကို မြင်ရင်

အဖေဘယ်လို နေမလည်း …….တွေးမိပါသေးတယ် အဖေရယ် …… ။

လွတ်လပ်ရေးရဲ့ ယဇ္ဇ်ပလင်ထက်ကို

ရဲရဲကြီး တက်သွားကြတဲ့ အဖေက

စိတ်ပျက်စွာနဲ့ ညည်းညူနေတဲ့ လူအများအတွက်

ငါတို့ အသက်တွေ ပေးဆပ်ခဲ့တာ

မင်းတို့တတွေ ငြီးတွားဖို့ မဟုတ်ပါလို့

တမလွန် ဘုံဘ၀က အားမလို အားမရနဲ့

လှမ်းပြောနေသလို နားထဲမှာ ကြားလိုက်နေရတယ် ။

သေချာ နားဆင်ကြည့်တော့မှ

ဗမာပြည်ရဲ့ ကောင်းကင်ယံမှာ ပျံလွင့်နေတဲ့

အားပါလှတဲ့ အသံတခု…….

သူရဲကောင်းတွေရဲ့ အရိုးတွေက

တွေဝေနေတဲ့ လူအများကို

တွန်သံတွေ ပေးရင်း……… လှမ်းမေးနေပြီ

" မင်းတို့ခေတ်ကြမှ အညံ့ခံကြတော့မှာတဲ့လား… တဲ့ " ။


http://www.facebook.com/note.php?note_id=245149972169324



ကဗျာလေးနဲ့ ပက်သက်ပြီး ပြောကြားချင်တာများ ရှိခဲ့ရင် ဒီလင့်လေးကိုနှိပ်ပြီး လာရောက် ရင်ဖွင့်ကြဖို့ လေးစားစွာ မေတ္တာရပ်ခံ ပါတယ် ခင်ဗျာ ။



ခင်မင်လေးစားလျှက်


ဗမာ့သွေး


Monday, July 18, 2011

အမျိုးသားခေါင်းဆောင်ကြီး သို့မဟုတ် နှလုံးသားလှပတဲ့ သူရဲကောင်း


အမျိုးသားခေါင်းဆောင်ကြီး သို့မဟုတ် နှလုံးသားလှပတဲ့ သူရဲကောင်း



တိုင်းပြည် တာဝန် အမြင့်မားဆုံး စွမ်းဆောင်ကာ မိမိတို၏ အသက်ကို ပဓါန မထားဘဲ တိုင်းပြည် အတွက် ဆောင်ရွက်ရင်း ကျဆုံးခဲ့ရလို့ အာဇာနည်လို့ သတ်မှတ်ကာ တတိုင်းပြည်လုံးက အမြတ်တနိုးနဲ့လေးစားချစ်ခင်ကာ ပြည်သူလူထုနှလုံးသားမှာ ကဗ္မည်းမော်ကွန်း တင်ထားခဲ့တဲ့ သူရဲကောင်းတွေရဲ့ ပုံရိပ်တွေက ကမ္ဘာတည်အောင် တည်တံ့နေမှာ အမှန်ပါဘဲ ။ ထိုအထဲကမှ သူရဲကောင်းတို့ အခေါင်ထွဋ်ဖျား ၊ မြန်မာနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင် တပ်မတော်သားတို့ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဘာကြောင့် သူတပါးတွေထက် ပိုမို ကျော်ကြားကာ ထင်ရှားနေရသလည်း ဆိုတာကို အဖြေရှာကြည့်ရင် သူရဲ့ လှပသော နှလုံသား အကြောင်းကိုလည်း မေ့ထားလို့ ရမယ် မထင်ပါဘူး ။


တိုင်းတပါးကျွန် ဘ၀မှာ နေရတာထက် သေရတာ ပိုမြတ်ပါတယ် ခံယူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းက ရာထူးကိုလည်း မမက် အာဏာကိုလည်း မခင်တွယ် ၊ အခွင့်အရေးမှန်သမျှကိုလည်း ရှောင်ရှားကာ တိုင်းပြည် အတွက် ကြိုးစားပုံလေးများထဲက ကျနော် ကြားနာ မှတ်သား ဖူးတာလေးများကို ပြန်လည် ဝေမျှလိုက်ပါတယ် ။

1940 ပြည့်နှစ် ဇန်န၀ါရီလ မှာ ဒို့ဗမာ့ အစည်းအရုံးရဲ့ အလုပ်မှုဆောင် အစည်းအဝေးကို မန္တလေးမြို့မှာ ကျင်းပလေသည် ။ ထိုအချိန်မှာ ဗြိတိလျှ လေဘာပါတီ ခေါင်းဆောင် ဆာ စတက်ဖို့ကရစ် က ဗမာနိုင်ငံ အခြေအနေကို လေ့လာဖို့ ရောက်လာခိုက်နဲ့ ကြုံလို့ ဒို့ဗမာ့အစည်းအရုံးဝင် များနဲ့တွေ့ဆုံခဲ့စဉ်က ထိုလေဘာပါတီ ခေါင်းဆောင်က သခင်အောင်ဆန်းတို့ အဖွဲ့ကို အခုလို ပြောပါတယ် ။

ဗမာပြည်ကို မရောက်ခင်က ခင်ဗျာတို့ အစည်းအရုံးဟာ လူရမ်းကားလေးတွေ ၊ ဆင်ခြင်တုံတရား ကင်းမဲ့ကာ သူပုန်ထဖို့ ကြိုးစားနေသူတွေ ၊ ပညာလက်မဲ့ အလုပ်လက်မဲ့တွေ စုပေါင်းနေတဲ့ အဖွဲ့အစည်းကြီးလို့ သိထားရတာ ။ ဒီကိုရောက်မှ အားလုံး အမြီးနဲ့ခေါင်း လွဲနေသလို ဖြစ်နေတယ် ဆိုတာကို ပြောရင်း သဘောကျစွာ ဟားတိုက် ရီနေပါတယ် ။


ထိုအခါ သခင်အောင်ဆန်းက ရယ်မောလျှက် ဒါက ဓမ္မတာပါဘဲ ။ အုပ်စိုးသူ အစိုးရ ဆိုတာ အုပ်ချုပ်ခံ လူတန်းစား အပေါ်မှာ အခုလို သဘောထားလေ့ရှိပါတယ် ။ အထူးသဖြင့် ကျနော်တို့က အတိုက်အခံ လုပ်နေတော့ သူတို့တွေ ဒီလို သတင်းလွှင့်ကြမှာပါဘဲ ။
တခုပြောချင်တာက ဗမာပြည်မှာ ရှိတဲ့ လူငယ်လူရွယ်တွေ ပညာမဲ့ အလုပ်လက်မဲ့ လူပေလူတေ လေးတွေ ဖြစ်ရတယ် ဆိုရင် ဘယ်သူ့ အပြစ်လည်း ။
ဗြိတိသျှ အုပ်စိုးခြင်း အောက်မှာ ဖြစ်ရတဲ့ အခုလို အဖြစ်အပျက် အတွက် ဗြိတိသျှ လူမျိုးတွေ ရှက်စရာ ကောင်းတာပေါ့ လို့ပြန်ပြောပါတယ် ။



ကရစ်ပ် ။ ။ တခုလောက် မေးစမ်းပါရစေ ၊ စပ်စုတယ်လည်း သဘောမထားပါနဲ့ ၊ ရင်းနှီးလို့ အခုလို မေးရဲတာပါ ။ ခင်ဗျာတို့က
အင်္ဂလိပ် လက်အောက်ခံ ဘ၀က လွတ်မြောက်ဖို့ ကြိုးစားနေကြတယ် ။ ဘယ်လိုနည်းနဲ့လွတ်မြောက်အောင် လုပ်ကြမှာလည်း ။

သခင်အောင်ဆန်း ။ ။ နည်းကတော့ ကျန်ာတို့ တရားတယ် ထင်တဲ့ နည်းလမ်းနဲ့ ရအောင် ပြန်ယူမှာပါဘဲ ။

ကရစ်ပ် ။ ။ မစ္စတာ အောင်ဆန်း ပြောတာ သိပ် နားမလည်ဘူး ၊ ထပ်ရှင်းစမ်းပါအုံး ။

သခင်အောင်ဆန်း ။ ။ ရှင်းပါတယ် ။ တရားတယ် ထင်တဲ့ နည်းလမ်း ဆိုတာ ရရာ နည်းလမ်းနဲ့ လုပ်ရမယ်လို့ ဆိုတာပါဘဲ ။ ဥပမာဗျာ ခင်ဗျား အိပ်ထဲက ဖောင်တိန်လေးဟာ ကျနော်ပိုင်တဲ့ ဖောင်တိန် ဆိုပါတော့။ ခင်ဗျားက ကျနော့်ဆီက အနိုင်ကျင့်ပြီး လုယူသွားတယ် ထားပါတော့ ။ ဒီတော့ ကျန်ာက ခင်ဗျားကို ပြန်လည် တောင်းပန်ပြီး ပြန်ပေးပါလို့ ချော့တောင်းမယ် ၊ မရရင် နောက်တနည်းနဲ့ ပြန်တောင်းမယ် ။ ဒီလိုမှ မရတဲ့ အဆုံးကျတော့ မပေးဘူးလား ပေးမလား ဆိုပြီး ခြိမ်းခြောက်တောင်းမယ် ။ ဒါနဲ့မှ မရရင် ဟောဒီလို အတင်းလုမယ် ။

သခင်အောင်ဆန်းသည် ပြောပြာဆိုဆို ကရပ်စ်ဖို့ ၏ အိပ်ကပ်ထဲက ဖောင်တိန်ကို ဆွဲယူလိုက်ရာ ကရပ်စ်၏ ကုတ်အကျီ်အိပ်ကပ်ကြီးပါ ပြဲ၍ ပါလာတော့သည် ။

သခင်အောင်ဆန်းမှာ ဧည့်သည်တယောက်၏ အကျိံင်္ီ ပြဲသည်ကိုပင် အားမနာတတ် ၊ အလိုက်မသိတတ်ဘဲ ဆက်ပြောလိုက်သေးသည် ။ ကဲ အဲဒီနည်းဟာ ကျနော်တရားတယ် ထင်တဲ့နည်းဘဲ ။ ကျနော့် ဖောင်တိန်ပြန်ရတာ လိုရင်းဘဲ ။ ကရပ်စ်မှာ ဘာမှ မပြောနိုင်ဘဲ အားရပါးရ ဟားတိုက်၍ ရယ်မောနေတော့သည် ။


သခင်အောင်ဆန်းက ဆက်ပြီး ကဲ . အခုလို လုပ်ယူရတော့ ကောင်းသေးရဲ့လား ။ ကျနော့်မှတော့ ဖောင်တိန်ပြန်ရပါရဲ့ ခင်ဗျားမှာတော့ အင်္ကျီအိပ်ကပ် အပြဲခံရတာသာ အဖတ်တင်သာပေါ့ ။ စောစောကသာ ပေးလိုက်ရင် အင်္ကျီလည်း မပြဲဘူး ။ ကျနော့်လက်တောင် တော်တော် နာသွားတယ်။ ခု ကျနော် ပြောနေတာတွေက အပိုပြောတာလည်း မပါဘူး ။ ခြိမ်းခြောက်တာလည်း မဟုတ်ဘူး ။ တကယ်ဖြစ်လာနိုင်တာကို ပြောပြတာဘဲ ။

ကရပ်စ်မှာ ဘာမှ မပြောနိုင် ။ အူတတ်မတတ် ဖြစ်နေရှာသည် ။ နောက် အတန်ကြမှာ အို ချစ်စရာ ကောင်းတဲ့ အောင်ဆန်း ၊ ချစ်စရာ ကောင်းတဲ့ အောင်ဆန်းဟူ၍သာ ထပ်ကာထပ်ကာ ရေရွတ်၍ နေရှာပါတော့သည် ။

၎ရက် ၁ရက်၁၉၆၃ ခုနှစ် ကြေးမုံ သတင်းစာ ပါ သခင်တင်မောင် ( ကျုမငေး ) တင်ပြထးတဲ့ ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံလွှာမှ ကောက်နူတ်ချက်



ကိုယ်ပိုင် အုပ်ချုပ်ရေး နှင့် လွတ်လပ်သော တိုင်းပြည် အဖြစ်သို့ ရောက်ရှိစေရေး အတွက် ရန်သူကို ထိုသို့ သဘောထားကာ သံမဏိ စိတ်ဓါတ်ဖြင့် ဆက်ဆံခဲ့သော ဗိုလ်ချုပ်အောင်ဆန်းသည် တကယ်တော့ နှလုံးသား လွန်စွာ လှပကာ ကိုယ်ချင်းစာ တရားဖြင့် လွန်စွာမှ ဂရုဏာ အားကြီးသည့် ပုဂ္ဂိုလ်ပင် ဖြစ်လေသည်။



စစ်သေနာပတိကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ ရန်သူတွေနဲ့ ဆက်ဆံတဲ့ အခါ ကြမ်းတမ်းခက်ထန်သလောက် သူ့ရဲ့ နှလုံးသားက ဘယ်လောက် နူးညံ့သလည်း ဆိုတာကို ထိုစာလေးက ဖော်ပြနေတယ်


တိုင်းပြည်ရဲ့ အကြီးမားဆုံး ရာထူးကို ယူထားတဲ့ ဗိုလ်ချုပ်ဟာ ပဲပြုတ်နဲ့ နံပြားစားချင်တာကို အိပ်ပျော်နေတဲ့ သူ့ရဲ့ ချစ်ဇနီး အိပ်ရေးပျက်မှာ စိုးလို့ မနိုးရက်ဘဲ စာတိုလေးရေးပြီး မှာကြားထားတာလေးက တကယ့်ကို လေးစားဖွယ် ကောင်းတဲ့ နှလုံးသား အလှပိုင်ရှင်ပါဘဲ.....။ ငါက အိမ်ထောင်ဦးစီး ၊ တိုင်းပြည်ရဲ့ အကြီးအကဲ ဆိုတာတွေ မေ့ဖျောက်ပြီး အာဏာပါဝါ ကို အသုံးမချဘဲ ချစ်ဇနီးကို ချစ်ခင်မြတ်နိုးသည့် စိတ်ထဲက ဆန္ဒကို ရိုးသားစွာ ဖော်ပြထားတဲ့ ထိုစာလေးကို မြင်တိုင်း ကျနော် မျက်ရည်ဝဲခဲ့ရလို အိမ်ထောင်ဖက် အပေါ်ကို ထားရှိတဲ့ စေတနာက ယောက်ျားလေးတိုင်း အတုယူသင့်တယ်လို့ထင်မြင်ယူဆ မိပါတယ် ။


ကျနော်တို့ ဗိုလ်ချုပ် ရဲ့ လုပ်ဆောင်ချက်များကို ကြည်ညိုလေးစားလွန်းသေားကြောင့် စားဝတ်နေရေး ကြပ်တည်းနေတဲ့ သခင်အောင်ဆန်းကို အကူအညီပေးချင်လို့ ဒီရွှေထုပ်လေးကို အပ်နှံလာတဲ့ လူကို လုံးတီးဆန်ကို စုံကန်မြောနေရတဲ့ သခင်အောင်ဆန်းက ကျနော့် အတွက်က သိပ်အရေးမကြီးမလှပါ ။ အဖွဲ့ချုပ်မှာ ရန်ပုံငွေ လိုအပ်နေလို့ အဖွဲ့ချုပ်ကိုသာ သွားလှူလိုက်ပါလို့ အကြံပေးတော့ ရွှေထုပ်လာပေးတဲ့ ပုဂ္ဂိုလ်က သိပ်သဘောမကျပေမယ့် ဗိုလ်ချုပ်ကို ချစ်တော့ သူ့စကားကို မဆန့်ကျင်ဘဲ အဖွဲ့ချုပ်ကိုဘဲ သွားလှူပေးလိုက်ပါတယ်တဲ့ ။ အဲဒီအချိန်က သခင်အောင်ဆန်းအိမ်မှာ ဘယ်လို ဖြစ်ပျက်နေလည်း ဆိုတာ အောက်က အဖြစ်အပျက်လေးကို ဖတ်ကြည့်လိုက်ရင် ခင်ဗျားတို့ ပိုမို နားလည်သွားကြမှာပါ ။

ဗိုလ်ချုပ်အလုပ်သွားခါနီး သူ့ဇနီးသည်က သူ့အတွက် ပြင်ဆင်ပေးထားတဲ့ ထမင်းဖြူလေးနဲ့ ၀က်အူချောင်း ငါးတုံး လောက် မနက်စာကို စားတော့မယ့် အချိန်မှာ ဗိုလ်ချုပ်ရဲ့ အနားကို သူရဲ့ ရင်သွေးငယ် နှစ်ဦးက လာထိုင်လို့ ဗိုလ်ချုပ်ကိုယ်တိုင် ထမင်းခွန့်ကျွေးခဲ့ဘူးတယ်.....။
သားကြီးကို ခွန့်လိုက် သားငယ်ကို ခွန့်လိုက်နဲ့ သူ့ကိုယ်တိုင်တော့ တလုပ်မှ မစားရသေးပါဘူး ။ ရှိနေတဲ့ ဟင်းက ၀က်အူချောင်းလေး ငါးတုံး သူ့အတွက် ဆိုတာ ဘာမှ မကျန်တော့ပေမယ့် မိဘမေတ္တာကြောင့် ဗိုလ်ချုပ်ဟာ သူ့အတွက်ကို မေ့ထားပုံရပါတယ် ။ ဒီမြင်ကွင်းကို ကြည့်ရင်း သူ့ဇနီးသည်က အရမ်းကို ၀မ်းနည်းလို့ မျက်ရည်ရွှဲလဲ နဲ့ ငိုချင်နေပေမယ့် သူ့ ခင်ပွန်းသည် သိမှာ စိုးလို့ လိုက်ကာလေး အကွယ်က တိတ်တိတ်လေး ငိုကြွေးရင်းက အဖေ့အလုပ်သွားတော့မှာ သားတို့ရယ် .....မင်းတို့ အဖေကို မနှောက်ယှက်ပါနဲ့လို့ လှမ်းပြောလိုက်တယ်တဲ့.။



အဲဒီအချိန်မှာ သူတို့ မိသားစု ဖြစ်ပျက်နေပုံလေးကို အစ်ကိုကြီး အရင်းဖြစ်တဲ့ ကိုအောင်သန်းက သူတို့ အိမ်ကို ရောက်အလာမှာ မြင်တွေ့ရလို့ချုံးပွဲချကာ ငိုကြွေးပြီး ညီငယ်မိသားစုကို ကူညီဖို့ အရေး အတွက် သူ့ဇနီးသည်ကို ငွေမှာပြီး ပေးခဲ့ပြန်တယ် ။

တနိုင်ငံလုံးရဲ့ စစ်သေနာပတိ ရာထူးကို ယူထားကာ အမျိုးသား ခေါင်းဆောင်ကြီး ဖြစ်တဲ့ ညီငယ်ဟာ ထမင်းတောင် တူတူတန်တန် မစားရဘဲ ဖြစ်သလို စားနေရတာကို မြင်ရတော့ သူ့ရင်မှာ မချိခံစားရတယ်တဲ့ဗျာ.။ ကျနော်တို့သာ ဗိုလ်ချုပ်နေရာမှာ ဆိုရင် အဲဒီလို နေနိုင်ပါ့မလား လို့ တွေးမိရင်းက လေးစားလွန်းလှသလို ဒီလို စိတ်ရင်းစေတနာနဲ့ ပြည့်စုံတဲ့ ကျွန်ူပ်တို့ ဗိုလ်ချုပ်ဘ၀ ကို သနားချစ်ခင်ကာ ကျနော်လည်း မျက်ရည်တွေ ကျဆင်းခဲ့ရဘူးပါတယ် ။



လက်နက်တိုက်ထဲက လက်နက်တွေ ထုတ်သွားလို့ စိတ်ပူနေတဲ့ လူအများက ဗိုလ်ချုပ် လုံခြုံရေး အတွက် စိတ်ပူလို့ လုံခြုံရေး ပေးတော့ ကျနော်တို့ ဗိုလ်ချုပ်က သူ့အတွက် အပန်းမကြီးစေချင်လို့ ပြန်လည် ရုပ်သိမ်းခိုင်းတယ်ဗျာ.....။ ငါက မဟုတ်တာ မလုပ်တော့ လုပ်ကြံသူ ရှိမှာ မဟုတ်ပါဘူး တဲ့ ငါ့ကလေးတွေ အတွက် တော့ ငါစိတ်ပူတယ်ကွာ ဆိုပြီး ညီငယ်တစ်ယောက်လို ချစ်ခင်တဲ့ ကိုနေ၀င်းကို ဖွင့်ပြောတယ်တဲ့.။

သူ့မိသားစု အတွက် ၊ အထူးသဖြင့် သူ့ကလေးတွေ အတွက် တော့ စိတ်ပူရှာလို့ သူ့အိမ်မှာ လုံခြုံရေး ယူထားတဲ့ သူတွေကို လက်နက်ထုတ်ပေးဖို့ စီစဉ်ခိုင်းတယ်ဗျာ.....။ ကိုယ့်အတွက်တော့ မစဉ်းစားဘဲ သားသမီးတွေ အတွက် တွေးပူတတ်တဲ့ သူရဲကောင်းကြီးက ဖခင်ပီသတဲ့ စိတ်ဓါတ်လေးနဲ့ သူ့မိသားစု အပေါ်မှာတော့ အင်မတန်မှ ချစ်ခင်တဲ့ ယောက်ျားကောင်း ယောက်ျားမြတ်ကြီးပါလားဆိုပြီး အရိုအသေပေးမိပြန်ပါသေးတယ် ။


ကိုယ့်အသက်ထက် သားသမီးအရေး စဉ်းစားပေးခဲ့တဲ့ နှလုံသားလှတဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက တကယ်ဆို သူသေမှာကို သိနေခဲ့သူဆိုတာ အောက်ပါ အဖြစ်အပျက်လေးက သက်သေခံထားပါတယ် ။


တိုင်းပြည်အတွက်နောက်ဆုံး အကြိမ် အရေးဆိုဖို့ အင်္ဂလန်ကို ရောက်နေတုန်း ညတညမှာ ဗိုလ်ချုပ်ဟာ ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို အရေးတကြီး တွေ့ခွင့်တောင်းခဲ့ပါတယ် ။ တိုင်းပြည် အရေးကို ဆွေးနွေးဖို့ ထင်မှတ်တဲ့ ဒေါ်မန်စမစ်က လက်ခံ တွေ့ဆုံတဲ့ အခါ ဗိုလ်ချုပ်က ဘာပြောသလည်း ဆိုတော့... ကျနော် အထီးကျန် ဖြစ်လွန်းလို့ ခင်ဗျားနဲ့ စကားပြောချင်လို့ပါ ပြောတဲ့ အခါ ဆာဒေါ်မန်စမစ် က အံ့သြသွားတယ် ။




တိုင်းပြည် တပြည်လုံးရဲ့ မျက်စိမျက်ဆန်လို ဖြစ်နေတဲ့ ခင်ဗျားလို့ အမျိုးသား ခေါင်းဆောင်ကြီးက အထီးကျန်ဆန်တယ်လို့ ပြောတော့. ကျနော်စိတ်ထဲမှာနားလည်လို့ မရဘူးလို့ ဆာဒေါ်မန်စမစ်က ပြန် ပြောတဲ့ အခါ့  ဗိုလ်ချုပ်အောင်ဆန်းက မျက်နှာက ချက်ချင်း တင်းသွားပြီး ကျနော် တိုင်းပြည်ကို လွတ်လပ်စေချင်လို့ နိုင်ငံရေးလုပ်ခဲ့တာပါ အမျိုးသားခေါင်းဆောင် ဖြစ်ချင်လို့ နိုင်ငံရေး လုပ်ခဲ့တာ မဟုတ်ဘူး ၊

ကျနော်တို့ တိုင်းပြည်ရဲ့ အမျိုးသားခေါင်းဆောင်ဘ၀ဟာ ဒီလောက် အထီးကျန်ဖြစ်လိမ့်မယ်လို့ တခါမှ မထင်ထားခဲ့ဘူး ။ ဒီမယ် ကျုပ်တို့ တိုင်းပြည်ရဲ့ အမျိုးသား ခေါင်းဆောင် ဘ၀က သက်တမ်း ဘယ်လောက် ရှိလိမ့်မယ် ထင်လည်း ။ အလွန်ဆုံး သုံးနှစ်ဘဲ ၊ အခု ကျနော် ၁၈ လ ရှိပြီ နောက်နေရလှ ၁၈လ ပါဘဲ လို့ ပြောရင်း ဗိုလ်ချုပ်က မျက်ရည်တွေ ကျဆင်းလာတယ် ။


ဆာဒေါ်မန်စမစ်က ဘာပြောသလည်း ဆိုရင် တကယ်ဆို သူဟာ သေမှာကို အတိအကျနီးပါး သိနေခဲ့သူပါ ။ ဗိုလ်ချုပ် မန္တလေးကို စည်းရုံးရေး ဆင်းသွားတော့ ရဟန်းပညာ ရှိ ၊ လူပညာရှိတွေက ဗိုလ်ချုပ်ဇာတာကို တွက်ချက်ကြည့်တဲ့ အခါ မကြာခင် လုပ်ကြံခံရလိမ့်မယ်လို့ တညီတညွတ်တည်း ထွက်ဆိုထားတာရယ် ၊ သူ့ရဲ့ ပင်ကိုယ် ဗီဇ ကြောင့်ရယ်လို့ သိနေရတဲ့ အကြောင်းအရင်း နှစ်ခု ရှိနိုင်တယ်တဲ့ ။

တကယ်ဆို ဗိုလ်ချုပ် မျက်ရည် ကျတာဟာ သူသေမှာကို ကြောက်လို့ မဟုတ်ပါဘူး ၊ အရမ်းရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ ရှေ့မှာ ရင်ဖွင်ပြတဲ့ သဘောနဲ့ မျက်ရည်ကျသွားတာပါလို့ ဆာဒေါ်မန်စမစ်က သူရေးထားတဲ့ စာအုပ်ထဲမှာ ရှင်းလင်းပြခဲ့ဘူး တယ်.....။

ဗိုလ်ချုပ်ဟာ သူသေရမှာကို သိနေပေမယ့် တိုင်းပြည်အရေး ဆောင်ရွက်စရာ တွေ နှောင့်နှေးကုန်မှာ စိုးလို့ လွတ်လပ်ရး ဆိုတဲ့ ပန်းတိုင်အတွက် အရာအားလုံးကို ဥပက္ခပြုပြီးချီတက်သွားတဲ့ အမြင့်မြတ်ဆုံး သူရဲကောင်း တစ်ယောက်ပါ ။ ကျနော်တို့ တတွေ ဗိုလ်ချုပ်ကို တကယ်ချစ်တယ် ဆိုရင် ဗိုလ်ချုပ် ဖြစ်စေချင်တဲ့ ဆန္ဒများကို အမြန်ဆုံး အကောင်အထည်ဖော်ပေးနိုင်အောင် ကြိုးစားကြရလိမ့်မယ် ။


ကျနာ် စဉ်းစားမိတာ တခုက ဗိုလ်ချုပ်လို ရဲရဲတောက် သူရဲကောင်းကြီး တစ်ယောက်ကို တောင် မျက်ရည်ကျလောက်အောင် အတိုက်အခံ လုပ်ကြတဲ့ လူအများက ယခင်က ရှိခဲ့ကြ ပေမယ့် သူ့ရဲ့ ဦးတည်ချက် ဖြစ်တဲ့ လွတ်လပ်သော နိုင်ငံ အဖြစ်သို့ ရောက်အောင် ချီတက်သွားတာပါဘဲ ။ အတိုက်အခံများက နောက်ဆုံးနည်းလမ်းကို ကျင့်သုံးကာ လုပ်ကြံသတ်ဖြတ်ခဲ့လို့ မြန်မာနိုင်ငံ အတွက်ဆိုတာ အသာထား ကမ္ဘာမှာတောင် နှစ်တရာ အတွင်းမှာ တကြိမ်သာ ပေါ်ထွန်းနိုင်တဲ့ ကြယ်တပွင့် ရင်နင့်ဖွယ်ရာ ကြွေကျခဲ့ရပါတယ် ။


ယခုလည်း သူ့ရဲ့ ရင်နှစ်သည်းချာ တိုင်းပြည်ရဲ့ ရတနာတပါးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးမျိုး ၀ိုင်းဝန်း ထိုးနှက်နေကြတာဘဲ ။ ဒါတွေကို ကြည့်ပြီး တကယ် စိတ်မကောင်း ဖြစ်မိပါတယ် ။ ကိုယ့်အမှားကို ကိုယ်သိပြီး ပြင်ကြရင် အချိန်မှီတန် ကောင်းပါ့ရဲ့ဗျာ.။

ဗိုလ်ချုပ်အောင်ဆန်းက ပြောထားတဲ့ စကားလေး
တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက်အားတိုက် လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာပဲ။ ဗမာ ကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ကချင်၊ ချင်းတို့က တခြား အကွဲကွဲအပြားပြား လုပ်နေကြရင် အကျိုးရှိမှာမဟုတ်ဘူး။ စုပေါင်းလုပ်မှာသာ အကျိုးရှိ နိုင်မယ်။ လုပ်ကြည့်မှလည်း အကျိုးရှိကြောင်း သိနိုင်တယ်”

ဒါပေမယ့် အခုချိန်မှာ လူတစုက ပြည်တွင်းပြည်ပလည်း ခွဲခြား ၊တိုင်းရင်းသား မျိုးနွယ်စုများကိုလည်း မသိမသာ သွေးခွဲနဲ့ စိတ်ပျက်စရာ သိပ်ကို ကောင်းတယ်ဗျာ.........။ အဲဒီလူတွေကဘဲ တော်လှန်ရေး ဆိုတဲ့ အသံကို လူတွေက မုန်းတီးနေကြကာ ပြည်သူလူထု နစ်နာပါတယ်လို့ အကြောင်းပြပြီး လက်ရှိအစိုးရ လုပ်ရပ်များကို မသိမသာ အားပေးကြပြန်တယ် ။ ။တကယ်ဆို တော်လှန်ရေး ဆိုတာ လူ့သမိုင်းတလျှောက်မှာ အင်မတန်မှ အရေးပါတဲ့ အခန်းဂဏ္ဍက ရပ်တည်ခဲ့တယ် ဆိုတာ သမိုင်းမှာ အထင်အရှားပြခဲ့ပါတယ် ။


မဟုတ်လျှင် မခံ ၊ မတရားလျှင် တွန်းလှန် ၊ ဖိလျှင် ကြွမည် ၊ ထိလျှင် ချမည် ဟူသော အမှန်တရားဘက်က ရဲရဲရင့်ရင့် ရပ်တည်ကာ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်အောင် ကျနော်တို့ တိုင်းပြည်မှာ ကြီးစိုးနေတဲ့ အာဏာရှင် စနစ်ဆိုးကို ၀ိုင်းဝန်းတိုက်ထုတ်ကြပါစို့လို့ အသိပေးရင်း လေးစားစွာ နိုးဆော် တိုက်တွန်းရင်း ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများအား ဦးညွှတ်ကာ ဂါရ၀ပြုလျှက် ...။




http://www.facebook.com/note.php?note_id=244031608947827

ဒီဆောင်းပါးလေးနဲ့ပါသက်ပြီး ပြောကြားစရာ များရှိခဲ့ရင် အောက်ပါလင့်လေးကို နှိပ်ကာ လာရောက် ရင်ဖွင့်ကြဖို့ လေးစားစွာ မေတ္တာရပ်ခံပါတယ် ခင်ဗျာ ။




ခင်မင်လေးစားလျှက်
ဗမာ့သွေး