Wednesday, September 14, 2011

သမ္မတကြီးနှင့် အင်တာဗျူး


ဟားဟားဟား..သမ္မတကြီးရေ.......... ကျနာ် လာပါပြီ ခင်ဗျာ....။

သမ္မတကြီး.....။ ။ ဒီမယ် မောင်ရင် မင်းက အင်တာဗျူး လုပ်ချင်တယ် ဆိုလို့ ငါက လက်ခံလိုက်တာ ဘယ့်နှယ့်ကွာ ငါကိုတွေ့တာနဲ့ တဟီးဟီး တဟားဟားနဲ့ လင်းစမ်းပါအုံးကွ...။

အင်တာဗျူယာ ။ ။ သမ္မတကြီးတို့ အဖွဲ့က ပြည်သူတွေကို ပျော်ရွှင်မှုတွေ ပေးချင်လို့ ဟာသတွေ လုပ်ပြနေတယ်ထင်ပြီး ကျနော်က အားပေးတဲ့ အနေနဲ့ အလိုက်တသိနဲ့ရီပြတာ ပါခင်ဗျာ..။ ကဲ သမ္မတကြီးရေ.........အမေးအဖြေလေးတွေ စလိုက်ကြရအောင်.......။

မေး ။ ။ သမ္မတကြီးက ဗုဒ္ဓဘာသာဝင် အစစ်လို့ ခံယူထားပါသလား ခင်ဗျာ ။

ဖြေ ။ ။ ခက်ပါ့ မောင်ရင်ရယ်... သံဃာတော် သတ်ပြထားတာ ဒီမေးခွန်း ရှင်းနေတာဘဲ ။

မေး ။ ။ စစ်အာဏာရှင်တွေဟာ လဘ်စားတဲ့ နေရာမှာ ထိပ်တန်းဖြစ်နေပါလျှက် သမ္မတကြီးက လဘ်မစားဘူးလို့ နံမည်ကြီးနေရတဲ့ အဓိက အကြောင်းအရင်းက ဘာလည်း ဆိုတာ သိပါရစေ ခင်ဗျာ ။

ဖြေ ။ ။ ငါ့ရဲ့ တာဝန်တော်တော်များများကို ငါ့မိန်းမက ထမ်းဆောင်ပေးနေလို့ ဖြစ်မှာပါ ။

မေး ။ ။ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ တခါမှ မကြုံတွေ့ခဲ့ရတာတွေ လုပ်ပြမယ်လို့ သမ္မတကြီး ကြွေးကြော်ခဲ့တယ်နော်..။

ဘာတွေ လုပ်ပြမယ်လို့ စဉ်းစားထားလည်း ။

ဖြေ ။ ။ တတိုင်းပြည်လုံး သိသာအောင် ယောက်ျားကြီး တွေ ဖြစ်ပေမယ့် ချိတ်ထမီဝတ်ပြခဲ့တာ မြန်မာသမိုင်းမှာ ရှိခဲ့လို့လား.။ မြင်တတ်အောင် ကြည့်ကြစမ်းပါ...ဗျာ ။ အခု မြန်မာပြည်ရဲ့ အကြီးမားဆုံး ဧရာဝတီမြစ်ကြီးကို မြောင်းဖြစ်အောင် လုပ်ပြအုံးမယ် ။

မေး ။ ။ သမ္မတကြီးက တက်တက်ချင်းဘဲ အကြံပေးတွေ ခန့်လိုက်တာတွေ့ရပါတယ် ။ မရှင်းတာ တခု မေးချင်လို့ပါ ။ သူတို့က အကြံပေးတာလား ၊ သမ္မတကြီးတို့က အကျန်ပေးတာလား ။

ဖြေ ။ ။ သူတို့ကို ငါတို့က အကျန်ပေးတဲ့ အတွက် သူတို့က ငါတို့ကို အကြံပြန်ပေးတယ်လို့ ပြောလို့ရသလို ငါတို့ကို အကြံပေးတဲ့ အတွက် ငါတို့က အကျန်ပြန်ပေးတယ်လို့လည်း ပြောလို့ရပါတယ်...။

မေး ။ ။ သမ္မတကြီးက ပြည်သူတွေ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ဖို့ အတွက် အလုပ်ရုံ ဆွေးနွေးပွဲက ဘယ်လို စိတ်ကူးကောင်းတွေကို ရရှိခဲ့လည်း ခင်ဗျာ ။

ဖြေ ။ ။ လောလောဆယ်တော့ တောင်းစားတဲ့ လူတွေကို အကုန်ဖမ်းပြီး ထောင်ချဖို့ ကြိုးစားလုပ်ဆောင်နေပါတယ် ။

မေး။ ။ ဧရာဝတီက မြန်မာနိုင်ငံရဲ့ အသက်သွေးကြော ဖြစ်လို့ ဒီဆည်ကြီးသာ ဆောက်ဖြစ်လိုက်ရင် တိုင်းပြည်ကြီးပါ ဒုက္ခရောက်သွားနိုင်တဲ့ အနေအထားကို ဘယ်လို ကျော်လွှားဖို့ စဉ်းစားထားလည်း ခင်ဗျာ ။

ဖြေ ။ ။ ပိုင်ဆိုင်မှု တော်တော်များမျာကို နိုင်ငံခြားဘဏ်တွေမှာ ပြောင်းအပ်ထားပြီးသွားပါပြီ ။

မေး ။ ။ နိုင်ငံခြား က စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် တိုင်းပြည်ဒုက္ခရောက်နေပါတယ်လို့ ပြောနေတဲ့သမ္မတကြီးနဲ့ အပေါင်းအပါများက ဘာကြောင့်ပိုင်ဆိုင်မှု မှန်သမျှကို တိုင်းတပါးမှ သွားပြီး ရင်းနှီးမြုပ်နှံတာလည်း သိပါရစေ ခင်ဗျာ ။

ဖြေ ။ ။ စီးပွားရေး ဆိုတာက သေချာတဲ့နေရာတွေမှာ ရင်းနှီးမြုပ်နှံမှ အကျိုးအမြတ်ရတယ် ဆိုတာ လူတော်တော်များ နားလည် သဘောပေါက်ပြီးသား ဖြစ်လို့ ထပ်မရှင်းပြတော့ပါဘူး ။

မေး ။ ။ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေ ပိုမိုများပြားလာတာ ဘာကြောင့်ပါလည်း ခင်ဗျာ...။

ဖြေ ။ ။ ငါတို့ကတော့ အားလုံးသိတဲ့ အတိုင်း ရောင်းလို့ရတာ မှန်သမျှ အကုန်ရောင်းချပေးနေတာ အားလုံး အမြင်ဘဲလေ ။

မေး။ ။ ယခင် အစိုးရ လက်ထက်မှာ တိုးတက်လာတာက ကုန်ဈေးနှုန်း ၊ ကျဆင်းလာတာက ၀င်ငွေ ၊နည်းပညာက လိပ်လို တွားသွား ပိုင်ဆိုင်မှု မှန်သမျှကို အကုန်ရောင်းစားခဲ့တဲ့ အတွေ့အကြုံ ထဲက ဘယ်လို များ ထုတ်နှုတ် အသုံးချဖို့ စီစဉ်ထားပါသလည်း ခင်ဗျာ ။

ဖြေ ။ ။ ယခင် အတွေ့အကြုံများက အတော်လေးကို ကောင်းလို့ နေရာတော်တော်များများ မှာ မှီငြမ်းကိုးကားပြီး ယခုလည်း ဆက်လက် ကျင့်သုံးသွားမှာပါ ။

မေး ။ ။ ပြန်ကြားရေး ၀န်းကြီး ဦးကျော်ဆန်းက မီဒီယာတွေနဲ့ အတွေ့မှာ သူငိုပြလိုက်တယ်နော် ၊ အဲဒါ သမ္မတကြီး ဘယ်လို မြင်ပါသလည်း ခင်ဗျာ ။

ဖြေ ။ ။ သူ့ကို မေးကြည့်ပါတယ် ။ ကိုရီးယားတွေ အကြည့်များပြီး အဲဒီထဲက သရုပ်ဆောင်တွေကို သဘောကျနေလို့တခါတခါ အဲဒီလိုဘဲ လွတ်သွားတာပါလို့ ပြောတယ်..။ သူ့ ရုပ်ရှင် သရုပ်ဆောင် ဖြစ်ချင်ပြီး အံ့ကျော်ကြီး ကို သိပ်အားကျတာလို့ သူက ပြောပါတယ် ။

မေး ။ ။ အခု လျှပ်စစ်ဝန်ကြီးက ပြည်တွင်းမှ လျှပ်စစ်ဓါတ်အားတွေ သုံးစွဲသူ မရှိအောင် ပိုလျှံနေလို့ တိုင်းတပါးကို ရောင်းစားရပါတယ်လို့ မီဒီယာတွေကို ပြေားကြားပြီး ကိန်းဂဏန်းကို ရွတ်ပြသွားတာ တွေ့ရပါတယ် ။ အဲဒါ သမ္မတကြီး ဘယ်လို မြင်ပါသလည်း ။

ဖြေ ။ ။ အဲဒီလူက ချဲရူးဗျ ၊ သူတွက်လိုက်ရင်တော့ အပိုင်ဘဲ ပြီးရင်တော့ တလွဲတွေ ကြီးပါဘဲ ။ နောက်တခုက သူက ပါဝါ ယူနစ်တောင် မှန်အောင် မတွက်တတ်လို့ လျှပ်စစ်ဝန်ကြီး ခန့်ထားတာလေ ။ အလွန်ဆုံးလွဲရင် ပြောင်းပြန်ပါဘဲ လို့ သူပြောတဲ့ စကားလေးတော့ရှိတယ်ဗျ ။

မေး ။ ။ ဒါပေမယ့် ဒီဝန်ကြီးပြောလိုက်တဲ့ စကားလုံးတွေကြောင့် အစိုးရသစ်ကြီး တဖွဲ့လုံးရဲ့ အဆင့်အတန်းက မြောင်းထဲကို ရောက်သွားသလိုဘဲနော် ။

ဖြေ ။ ။ ငါတို့ အစိုးရ အဖွဲ့သစ်ကြီးက အဆင့်အတန်းရှိတယ်လို တခါမှ မပြောဘူးပါဘူးနော် ။

မေး ။ ။ ပြည်သူလူထု တရပ်လုံးက ဧရာဝတီဟာ မြန်မာတနိုင်ငံလုံးနဲ့ သက်ဆိုင်လို့ ဒီစီမံကိန်းကို အမြန်ဆုံးရပ်တန့်ချင်နေကြပါတယ် ။ သမ္မတကြီးသဘောထားကကော ဘယ်လို ခံယူထားပါသလည်း ခင်ဗျာ ။

ဖြေ ။ ။ ငါတို့ကလည်း ဧရာဝတီဟာ ငါတို့ အကျိုးစီးပွား အဖြစ်ခံယူထားပါတယ်

မေး ။ ။ လွှတ်တော် အမတ်တွေ က ယခင်က အတွေ့အကြုံလုံးဝ မရှိလို့ အခက်အခဲ ရှိပေမယ့် အခုပြောင်းလဲလာပုံလေးကို

နည်းနည်းပြောပြပေးပါအုံး သမ္မတကြီး ။

ဖြေ ။ ။ ယခင်ကတော့ အထဲရောက်ရင် တောင့်တောင့်ကြီး ထိုင်းပြီး ပြောသမျှ လက်ညိုးထောင် ခေါင်းငြိမ့်တတ်ကြပေမယ့်

အခုတော့ လွှတ်တော်ထဲမှာ အိပ်ငိုက်ရင်းကနေ လက်ညိုးထောင် ခေါင်းငြိမ့်နေတတ်ပါပြီ ။ တခါတလေ အိပ်ရင်တောင် ထောက်ခံပါတယ်ဆိုပြီး လက်ညိုးထောင်လိုက် ခေါင်းငြိမ့်လိုက်နဲ့ ယောင်တတ်နေကြတဲ့ အဆင့်ထိ တိုးတက်လာကြပါတယ် ။

မေး။ ။ လွှတ်တော် အမတ်ကောင်း တစ်ယောက်ဖြစ်ဖို့ အရေးကြီးဆုံး လိုအပ်ချက်လေးများကို ပြောကြားပေးပါခင်ဗျာ ။

ဖြေ။ ။ ( ၁ ) နေရာယူ ( ၂ ) လက်ညိုးထောင် ( ၃ ) ခေါင်းငြိမ့် ( ၄ ) လက်ခုပ်တီး ( ၅ ) အစည်းအဝေးပြီးဆုံးကြောင်း ကြေငြာ ရင် သဘောတူကြောင်း သုံးကြိမ် ရွတ်ပြီးတာနဲ့ အခန်းအတွင်းက လျှင်မြန်စွာ ထွက်ခွာတတ်ခြင်းပါဘဲ ခင်ဗျာ ။

မေး။ ။ ယခင် အစိုးရ ကနေ အခု အစိုးရ သစ်သို့ အသွင်ကူးပြောင်းသွားတဲ့ အခါ သမ္မတကြီး စိတ်ထဲ ဘ၀င်မကျမိတဲ့ အဓိက အချက်လေးကိုရှင်းပြပေးပါ ။

ဖြေ။ ။ ယခင်တုန်းကတော့ လူနည်းစုစားပါ......အခုတော့ လွှတ်တော် အမတ်တွေပါ ပါလာတဲ့ အတွက် ဝေစားမျှစားဆိုတော့ ရပိုင်ခွင့်လေးတွေ လျှော့သွားတာပေါ့ ခင်ဗျာ ။

မေး ။ ။ လက်ရှိ အနေအထားမှ ပြည်သူလူထုက တော့ လက်ရှိ အစိုးရသစ်ကြီးကို အယုံအကြည်ကင်းမဲ့သွားပါပြီ ။ အဲဒီအတွက် ဘယ်လို ပြန်လည် တည်ဆောက်မယ်လို့ စိတ်ကူးထားပါသလည်း ခင်ဗျာ ။

ဖြေ ။ ။ ချွတ်ထမီ အစား စကဒ်ဝတ်ပြီး လွှတ်တော်တက်ဖို့ အတွက် အားသွန်ခွန်စိုက် ပြင်ဆင်နေပါတယ် ။

လောလောဆယ် လွှတ်တော်ထဲမှာ အဲဒီကိစ္စကို အကြိတ်အနယ် ဆွေးနွေးနေကြပါတယ် ။ အရာင်လေးတွေ ၊ ရှေ့ခွဲမလား နောက်ခွဲလား နှစ်ဘက်လုံးခွဲမလား ဆိုတာ အခု ဒီဇိုင်နာတွေနဲ့ တိုင်ပင်ထားပါပြီ ။

မေး ။ ။ ကျနော်တို့ တိုင်းပြည် အနာဂတ်ကို သမ္မတကြီး နဲ့ လက်ရှိ အစိုးရသစ်က ဘယ်လိုပုံစံမျိုး ထိ ပြောင်းလဲမယ်လို့ စိတ်ကူးထားတာများ ရှိပါသလည်း ခင်ဗျာ ။

ဖြေ ။ ။ ယခင်က ရွှေ့နိုင်ငံလို့ ခေါ်တဲ့ ငါတို့ တိုင်းပြည်ကြီးကို ရွှံ့ နိုင်ငံ ဆိုရင်တောင် တခုခု သုံးလို့ ရနိုင်သေးလို့ ဗွက်နိုင်ငံ အဆင့် ရောက်အောင် အစိုးရ အသစ်ကြီးက ၀ိုင်ဝန်း ကြိုးစားနေကြပါတယ် ဆိုတာ ပြည်သူလူထု အားလုံးကို သိအောင် ဆောင်ရွှက်ပေးပါ ။



http://www.facebook.com/note.php?note_id=273311486019839

ဒီစာစုလေးကို ဖတ်ပြီးသွားလို့ မိတ်ဆွေတို့ ခံစားရတာကို ပြောကြားချင်တယ် ဆိုရင် ဒီနေရာလေးမှာ လာရောက်ပြောကြားပေးဖို့
လေးစားစွာ အသိပေး ဖိတ်ခေါ်ပါတယ် ခင်ဗျာ ။


ခင်မင်လေးစားလျှက်

ဗမာ့သွေး

လူမိုက်တို့ သွားရာလမ်း


လူမိုက်တို့ သွားရာလမ်း


မြတ်ဗုဒ္ဓ မပေါ်ထွန်းမှီ အချိန်ကာလ အိန္ဒိယနိုင်ငံ တောင်ပိုင်း အလယ်ဗဟိုအနားတွင် အင်မတန်မှ ကြီးမားသော ရေအိုင်ကြီး တခုတည်ရှိပါသည် ။ ထိုရေအိုင်ကြီးမှာ ရေများ လျှံကျ၍ စီးဆင်းရာက ဂေါဓါဝဒီ မြစ်ကြီးသည် ဖြစ်ထွန်းကာ စီးဆင်းလျှက် ရှိသည် ။ ထိုဂေါဓါဝဒီ မြစ်ကြီး စီးဆင်းရာ မြစ်ကမ်းခြေ တစ်လျှောက်တွင် တိုင်းပြည်မြို့ရွာများ တည်ဆောက်ကာ မင်း အသီးသီးတို့ စိုးစံနေကြလေသည် ။

ထို ဂေါဓါဝဒီ ရေအိုင်ကြီး အနားတွင် ဈာန် အဘိဥာဉ် နှင့် ပြည့်စုံသော သရဘင်္ဂ ရသေ့ကြီး တစ်ပါး သည် လက်ထောက် ရသေ့ ( ၇ ) ပါး နှင့် အတူ ရသေ့ပေါင်း သောင်းနှင့် ချီ၍ သီတင်းသုံးနေထိုင်ကြလေသည် ။ အင်မတန်မှာ များပြားသည့် ရသေ့ အရေအတွေကြောင့် ခေါင်းဆောင် သရဘင်္ဂရ သေ့ကြီးက သူ့တပည့် (၇ ) ယောက်ကိုခေါ်၍ ယခုနေရာသည် လူပေါင်းများစွာ အတူတကွ နေထိုင်၍ မသင့်တော်သောကြောင့် သင့်တင့်မျှတသော နေရာရှာ၍ သီတင်းသုံးနေထိုင်ရန် ညွှန်ကြားသော အခါ တပည့် (၇)ပါးသည် သူ့တို့ နောက်လိုက်နောက်ပါ အသီးအသီးနှင့် ထိုရေအိုင်ကြီး အနားမှ ထွက်ခွာသွားကြလေသည် ။

ထိုတပည့်များထဲမှ ရသေ့တပါး ဖြစ်သော ကိသ၀စ္ဆ ရသေ့ကြီးသည် ဒါန္တကီမင်းကြီး အုပ်ချုပ်ရာ ကုပ္မ၀တီ တိုင်းပြည်တွင်းက မင်းဥယျာဉ်ထဲတွင် သီတင်းသုံးနေသည် ။ ကိသ၀ိစ္ဆရသေ့ကြီးသည် အလွန်ရှည်လျားသော ဆံပင်ကို ထုံး၍ ခေါင်းတွင် ထုံးထားသည့် အပြင် ခန္ဓာကိုယ်၌ အမွှေးအမျှင်တို့ဖြင့် ဖုံးလွှမ်းထားသောကြောင့် ပြင်ပ အမြင်၌ မတင့်တယ်သော်လည်း သမထ အရာ၌ ပြီးပြည့်စုံကာ ဈာန် အဘိဥာဉ်ရ သူတော်ကောင်း ရသေ့ကြီးဖြစ်သည် ။

ထို ဒါန္တကီမင်းကြီးသည် အလွန်လှပသည့် အမျိုးသမီး တဦးကို ပြည်တန်ဆာ အဖြစ် သတ်မှတ်၍ ရာထူးပေးကာ ပျော်ပါးလေ့ရှိသည် ။ ထိုမိန်းမသည် အလွန်လှပသောကြောင့် ပျော်ပါးလိုသူ အင်မတန်များပြား လှ၍ ၀င်ငွေ အလွန်ကောင်းလေသည် ။ ထိုအချိန်တွင် ဘုရင်ကြီးသည် ၀င်ငွေနည်းပါး၍ စိတ်ညစ်နေသောကြောင့် အရက်သေစာတို့ကို သောက်စားမူးယစ် နေတုန်း ပြည်တန်ဆာမ၏ ၀င်ငွေသည် သူ့ထက် ၀င်ငွေပိုမိုကောင်းသည်ကို သိသော အခါ ထိုမိန်းမကို ပြည်တန်ဆာ ရာထူးမှ ဖြုတ်ပြစ်လိုက်လေသည် ။

နောက်တနေ့မနက်ခင်းတွင် ရာထူးပြုတ်၍ စိတ်ပျက်နေသော ထိုမိန်းမသည် အိပ်ယာ ထထခြင်း မင်းဥယျာဉ်ထဲသို့ ရောက်လာသော အခါ တရားကျင့်ကြံနေသည့် ကိသ၀ိစ္ဆရသေ့ကြီးကို တွေ့မြင်လေသည် ။ ထိုအချိန်တွင် ထိုမိန်းမစိတ်၌ စိတ်ပြေလက်ပျောက်ထွက်လာမိသည် ဤမျှ ကျက်သရေ ယုတ်သော ပုဂ္ဂိုလ်ကို တွေ့ရလေခြင်း ဆိုကာ ထင်မှတ်ကာ စိတ်ပျက်သွားလေသည် ။ မျက်နှာသစ် သွားမတိုက်ရသေးသော ထိုမိန်းမသည် ထိုနေရာ၌ ခံတွင်းကို သန့်ရှင်း၍ ထွက်လာသော အညစ်အကြေး ၊ တံတွေးတို့ဖြင့် ရသေ့ကြီး မျက်နှာကို ထွေးရုံသာ မက တံပူများကို ဆံထုံးပေါ်သို့ ပစ်တင်သွားလေသည် ။

(၇ ) ရက်မျှ ကြသော အခါ ရှင်ဘုရင်ကြီးသည် ထိုမိန်းမကို သတိရ၍ တမ်းတမိသော ကြောင့်ပြည်တန်ဆာမ ရာထူး ပြန်ခန့်လေသည် ။ ထိုအချိန်တွင် တိုက်ဆိုင်စွာပင် နန်းတော် အတွင်း၌ ၀န်ကြီး တပါးကို ရှင်ဘုရင်က အမျက်တော် ရှ၍ ရာထူးမှ ဖြုတ်ပြစ်လိုက်ပြန်လေသည် ။ ထိုအခါ ထိုဝန်ကြီးသည် ပြည်တန်ဆာမကို ချဉ်းကပ်၍ သင်ရာထူးပြန်ရအောင် ဘယ်လို လုပ်သလည်း ဟု မေးမြန်းသော အခါ

ထိုမိန်းမက ဒါလေးများအလွယ်လေး အမတ်ကြီး ။ မင်းဥယျာဉ်ထဲကို သွား ၊ အဲဒီထဲက ကိသ၀ိစ္ဆဆိုတဲ့ ရသေ့ကြီးရဲ့ မျက်နှာကို တံတွေးဖြင့် နာနာထွေး သင့်ရာထူး ပြန်ရလိမ့်မယ် ဟု ပြောဆို အကြံပေးသည် ။ ထို ဥာဏ်နည်းပါးသည့် အမတ်သည် မိန်းမယုတ် အကြံအတိုင်း လုပ်ဆောင်ခဲ့ ပြီးနောက် (၇ ) ရက်မျှ ကြာသောအခါ ဘုရင်က စိတ်ပြေ၍ ထိုအမတ်ကို ရာထူးပြန်လည် ပေးအပ်ပြန်လေသည် ။

ထိုအချိန်တွင် တိုင်းပြည် နယ်စပ်၌ သူပုန်ထ၍ ရှင်ဘုရင်က စစ်ချီတက်ရန် ပြင်ဆင် နေချိန်တွင် ထိုဥာဏ်နည်းပါးသော အမတ်သည် ဘုရင့်ထံ ချဉ်းကပ်ကာ အရှင်မင်းကြီး သင်စစ်ပွဲမှာ အောင်နိုင်လိုပါသလားလို့ မေးသော အခါ ဘုရင်က ဘယ်လို နည်းလမ်းများ လုပ်ဆောင်သင့်သလည်းဟု မေးမြန်းလေသည် ။ အမတ်ကြီးက သိပ်မခက်ပါဘူး အရှင်မင်းကြီး ဥယျာဉ်ထဲကို သွား အဲဒီထဲက

ရသေ့ကြီးကို တံတွေးနဲ့ ထွေးကာ ယတြာ ချေလိုက်ရင် အရှင်မင်းကြီး စစ်ပွဲမှာ အောင်ပွဲရတော်မူပါလိမ့်မယ်ဟု လျှောက်သော အခါ ပညာမရှိသည့် ရှင်ဘုရင်တွေ စစ်ထွက်ခါနီး၌ ရသေ့ကြီးကို တံတွေးဖြင့် ထွေးခဲ့လေသည် ။

ရှင်ဘုရင်က သူတော်ကောင်းကို စော်ကားသော အခါ နောက်လိုက်နောက်ပါ မှူးမတ်များ ၊ စစ်သည်များက သူတော်ကောင်းကို စော်ကားသည့် ယုတ်မာရိုင်းစိုင်းသည့် လုပ်ရပ်ကြီးကို ယတြာချေသည်ဟု ဆိုကာ အတူတကွ ပူးပေါင်း လုပ်ဆောင်ကြလေသည် ။

အကြောင်းတိုက်ဆိုင်မှု၏ အထွဋ်အထိပ် အဖြစ် ထိုရှင်ဘုရင်ကြီးသည် ရန်သူတပ်ကြီးကို အောင်မြင်စွာ တိုက်ထုတ်နိုင်၍ အောင်ပွဲခံသည့် အခါ ဘာမှ မသိနားမလည်သော ပြည်သူလူထုကြီးကပါ ရှင်ဘုရင်ကြီးက မှားယွင်းသော လုပ်ရပ်များကို ၀ိုင်းဝန်း ထောက်ခံ အားပေးကာ တတိုင်းပြည်လုံး ပျော်ရွှင်နေကြသည် ။

သူတော်ကောင်းကို စော်ကားသည့် လုပ်ရပ်များကို မြင်ရသည့် အခါ ထိုတိုင်းပြည်ကို စောင့်ရှောက်သည့် နတ်အပါင်း တို့သည် လွန်စွာမှ ပင် အမျက် ဒေါသထွက်ကြလေသည် ကို ဈာန် အဘိဥာဉ်ရ ဆရာ သရဘင်္ဂ ရသေ့ကြီးက သိရှိသော အခါ တားဆီး နိုင်ရန် ကြိုးပမ်း ဆောင်ရွက်လိုသော်လည်း သူတော်ကောင်းကို သူယုတ်မာလို့ သတ်မှတ်၍ အောင်ပွဲခံကာ ပျော်မြူးနေသည့် ရှင်ဘုရင် နှင့် အဖွဲ့သားများ သည် အမှန်ကို လက်ခံနိုင်မည် မဟုတ်၍ စိတ်လျှော့လိုက်လေသည် ။

ထို့နောက် သူ့တပည့်များကို လွှတ်၍ ကိသ၀ိစ္ဆရသေ့ကြီးနှင့် နောက်လိုက်နောက်ပါ ရသေ့များကို ထိုတိုင်းပြည်မှ ထွက်ခွာပြီး ရေအိုင်ကြီး အနားသို့ ပြန်လည် သီတင်းသုံးရန် လျှောက်ထားလိုက်လေသည် ။ သူတော်ကေကာင်း ကိသ၀ိစ္ဆ ရသေ့ကြီးနှင့် တပည့်အပေါင်း ထိုတိုင်းပြည်မှ ထွက်ခွါသွားသည်နှင့် တပြိုင်နက်ထဲ သူယုတ်မာတို့ စံပျော်ရာ ထိုတိုင်းပြည်ကြီးကို အမျက်ဒေါသထွက်နေသော နတ်တို့သည် စတင်ဒုက္ခပေးလေသည် ။

ပထမဦးစွာ မိုးကြီး သည်းထန်စွာ ရွာသွန်းလိုက်လေသည် ။ ထိုအခါ တတိုင်းပြည်လုံး အမှိုက်သရိုက်များ ကင်းစင်သွား၍ လူအားလုံးက နတ်များကပါ ကောင်းချီးပေးသည်ဟု ထင်မှတ်ကြလေသည် ။ ထို့နောက် သဲဖြူမိုး ရွာချ၍ တတိုင်းပြည်လုံး ချိုင့်ခွက်မရှိ ပကတိ တပြေးညီ ဖြစ်သွားသော အခါ သူတို့သည် ယုံကြည်မှုသည် ပိုမိုခိုင်မာကြလေသည် ။ ထို့နောက် ပန်းမိုးများရွာချ၍ တနိုင်ငံလုံး ပန်းခင်းသောလမ်းကို လျှောက်လှမ်းကြရသည့် အခါ ပြည်သူလူထုကား ရှင်ဘုရင်ကြီး၏ လုပ်ရပ်သည် မှန်ကန်ပေစွ ။ ဘုန်းတန်ခိုး ကြီးမားလှပစွ ၊ နတ်တို့ကတောင် ချီးကြူးဂုဏ်ပြုကြသည်ဟု ကြွေးကြော်မည်တမ်းကြလေသည် ။

ထို့နောက် ရွှေမိုး ၊ ငွေမိုးများ ၊ ထို့နောက် လက်ဝတ်တန်ဆာမိုး များ ရွာ ၊ ထို့နောက် ကျောက်သံပတ္တမြားမိုးများ ရွှာချကာ အိမ်ထဲရှိ လူမှန်သမျှ လမ်းပေါ်ကို ရောက်လာအောင် နတ်တို့သည် ဆွဲဆောင်ကြလေသည် ။ လူမိုက်တို့သည် သူတို့ မိုက်မဲတွေ အကျိုးမပေးသေးသော အခါ သူတို့၏ ယုတ်မာရိုင်းစိုင်းသည့် လုပ်ရပ်ကြီးသည် ပျားသကာလို ချိုမြနေပါသည် ဟု ထင်မှတ်ထားကာ ပျော်ရွှင်မြူးထူးစွာ အောင်ပွဲခံကြလေသည် ။

တနိုင်ငံလုံးက လူအများ လမ်းမပေါ်သို့ ထွက်လာသည့် အခါ နတ်များက လက်နက်မိုးများ ရွာချ၍ ခန္ဓာကိုယ်ကို လက်နက်တို့ ထိမှန်ခြင်းကြောင့် တတိုင်းပြည်လုံး သွေးများ ဖုန်းလွမ်းကာ ခြေပြတ် ၊ လက်ပြတ် ၊ ခေါင်းပြတ်တို့နှင့် မသေမရှင် ဖြစ်ကာ ဒုက္ခဆိုးကြီးကို ခံစားကြရလေသည် ။ ထို့နောက် ထိုမသေမရှင် ဖြစ်နေသော လူအများပေါ်သို့ ကျောက်ခဲမိုးကြီး ရွာချကာ စိစိညက်ညက် ကျေအောင် သုတ်သင်ကြပြန်သည် ။ ထို့နောက် မီးကျီးခဲမိုးရွာချကာ လူသေ အလောင်းတို့၏ ခန္ဓာကိုယ်အား မီးလောင်ကျွမ်းစေပြန်သည် ။ထို့နောက် သဲမိုး ရွာသွန်း၍ တနိုင်ငံလုံး သဲများ ဖုံးလွှမ်းကာ ထိုတိုင်းပြည်ကြီး ပျက်စီးသွားလေသည် ။

ပညာဥာဏ် နည်းပါးသော လူမိုက်တို့သည် နည်းလွဲနည်းမှားတွေကို နည်းမှန်လမ်းမှန်ဟု ထင်တတ်ကြသည့် အပြင် ထိုမှားယွင်းမှုများ အမှန်ထင်၍ အင်မတန်မှ တန်ဖိုးထားကြကာ သူတပါးအားလည်းလုပ်ဆောင်ရန် တိုက်တွန်းပြောဆိုလေ့ရှိပါသည့် အပြင် ထိုနည်းလမ်းများသည် မှားယွင်းနေသည်ဟု ပဲ့ပြင်ဆုံးမလျှင် လက်မခံချင်ကြဘဲ ရန်ရှာတတ်လေ့ရှိပါသည် ။

ကျွန်ူပ်တို့တိုင်းပြည်ကြီးတွင်လည်း အုပ်ချုပ်သူ အစိုးရသည် ပညာ ဥာဏ်နည်းပါးသည့် အပြင် သဘောထား သေးသိမ်ကာ အင်မတန်မှ ယုတ်မာရိုင်းစိုင်းသော အပြုအမူများ ဖြစ်သည့်

မြတ်ဗုဒ္ဓ၏ သာသနာတော်ကို ပြန့်ပွားအောင် ဆောင်ရွက်နေကြသော သံဃာတော်များကို အသေသတ်ခြင်း ၊ ရိုက်နှက်ခြင်း ၊ ထောင်သွင်း အကျဉ်းချခြင်း

ရဟန်းရှင်လူ ပြည်သူလူထုအား ရက်ရက်စက်စက် အကြမ်း ဖက် နှိမ်နှင်းခြင်း

ပညာရေး စနစ်ကြီး တခုလုံး ဆုတ်ယုတ် ပျက်သုဉ်းအောင်ဆောင်ရွက်၍ ပြည်သူလူထု အား အသိဥာဏ် အဆိပ်ခတ်ခြင်း

တတိုင်းပြည်လုံး ဒုက္ခလွှမ်းအောင် အာဏာလက်နက်ကို ကိုင်စွဲ၍ တိုင်းပြည်ဘဏ္ဍာများအား စိတ်ကြိုက် သုံးဖြုန်းပြစ်ခြင်း

အစ ရှိသည့် ယုတ်မာသည့် လုပ်ရပ်ပေါင်းများစွာကို အတိတ်ကံ ကုသိုလ်ကံ အားကိုးဖြင့် မိုက်မဲစွာ လုပ်ဆောင်နေကြသော်လည်း သူတို့ လုပ်ဆောင်သမျှ အကျိုးပေးချိန် မကျသေးချိန် အထိ ပျားရည် ချိုမြနေကြတုန်းပင်ဖြစ်ပါသည် ။

သို့သော် သူတို့ လုပ်ဆောင်ခဲ့တဲ့ ပြစ်မှုပေါင်းများစွာ အကျိုးပေးချိန်ကြသည့်အခါတွင်မူ လွန်စွာမှပင် ဆိုးဝါးသည့် ဒုက္ခများကို ခံစားကြရမည်မှာ အမှန်ပင်ဖြစ်ပါသည် ။

သူ တို့တွေသည် အင်မတန်မှ ယုတ်မာရိုင်းစိုင်းကာ ကောက်ကျစ်သော လုပ်ဆောင်ချက်များကို ကြိမ်ဖန်များစွာ ကျူးလွန်သော်လည်း ချမ်းသာသုခ ခံစားနေရသည်ကို မြင်ရသော ပြည်သူလူထုကြီးသည် သူတို့လုပ်ရပ်အမှန်ဟု ထင်ကာ အကုသိုလ်အလုပ်များကို ပျော်ပျော်ကြီး ဆင်နွှဲကာ လုပ်ဆောင်နေသော ကျနော်တို့ တိုင်းပြည်ကြီးသည် ကုပ္မ၀တီ တိုင်းပြည်ကြီးလို နတ်များက ဒဏ်ခံခြင်း ခံရသလို မထင်ရှားသော်လည်း တစတစ နှင့် စားဝတ်နေရေး လွန်စွာ ကြပ်တည်း ကျဉ်းမြောင်းလာသည့် အပြင် ဒုက္ခမျိုးစုံကို ခါးသီးစွာ ခံစားနေရပါသည် ။

ထို့ကြောင့် ထိုသို့သော လူယုတ်မာများ အာဏာကို ဆက်လက် ဆုပ်ကိုင်ထားလျှင် နောင်အခါတွင် ယခုထက် ပိုမိုဆိုးဝါးသည့် ဒုက္ခများကို ခံစားရပါအုံးမည် ။ ယခုပုံ အတိုင်း ဆက်လက် သွားရင် မကြာခင် အချိန်ကာလတွင် မြန်မာနိုင်ငံဆိုသည် ကမ္ဘာမြေပုံပေါ်က ပျောက်ကွယ်တော့မည်မှာ အမှန်ပင် ဖြစ်ပါသည် ။

ထိုအာဏာရူး စစ်ဘီးလူးများ နှင့် လူယုတ်မာ အပေါင်းတို့ ခေါင်းဆောင် နေရာ ယူထားသမျှ တော့ သူတို့ရဲ့ နည်းလမ်းမှားကြီးကြောင့် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးဆိုတာ လေထဲမှာ တိုက်အိမ်ဆောက်သလိုဘဲ ဘယ်သောအခါမှ ဖြစ်လာလိမ့်မည် မဟုတ်ဘဲ ဆက်လက် ပြိုကျ ပျက်စီးနေမည်မှာ အသေအချာပင် ဖြစ်ပါသည် ။

မြန်မာနိုင်ငံသားတို့ အနေဖြင့် တိုင်းပြည်ကို တကယ်ချစ်ကာ ခေတ်မှီဖွံ့ဖြိုး တိုးတက်စေလိုသည်မှာ အမှန်ပါဟု ခံယူထားကြလျှင် မတရားမှု့ မှန်သမျှကို လက်မခံနိုင်ကြောင်း ပွင့်လင်းစွာ ပြောကြား၍ ဆန့်ကျင်ကြပါ ။ ထိုသို့မဟုတ်ဘဲ ယာယီကို ထာဝရ အမှတ်နှင့် လူယုတ်မာတို့ လုပ်ဆောင် သမျှ အားကျကာ ထောက်ခံ ၊ အနေအစားချောင်သည်ဟု ယူဆကာ သူတို့ အကြိုက် လုပ်ပြနေကြလျှင် တော့ မကြာခင်မှာ စာရိတ္တ မဏ္ဍိုင် ကြီး ယိမ်းယိုင်သော တိုင်းပြည်ကြီး မှ လူအများသည် ဆိုးရွားယုတ်မာမှု အပေါင်း သရဖူ ဆောင်းကာ တိုင်းပြည်ကြီး တခုလုံး ပြိုကျ ပျက်စီးသွားတော့မည် အနေအထားသို့ ဦးတည်ချီတက်နေကြောင်း တိုင်းပြည်အကျိုး မျှော်ကိုး၍ နိုးဆော် တိုက်တွန်းလိုက်ရပါသည်…..။

(တောင်းပန်ချက်။ ။ တရားခွေကို နားထောင်ရင်းက ပြန်လည်ရေးသားခြင်း ဖြစ်၍ စာလုံးပေါင်း မှားခဲ့ပါလျှင် သီးခံဖတ်ရှုကာ ပြင်ပေးကြပါလို့ မေတ္တာရပ်ခံပါရစေ )

ခင်မင်လေးစားလျှက်

ဗမာ့သွေး

Saturday, September 3, 2011

အသိပညာ ဖြန့်ဝေခြင်း ( ၀ါ ) ကျနော် နှစ်ခြိုက်ခဲ့သော စာပေ ဟောပြောပွဲလေးများ




ကျနော် အသက်ရှင်နေထိုင်ခဲ့တဲ့ အတိတ် ဘ၀ကို ပြန်ကြည့်မိတော့ မှတ်သားနာယူစရာ ၊ ကြည်နူးစရာ ၊ ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာတွေ မတွေ့ရဘဲ စိတ်ပျက်စရာတွေ ၊ ၀မ်းနည်းဖွယ်ရာ ကာလများနှင့် အကျိုးမဲ့ အချိန်ကုန်ခဲ့ရတာတွေကို ပြန်တွေ့ရလို့ လူပီသချင်တဲ့ စိတ်ဓါတ် အခြေခံလေး ၀င်လာခဲ့တယ်ဗျာ ။


ကျနော်ဟာ ငွေကြေးဥစ္စာ ဓန လွန်စွာ ကြွယ်ဝသူ မဟုတ်လို့ မိတ်ဆွေများကို ငွေကြေးအင်အားနဲ့ ထိရောက်စွာ ကူညီနိုင်ဖို့ မလွယ်ပါဘူး ။

ထူးချွန် ထက်မြက်တဲ့ ပညာရှင် တစ်ယောက် မဟုတ်တဲ့ အတွက် မိတ်ဆွေများကို ကောင်းမွန်တဲ့ ဘာသာရပ် ဆိုင်ရာ ပညာရပ်များ ပို့ချပေးဖို့ မလွယ်ပါဘူး ။

နိုင်ငံရေး ပညာရပ်ကို ကျွမ်းကျင်နိုင်နင်းတဲ့ နိုင်ငံရေး ပညာရှင်လည်း မဟုတ်တဲ့ အတွက် ထူးခြားဆန်းသစ်တဲ့ နိုင်ငံရေး အတွေးအခေါ်တွေကို တင်ပြပေးနိုင်မှာလည်း မဟုတ်ပါဘူး ။

ဒီတော့ အညတရ နိုင်ငံသားလေး တစ်ယောက် တနေနဲ့ သူတပါး ရေးသားခဲ့တာတွေ ၊ ပြောကြားခဲ့တာလေးတွေကို ရှာဖွေတင်ပြပြီး မိတ်ဆွေတွေကို ပြန်လည်ဝေမျှပေးဖို့ စိတ်ကူးလေးနဲ့ ဗမာ့သွေး ဆိုတဲ့ အကာင့်ကို စတင်မွေးဖွားလာခဲ့တာပါ ။

ဘယ်သူမှ မငြင်းနိုင်လောက်အောင်ကို ပြိုကျပျက်စီးနေတဲ့ တိုင်းပြည် အနေအထားကို သိနေတဲ့ နိုင်ငံသား တစ်ယောက် အနေနဲ့ တိုင်းပြည်အတွက် ကျနော် တတ်နိုင်သလောက်လေး ကြိုးစားလုပ်ဆောင်ပေးနေတာပါ ။ ကျနော့်ကိုယ် ကျနာ် နိုင်ငံရေး သမားပါလို့ တခါမှ မကြွေးကြော်ခဲ့ဘူးတာတော့ အမှန်ပါဘဲ ။ ထို့အတူ ဘယ်လို နိုင်ငံရေး အဖွဲ့အစည်းများရဲ့ ကျောထောက်နောက်ခံ အားပေးမှုနဲ့ လုပ်ဆောင်နေတာလည်း မဟုတ်ပါဘူး ။ အာဏာရှင် အစိုးရရဲ့ ၀ါဒမှိုင်းတွေ ကို အမြဲလိုလိုကြားနေတဲ့ မိတ်ဆွေ တို့ အတွေးက ပုဂ္ဂိုလ်ရေးတွေကြောင့် တခါတရံ ဘေးကို ချော်ထွက်သွားလို့ ကျနော်က အသိပေးရေးသားတဲ့ အခါ အနာပေါ်ကို ဒုတ်ကျ သလို ခံစားရပြီး စိတ်ဆိုးတတ်ကြတယ် လို့ ကြိုပြီး မေတ္တာရပ်ခံချင်ပါတယ် ။

Facebook ဆိုတာ လူသားအစစ်အမှန်တို့ သုံးစွဲကြတဲ့ ပုံရိပ်ယောင်ကမ္ဘာလေးပါ ။ ပုံရိပ်စစ်တင်ထားသည် ဖြစ်စေ ၊ ပုံရိပ်ယောင် တင်ထားသည် ဖြစ်စေ သုံးစွဲသူအားလုံးက လူသားတွေချည်းပါဘဲ ။ အကြောင်းနဲ့ အကျိုး ဆပ်စပ်ခြင်းနဲ့စဉ်းစားကြည့်မယ်ဆိုရင် ယုတ်မာ ရိုင်းစိုင်းစွာ ပြောဆိုနေကြသူတွေဟာ ပုံအစစ်မတင်ထားလို့ မဟုတ်ဘဲ သူတို့ရဲ့ ပင်ကိုယ်စိတ်ရင်းက အဲဒီလို ရိုင်းစိုင်းတဲ့ ဓါတ်အခံရှိနေလို့ပါဘဲလို့ ကျနော်ကတော့ ယူဆပါတယ် ။ ဒီလိုမျိုး ပုံရိပ် အစစ်အမှန်မတင်ဘဲ လျှောက်ပြောနေကြတဲ့ လူအများကြောင့် လူတော်တော်များများ အထင်လွှဲကာ ပုံရိပ်စစ်မတင်ထားတဲ့ လူအားလုံးကို ၀ါးလုံးရှည်နဲ့ပါတ်သိမ်းပြီး ပြောဆိုကြတာတော့ တကယ့်ကို စိတ်မကောင်းစရာလို့ ကျနော်ကတော့ တွေးမိပါတယ် ။

ကျနော်ကတော့ လူတစ်ယောက်ကို အကဲခတ်လေ့လာတဲ့ အခါ သူ့ရုပ်ပုံလွှာထက် သူ့စိတ်ရင်းက ထွက်လာတဲ့ စာသားတွေကို ဖတ်ပြီး အဲဒီအကောင့်ကို အသုံးပြုတဲ့ လူရဲ့ စိတ်ထားကို သုံးသပ်လေ့ရှိပါတယ် ။ စစ်အာဏာရှင်တွေရဲ့ အဆိုးဝါးဆုံး ယုတ်မာမှု က ပြည်သူလူထုကို အကြမ်း နှိမ်နှင်းပြီး လူတိုင်းရဲ့ ရင်ထဲကို အကြောက်တရားတွေ ရောက်အောင် နည်းမျိုးစုံနဲ့ အသုံးပြုကာ ပညာရေး စနစ်ကြီး တရပ်လုံး ပြိုကျ ပျက်စီးအောင် လုပ်ဆောင်မှုပါဘဲ ။

ဥာဏ်အမြော်အမြင်နည်းပါးတဲ့ ခေါင်းဆောင်တွေဟာ ပညာမဲ့တဲ့ နောက်လိုက်တွေရဲ့ မြှောက်ပင့်ပြောဆိုမှုကို အရသာတွေ့ကာ အာဏာတည်မြဲရေးမှ တပါး အခြား မရှိ ဆိုတဲ့ အတွေးကို သိမ်းပိုက်ပြီး ကျနော်တို့ တိုင်းပြည်ကြီးကို စနစ်တကျ ဖျက်စီးနေတာကို သူတို့ က ယခုချိန်ထိတိုင်တောင် သူတို့လုပ်တာ အမှန်ပါ ဆိုပြီး ပြည်သူလူထုကို လှည့်ဖျားက ထောက်ခံခိုင်းဖို့ ကြိုးစားနေကြတုန်းပါဘဲ ။

နိုင်ငံရေး အကြောင်းလေး နည်းနည်းလေး ပြောလိုက်တာနဲ့ နိုင်ငံရေး သမားဆိုတဲ့ ဂုဏ်ပုဒ်ကို တပ် ၊ လူမှုရေး လုပ်ငန်းလုပ်ရင်တောင် ထောင်ထဲ ထည့်ထားတဲ့ အာဏာရှင် စနစ်ရဲ့ ယုတ်မာမှုကြောင့် ကျနော်တို့ရှေ့က မျိုးဆက် တဆက်လုံးနီးပါးဟာ ဘ၀များစွာ ပျက်စီးခဲ့ရသလို သူတို့မျိုးဆက်မှ ပေါက်ဖွားလာတဲ့ ကျနော်တို့ကို သူတို့လို ဒုက္ခများ မခံစားစေချင်တဲ့စေတနာ အလွဲအမှားကြောင့် နိုင်ငံရေး ဆိုတဲ့ စကားကို ကြားတာနဲ့ ထောင်ကို ပြေးမြင်အောင် သင်ကြားပေးခြင်းခံခဲ့ရတဲ့ ကျနော်တို့ဟာ ဘာဆို ဘာမှ နားမလည်ဘဲ အကြောက်တရားနဲ့ ရှင်သန်ကြီးပြင်း လာခဲ့ရသူတွေပါ ။

ကျနော် မြန်မာနိုင်ငံမှာ နေထိုင်စဉ်က သတင်းတခု သိရဖို့ အရေးအတွက် ဟိုကျော်သည်ခွနဲ့ အချိန်များစွာပေးခဲ့ရလို့ ကိုယ့်လိုမျိုး သတင်းကို စိတ်ဝင်စားတဲ့ လူတွေ အချိန်ကုန် သက်သာအောင် ကိုယ်ဖတ်ထားတဲ့ အရာလေးကို ဝေဌတင်ပြပေးနေတာကို နိုင်ငံရေး သမားလို့ သတ်မှတ်နေကြတာကိုက အစိုးရ ပုံစံခွက်ထဲက မထွက်နိုင်သေးတာကို ပြဆိုနေတာနဲ့ တူတူဖြစ်နေပြီလို့ မိတ်ဆွေတို့ကို လေးစားစွာ အသိပေးပါရစေ ။

တိုင်းပြည်နဲ့ ပြည်သူလူထု အကျိုးစီးပွား အတွက် ကိုယ်ကျိုးအတ္တကို စွှန့်လွှတ်ကာ အသက်ပေးဆောင်ရွှက် လုပ်ကိုင်ရဲ၍ မတရားမှု မှန်သမျှကို ဆန့်ကျင်ကာအမှန်တရားကို လက်ကိုင်ထား၍ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် စေတနာကောင်းများဖြင့် လုပ်ဆောင်သော လူအများကို နိုင်ငံရေးသမားလို့ ခေါ်သည်ဟု ခံယူထားသည့် ကျွန်ူပ်အတွက် နိုင်ငံရေး သမားဆိုသည့် အမည်ကို ခံယူရန် ယခုချိန်ထိတိုင် မ၀ံ့ရဲသေး သလို မိတ်ဆွေများကို လည်း နိုင်ငံရေး စကားဆိုသည့်လူတိုင်း နိုင်ငံရေး သမားဟု အမည်မတတ်ရန် မေတ္တာရပ်ခံလိုပါတယ် ခင်ဗျာ ။


ဒီလိုဖြစ်ပွားရခြင်းရဲ့ အကြောင်းတရားက အမှန်ကို မသိတဲ့ လူသားတွေ များနေလို့ပါ ။ ဒီတော့ အမှန်တရားကို လူတွေသိရှိလာအောင် ကျနော် တတ်နိုင်သလောက်လေး ကြိုးစားလုပ်ဆောင်ပေးလိုတဲ့ ဆန္ဒနဲ့ ထူးခြားကောင်းမွန်ပြီး အသိပညာ ဖွံ့ဖြိုးစေမယ့် ကိစ္စလေးတွေကို ပြန်လည်ဖြန့်ဖြူးပေးနိုင်ဖို့ အမြဲတမ်း ကြိုးစားလုပ်ဆောင်တဲ့ အနေနဲ့ ကျနော် နားထောင်ခဲ့ဘူးသမျှ စာပေဟောပြောပွဲတွေထဲက အကောင်းဆုံး ဆိုတာလေးတွေကို စုစည်းတင်ပြပေးလိုက်ပါတယ် ။

အခုကျနော်ပေးထားတဲ့ စာပေဟောပြောပွဲလေးတွေကို Download ဆွဲပြီး နားထောင်ကြည့်ပါ ။ မိတ်ဆွေတို့ ပေးလိုက်ရတဲ့ အချိန်နဲ့ မတန်ခဲ့ရင် ကျနာ့်ကို ကြိုက်သလို ပြစ်တင်ဝေဖန်နိုင်ပါတယ် ။ သဘောကျ နှစ်ခြိုက်ခဲ့တယ်ဆိုရင် ကျနော့်ကို ကျေးဇူးတင်မယ့် အစား အမှန်တရားကို အများသိအောင် ပြောကြားခဲ့တဲ့ ပညာရှင်များကို လေးစားကြသော အားဖြင့် အမှန်တရားဘက်က ကိုယ်တိုင်ရပ်တည်နိုင်အောင် ကြိုးစားပေးကြပါ ။ ထို့အတူ မသိသေးတဲ့ မိတ်ဆွေများကို သိအောင် ဆက်လန့်ဖြန့်ဝေပေးခြင်းဖြင့် ကူညီပေးကြပါ လို့ အားလုံးကို လေးစားစွာ မေတ္တာရပ်ခံလိုပါတယ် ခင်ဗျာ ။

ခင်မင်လေးစားလျှက်

ဗမာ့သွေး



http://www.mediafire.com/?o4wg4nm3d8t6qw4

ဆရာ ချစ်ဦးညိုရဲ့ ( တောင်ငူ စာပေဟောပြောပွဲ )



http://www.mediafire.com/?anpdr4ltmv5p5bb

ဦးဘုန်း ( ဓါတု ) ရဲ့ ခေါင်းလောင်းသံ ( မော်လမြိုင် စာပေဟောပွဲ )ခင်ဗျာ ။



http://www.mediafire.com/?6tu6m9n1prfv7vj

မောင်သာချို ( ဓါတု ) ရဲ့ နှလုံးသားလှပါစေ ( ဟင်္သာတ စာပေဟောပွဲ )



http://www.mediafire.com/?gltdjtblubwt8f5

ဦးဘုန်း ( ဓါတု ) ရဲ့ အိမ် ( တောင်ငူ စာပေဟောပွဲ )



http://www.mediafire.com/?4sa210dkod6k35d

ဆရာနန္ဒာသိန်းဇံရဲ့ ရဲ့ ဗုဒ္ဓနဲ့ပညာ ( အဘိဓမ္မာ ရွှေည၀ါ သင်တန်း စာပေဟောပွဲ )



http://www.mediafire.com/?6edv4wno9by9h6n

ဆရာဦးသုခရဲ့ အမေစားရသော ဆွမ်းတနပ်



http://www.mediafire.com/?x7tl6l7hcgdwlc1

ဆရာအောင်သင်းရဲ့ လူငယ်များနဲ့ အနာဂတ် ( ကျောက်ပန်းတောင်း စာပေဟောပြောပွဲ )



http://www.mediafire.com/?mt4t2k9cb7rkwxs

ဆရာမ နုနုရီ (အင်းဝ) ရဲ့ စာရေးခြင်းစာဖတ်ခြင်း ( ကျောက်ပန်းတောင်း စာပေဟောပြောပွဲ )



http://www.mediafire.com/?jxr4g1sh6nyw41e

မောင်သာချို ရဲ့ ရယ်စရာ မောစရာ ( ကနောင် စာပေဟောပွဲ )



http://www.mediafire.com/?4fw4lv7i6rz67ei

ဆရာအော်ပီကျယ်ရဲ့ အသိပညာဖြင့် မောင်းနှင်သော ( ဟင်္သာတ စာပေဟောပွဲ )


http://www.mediafire.com/?677x230vcxy8uvn

ဆရာမောင်စိန်ဝင်း ပုတီးကုန်းရဲ့ သုတရသ စာပေ ( မင်္ဂလာဒုံ စာပေဟောပြောပွဲ )

နားလည်မှု


နားလည်မှု့ ဆိုတဲ့ စကားလုံးလေး က ကျွန်တော်တို့ ဘ၀တွင် နေ့စဉ်သုံးစွဲနေကြဖြစ်၍ သိပ်မထူုးဆန်းသလို ခံစားရသော်လည်း တကယ့်လက်တွေ့ဘ၀ထဲတွင် ထိုစကားလုံးလေးသည် အရေးအပါဆုံးဖြစ်နေသည်ကိုသေချာစွာ သတိထားကြည့်က ပိုမို ထင်ရှားလာပေလိမ့်မည် ။

သားသမီးနှင့် မိဘ ၊ ချစ်သူစုံတွဲများ….ဆရာနှင့် တပည့်…အလုပ်ရှင်နှင့် အလုပ်သမား ၊ အစိုးရနှင့် ပြည်သူလူထု ထိုသို့သော ဆက်ဆံရေးများတွင်သာ မကာ လူမှု့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း နေရာမှန်သမျှ နားလည်မှု့ ဆိုသည့် စကားလုံးလေးက ရေပန်းအစားဆုံး ဖြစ်ပေလိမ့်မည်…….။ ထိုစကားလုံးလေးကို သေချာစွာ နားလည်ခံစားနိုင်ဖို့ ပထမဦးစွာ သင့်မှာ ကိုယ်ချင်းစာ တရားတော့ ရှိရပေမည်…။

မိဘများ၏ သူတို့၏ ရင်သွေးငယ်များ အပေါ်ကို ကောင်းစေချင်သော စေတနာဖြင့် ဆုံးမသည့်စကားကို

သားသမီးများက နားလည်မှု လွဲချော်ခဲ့လျှင် ထိုမိသားစု အတွင်းဝယ် ရင်းနှီးကျွမ်းဝင်မှု့များ တဖြည်းဖြည်း လျော့နည်းလာပေလိမ့်မည် ။ ထိုသို့ရင်သွေးများ၏ နားမလည်ဘဲ တုန့်ပြန်ပြောဆိုမှုကို မိဘများကပါ နားလည်မှု လွဲချော်၍ ကြမ်းတမ်းစွာ ပြန်လည်တုန့်ပြန်မိလျှင် ထိုမိသားစု ဘ၀ လေး စိတ်မချမ်းသာစရာအဖြစ်အပျက်များနှင့် နေ့စဉ်နေ့တိုင်း ခရီးဆက်ရပေလိမ့်မည် ။

အိမ်တွင်းရေး မသာယာမှုကြောင့် အိမ်ပြန်မချင်သည့် လူတစ်ယောက် လမ်းမှားကို ရောက်ဖို့ အတော်လေးကို နီးစပ်သွားသည် ။ ထို့အပြင် မိဘများ၏ စေတနာစကားကိုပင် နားလည်မှု့လွဲမှားသည့် လူတစ်ယောက်သည် ပတ်ဝန်းကျင်နှင့် သဟဇာဖြစ်ဖို့ အင်မတန်မှ ခဲယဉ်းလာပေလိမ့်မည် ။ ထိုအခါ ပတ်ဝန်းကျင်ကိုပါ အရွဲ့တိုက်ချင်စိတ်ဖြင့် တယူသန် စိတ်ထားကို မွေးမြူရင်းက လမ်းမှားပေါ်တွင် အခြေချကာ ဘ၀ပျက်သွားကြသည့် လူငယ်တွေ အတော်များပြား လာနေပါပြီ … ။

နှလုံးသား ခံစားချက်နှင့် မကင်းနိုင်သည့်လူသားတိုင်း အချစ်ဆိုသည့် အရာကို တမ်းတကာ တပ်မက်လေ့ ရှိကြ၍ အချိန်တန် အရွယ်ရောက်လျှင် ကိုယ်နှင့်လိုက်ဖက်ညီမျှသော ချစ်သူမျိုးကို အလိုရှိကြသည်မှာ လောကဓမ္မတာ ပင်ဖြစ်လေသည် ။ ထိုအချစ်ဆိုသည့် အရာကို နားလည်မှု ဆိုသည့် စိတ်ထားဖြင့်မခံစားနိုင်ကြလျှင် ပျော်ရွှင်မှုတွေ ဝေးကွာကုန်ကာ စိတ်ဆင်းရဲခြင်း သောက ဝေဒနာကို ဖက်တွယ်ရလေ့ ရှိသည် ။ တကယ်တမ်း အချစ်ဆိုသည့် ခံစားချက် တခုတည်းဖြင့် သာယာလှပသည့် ဘ၀တခု တည်ထောင်ဖို့ ဘယ်လို နည်းနှင့်မျှ မဖြစ်နိုင်ပါ ။

သို့သော် ထို အချစ်ဆိုသည့် အရာသည် ပုထုဇဉ် လူသားတို့၏ ပျော်ရွှင်မှု ကမ္ဘာကို စတင်ဖွင့်ဖို့ သော့တစ်ချောင်း ဖြစ်သည့် အတွက် မရှိမဖြစ်လိုအပ်သော အရာတခု ဖြစ်ပေလိမ့်မည် ။

ချစ်ခြင်းနှင့် စတင်ကာ ပျော်ရွှင်ကြသည့် တချို့သောချစ်သူစုံတွဲများ နောက်ဆုံးတွင် အမုန်းတရားကို ရင်ခွင်မှာ ပိုက်ကာ

ရန်သူသဖွယ် ဖြစ်သွားရသည့် အဓိက အကြောင်းတရားသည် နားလည်မှု လွဲချော်ရာမှ အစပြုလေ့ရှိပါသည် ။

ရည်းစားဘ၀တွင် အချစ်သည်သာ ပဓါနလို့ ကြွေးကြော်၍ ရကောင်းရပေလိမ့်မည် ။ သို့သော် ချစ်သူဘ၀တွင် အချစ် ဆိုသည့်စကားကို နှုတ်ဖျားက ရေရွတ်ပြရုံမျှနှင့် နှင့် မပြည့်စုံတော့ ။

ရှေ့ဆက်ရမည့် အနာဂတ် ဘ၀ခရီး လမ်း အတွက် ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ဖို့ ပြင်ဆင်မှုများ အဖြစ် တခါမှ မသိကျွမ်းဘူးသော မိသားစုနှစ်ခုကြားမှာ ကူးလူးဆက်သွယ်ဖို့ လိုအပ်လာသည် ။သာယာလှပသော မိသားစု ကမ္ဘာလေး တည်ဆောက်နိုင်ရေး အတွက် သူ့စိတ်ကူး နှင့် ကိုယ့်စိတ်ကူးလေးများ ဖလှယ်ကာ အကောင်းဆုံးကို ရွေးချယ်ကြရမည့် အချိန်တွင် အချစ်ဆိုသည့် စကားကို ပေါ့ပေါ့ပါးပါးလေးသုံးပြီး သမီးရည်းစား စုံတွဲများလို နေကြပါက ထိုချစ်သူစုံတွဲ ခိုင်မြဲဖို့ မလွယ်လှချေ ။

အိမ်ထောင်သည် ဘ၀ ရောက် ပြီးသည့် အခါ မိသားစု ဘ၀ကို ပိုင်ဆိုင်နေကြချိန်တွင် ထို အချစ်၏ အဓိပ္ပာယ်သည် ပင်လျှင် ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို သစ္စာရှိဖို့ နှင့် မျိုးဆက်သစ်များ အတွက် တွေးတောကြံစည်မှုများဖြစ်လာသည် ။ ထိုကဲ့သို့ ပြောင်းလဲလာသည့် အချစ်၏ အဓိပ္ပာယ်ကို နားလည်မှုလွဲကာ အတွေးချော်ပြီး ပေါ့ပျက်စွာတွေးပါက စိတ်ဆင်းရဲခြင်းဆိုသည့် အကျိုးရလဒ်ကိုသာ ပိုင်ဆိုင်ရပေလိမ့်မည် ။

အချစ်ဆိုတဲ့ သော့တချောင်းမပါဘဲ

လှပတဲ့မေတ္တာအိမ်ကို လူတွေက

အတ္တတွေ ကိုင်စွဲကာ

ဂုဏ်ဓနတွေ နဲ့ ရိုက်ချိုးပြီး

မာနများနဲ့ တွန်းဖွင့်ဖို့ ကြိုးစား

သူတို့ ရသွားကြတာက

နောင်တ တရားနဲ့ ပူဆွေးမှုသောက

နောက်ဆုံးမှာ အရှုံး သမား ဘ၀နဲ့

လောကကြီးကို ပြစ်တင်ဝေဖန် သွားကြတယ်…။

အေးမြတဲ့ မေတ္တာကို နားလည်မှု မခြုံလွှမ်းဘဲ

ငါရဲ့ဆန္ဒ အဓိကပါလို့

ကြွေးကြော်ထားတဲ့ လူသားများအတွက်

ပျော်ရွှင်စရာ ဆိုတာ ဒီကမ္ဘာမှာ မရှိပါဘူးလို့

လောကကြီးက ပြုံးပြုံးလေးဘဲ အဖြေပေးသွားတယ်…..။

အချစ်ဆိုသည့်အရာသည် အလိုက်သင့်အချိုးညီမျှစွာ ပြောင်းလဲခံစားတတ်လျှင် လွန်စွာမှ ရသမြောက်သည့်ကဗျာတပုဒ်ကို ကိုယ်တိုင်ရေးဖွဲ့သလို ခံစားရ၍ တွေးမိတိုင်းကြည်နူးရပေလိမ့်မည် ။

ဆရာတဦးက တပည့်အပေါ်တွင် ပညာတတ်ကြီး ဖြစ်စေလိုသည့် စေတနာဖြင့် တခါတရံ ကြမ်းတမ်းစွာ

ဆက်ဆံမိသည့် အခါ တပည့်မှ ဤဆရာသည်ငါ့အား မတရားသက်သက် နှိပ်စက်လေသည် ဟု သဘောထားက ထိုတပည့်သည် ပညာတတ်ဖြစ်ရန် မလွယ်လှပါ ။ ထို့အတူ ဆရာလုပ်သူမှာလည်း ငါက တာဝန်အရ စာသင်ရတာ တပည့်တွေ တတ်သည် ဖြစ်စေ မတတ်သည်ဖြစ်စေ ငါ့အပိုင်းမဟုတ်ဟု ခံယူထားကာ နည်းလည်မှု လွဲမှားလျှင် အမှားကြီးမှားကြပေအုံးမည် ။

အထူးသဖြင့် စိတ်ဓါတ် မရင့်မကျက်သေးသော ကျောင်းသားများသည် ဆရာများ၏ မေတ္တာတရားကို နားလည်မှု လွဲမှားလေ့ ရှိသလို အတ္တလွန်ကဲသော ဆရာများသည်လည်း တပည့်များ အပေါ်တွင် စေတနာ ချို့တဲ့လွန်းလှပသေည်။ တိုင်းပြည်တပြည်၏ အနာဂတ်များ ရှင်သန်ကြီးပြင်းရာ စာသင်ကျောင်းလို နေရာမျိုး၌ နားလည်မှု ကို လွဲမှားစွာ သင်ယူတတ်မြောက်ခဲ့ကြလျှင် ပြင်ပကမ္ဘာသို့ ရောက်လာသော အခါ ထိုကျောင်းသားလူငယ်များသည် ပတ်ဝန်းကျင်နှင့် သဟဇာတ မဖြစ်ဘဲ ထင်ရာစိုင်း၍ ရမ်းကားသည့် အကျင့်များ ရိုက်သွင်းပေးလိုက်သလို ဖြစ်သွားပေလိမ့်မည် ။

ထိုသို့သောစိတ်ဓါတ် အခံရှိသည့် မျိုးဆက်သစ်လူငယ်များသည် ပါတ်ဝန်းကျင် ကောင်းကျိုးထက် သူတို့၏ အတ္တကိုသာ အမြဲတစေ ဖော်ထုတ်လိုသည့် ဆန္ဒများကြောင့် အဓမ္မကို ဓမ္မ အဖြစ် ထင်မှတ်ကာ လုပ်ဆောင်ကြရင်းဖြင့် တိုင်းပြည်ကြီး ဆုတ်ယုတ်ပျက်စီးလာပေလိမ့်မည် ။

အိုးထိန်းသည်သည် ခိုင်မာတောင့်တင်း၍ လှပသော အိုးတို့ကို ရရှိရန် ရိုက်နှက်၍ ပုံသွင်းရပေသည်။ ပန်းချီဆရာတို့သည် လှပသော ပန်းချီကား တချပ်ရရှိရန် အတွက် စုတ်ချက် လှလှလေးများဖြင့် ညင်သာစွာ ပုံသွင်းလေ့ ရှိသည် ။ ထို့အတူ ဆရာတို့မည်သည် တပည့်တို့အား ပညာတတ် ဖြစ်စေချင်သည့် ဆန္ဒဖြင့် တခါတရံ ပြင်းထန်သော စည်းကမ်းများဖြင့်ပုံသွင်းလှေ့ရှိသလို တခါတရံ နူးညံ့ပျော့ပျောင်းစွာ သင်ကြားပေးလေ့ ရှိသည် ကို တပည့်လုပ်သူမှ နားလည် သဘောပေါက်ရန် လိုအပ်လှသလို ဆရာလုပ်သူမှလည်း တာဝန်ကိုမေ့ထားကာ မေတ္တာတရားဖြင့် သင်ကြားပေးနိုင်မှ ဆရာတပည့်ကြား ပေါင်းသင်းဆက်ဆံရေး၌ အဆင်ပြပေလိမ့်မည် ။

အကြောင်းတရားကြောင့် အကျိုးတရားတို့ ဖြစ်ထွန်းနေသော ဤကမ္ဘာကြီးတွင် အကျိုးတရားတို့ကားထင်ရှားသော်လည်း အကြောင်းတရားတို့ကို သိရှိရန် ပညာမျက်စိဖြင့်ကြည့်မှ မြင်တတ်ကြလေသည် ။ ထို့ကြောင် အကြောင်းတရားတို့ကို သိအောင်ဆောင်ရွက်ကြခြင်း ကိုပင်လျှင့်  ပညာသင်ကြားခြင်း ဟု အဓိပ္ပာယ်ဖွင့်ဆို၍ ရပြန်သည်။ အကျိုးစီးပွားတို့ ဖြစ်ထွန်းအောင် လုပ်ဆောင်နိုင်သော အကြောင်းတရားတို့ကို မသိသောသူကို ပညာမဲ့ (၀ါ ) လူမိုက်ဟု ခေါ်သည် ။

ပညာမဲ့သော ပုဂ္ဂိုလ်တို့သည် အကျိုးစီးပွား ဖြစ်ထွန်းအောင် ဆောင်ရွက်သော ပညာရပ်များ၌ မကျွမ်းကျင်ဘဲ အကျိုးစီးပွား ပျက်စီးသည့် အတတ်ပညာ၌သာ တဖက်ကမ်းခတ် ကျွမ်းကျင်သောကြာင့် ကောင်းကျိုးချမ်းသာ မင်္ဂလာကို ရရှိအောင် မည်သို့ပင် ဆောင်ရွက်ကြသော်ငြား သူတို့သည် မိုက်မဲသော ဥာဏ်နည်းမှုများကြောင့် အကျိုးစီးပွား ဖြစ်ထွန်းအောင် လုပ်နိုင်ခြင်း မရှိဘဲ ချမ်းသာသုခ မှန်သမျှကို ဆုတ်ယုတ် ပျက်စီးအောင်သာ လုပ်လေ့ရှိကြသည်ဟု မြတ်ဗုဒ္ဓက မိန့်ကြားခဲ့လေသည် ။

ထို့ကြောင့် လူသားအားလုံးအတွက် အရေးကြီးသော ပညာရေး အခန်းဂဏ္ဍတွင် အတ္တများကို လျှော့ချကာ ပညာသင်ကြားတတ်မြောက်ရေး အတွက် နားလည်မှုများဖြင့် ပြင်ဆင်ဖြည့်စွက်ကာ အဘက်ဘက်က စဉ်းစားသင့်ပါသည် ။

အစိုးရနှင့် ပြည်သူလူထု ကြား နားလည်မှုလွဲမှားလျှင် ထိုတိုင်းပြည်တပြည် တိုးတက်ဖို့ရန် ဘယ်လိုမှ မလွယ်ကူနိုင်ချေ ။ တကယ်တော့ အစိုးရ ဆိုသည်မှာ ပြည်သူ့လူထု ဘဏ္ဍာများမှ လစာယူ၍ ပြည်သူလူထုကို အလုပ်ကျွေးပြုရန် တာဝန်ပေးအပ်ထားခြင်းခံရသူများသာ ဖြစ်လေသည် ဟု ရာထူးကို လက်ခံယူသူများဘက်က အစဉ်တွေးမှ တိုင်းပြည်က အေးချမ်းသာယာပေလိမ့်မည် ။ ထိုသို့မတွေးဘဲ ငါတို့က တာဝန် ရှိပုဂ္ဂိုလ်ဟု အမည်ခံကာ ပြည်သူလူထု အပေါ်တွင် အထက်စီးက ဆက်ဆံချင်ကြ၍ အခွင့်အရေး မှန်သမျှ အကုန်ယူကာ တိုင်းပြည်ဘဏ္ဍာ ကိုယ်ဥစ္စာဟု သဘောထားလျှင် ထိုတိုင်းပြည်ကြီး ပျက်စီးသွားပေလိမ့်မည် ။

ပြည်သူလူထုသည် အုပ်ချုပ်သူ အစိုးရထံကို သူတို့ခံစားရသည့် ဒုက္ခများ ဖြေရှင်းပေးရန် တင်ပြတောင်းဆိုသည့် အခါ အုပ်ချုပ်သူ အစိုးရမှ ပြေလည်အောင် မဖြေရှင်းပေးဘဲ ငါတို့ကောင်းတာ လုပ်နေပါလျှက် သူတို့က မကျေနပ်လို့ ဆန္ဒပြကြတာ ။ အဲဒီတော့ ဒီလူတွေကို အကျဉ်းထောင်ထဲ ဖမ်းထည့်ထားလိုက်ရင် တော့ နောက်လူတွေ မလုပ်ရဲလောက်ပါဘူးလို့ ဆိုကာ အကြမ်းဖက်တဲ့ အသွင်သဏ္ဍန်ဖြင့် အစိုးရက ပြည်သူလူထုကို ဆက်ဆံကာ မိုက်မဲသော စဉ်းစားတွေးခေါ်မှုများကို လုပ်ကိုင် ဆောင်ရွှက်ကြသည့် ထိုတိုင်းပြည်သည် ရွှက်သစ်တွေကို ဖူးပွင့်ခွင့်မပေးဘဲ ရွက်ဟောင်းများ သာ နေရာယူထားသည့် အပင်အိုကြီး ပမာ သာယာလှပမှု ကင်းဝေးကွာ တစတစ နှင့် ချမ်းသာသုခ မှန်သမျှတို့ ဆုတ်ယုတ် ပျက်သုဉ်းစေကာ တတိုင်းပြည်လုံး အမှောင် ဖုံးလွှမ်း၍ သောက မျက်ရည်များဖြင့်ခရီးဆက်ကြရပေလိမ့်မည် ။

မတူကွဲပြားခြားနားသည့် ခန္ဓာကိုယ် နှင့် စိတ်ဓါတ်ပိုင်ရှင်များ တဦးချင်းစီ စုပေါင်းနေထိုင်ရာက စတင်လာသည့် ပြည်ထောင်စုကြီးတွင် သူ့အယူဝါဒ နှင့် ငါ့မူဝါဒ အငြင်းမပွားကြဘဲ နားလည်မှုကို အခြေခံကာ ပြဿနာမှန်သမျှ ဖြေရှင်းနိုင်ကြလျှင် သာယာလှပသည့် ပြည်ထောင်စု၏ အနှစ်သာရသည်ပိုမို ထင်ရှားကာ ချမ်းသာသုခ အလုံးစုံကို ခံစားနိုင်မည် ဖြစ်မှာ အသေအချာပင် ဖြစ်လေသည် ။

ထိုကြောင့် သားသမီးနှင့် မိဘ ၊ ချစ်သူစုံတွဲများ….ဆရာနှင့် တပည့်…အလုပ်ရှင်နှင့် အလုပ်သမား ၊ အစိုးရနှင့် ပြည်သူလူထု ကြားတွင် တွေ့ကြုံရသည့် ပြဿနာ မှန်သမျှကို အတ္တများဖြင့် မဖြေရှင်းကြဘဲ ကိုယ်ချင်းစာ တရားဖြင့် နားလည်မှု့ယူကာ ဖြေရှင်းနိုင်ဖို့ ကြိုးစားပေးခြင်းဖြင့် သာယာအေးချမ်းတဲ့ လူ့ဘောင်လောကကို ကိုယ်တိုင် ထုဆစ်ပုံသွင်းနိုင်ပါကြောင်း အသိပေးပြောကြားရင်း……..။


http://www.facebook.com/note.php?note_id=266269343390720

ဒီစာစုလေးကို ဖတ်ပြီး ပြောစရာ ရှိခဲ့ရင်တောင် ဒီနေရာလေးမှာ လာရောက် ပြောကြားနိုင်ပါတယ် ခင်ဗျာ ။

ခင်မင်လေးစားလျှက်

ဗမာ့သွေး