Saturday, September 3, 2011

နားလည်မှု


နားလည်မှု့ ဆိုတဲ့ စကားလုံးလေး က ကျွန်တော်တို့ ဘ၀တွင် နေ့စဉ်သုံးစွဲနေကြဖြစ်၍ သိပ်မထူုးဆန်းသလို ခံစားရသော်လည်း တကယ့်လက်တွေ့ဘ၀ထဲတွင် ထိုစကားလုံးလေးသည် အရေးအပါဆုံးဖြစ်နေသည်ကိုသေချာစွာ သတိထားကြည့်က ပိုမို ထင်ရှားလာပေလိမ့်မည် ။

သားသမီးနှင့် မိဘ ၊ ချစ်သူစုံတွဲများ….ဆရာနှင့် တပည့်…အလုပ်ရှင်နှင့် အလုပ်သမား ၊ အစိုးရနှင့် ပြည်သူလူထု ထိုသို့သော ဆက်ဆံရေးများတွင်သာ မကာ လူမှု့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း နေရာမှန်သမျှ နားလည်မှု့ ဆိုသည့် စကားလုံးလေးက ရေပန်းအစားဆုံး ဖြစ်ပေလိမ့်မည်…….။ ထိုစကားလုံးလေးကို သေချာစွာ နားလည်ခံစားနိုင်ဖို့ ပထမဦးစွာ သင့်မှာ ကိုယ်ချင်းစာ တရားတော့ ရှိရပေမည်…။

မိဘများ၏ သူတို့၏ ရင်သွေးငယ်များ အပေါ်ကို ကောင်းစေချင်သော စေတနာဖြင့် ဆုံးမသည့်စကားကို

သားသမီးများက နားလည်မှု လွဲချော်ခဲ့လျှင် ထိုမိသားစု အတွင်းဝယ် ရင်းနှီးကျွမ်းဝင်မှု့များ တဖြည်းဖြည်း လျော့နည်းလာပေလိမ့်မည် ။ ထိုသို့ရင်သွေးများ၏ နားမလည်ဘဲ တုန့်ပြန်ပြောဆိုမှုကို မိဘများကပါ နားလည်မှု လွဲချော်၍ ကြမ်းတမ်းစွာ ပြန်လည်တုန့်ပြန်မိလျှင် ထိုမိသားစု ဘ၀ လေး စိတ်မချမ်းသာစရာအဖြစ်အပျက်များနှင့် နေ့စဉ်နေ့တိုင်း ခရီးဆက်ရပေလိမ့်မည် ။

အိမ်တွင်းရေး မသာယာမှုကြောင့် အိမ်ပြန်မချင်သည့် လူတစ်ယောက် လမ်းမှားကို ရောက်ဖို့ အတော်လေးကို နီးစပ်သွားသည် ။ ထို့အပြင် မိဘများ၏ စေတနာစကားကိုပင် နားလည်မှု့လွဲမှားသည့် လူတစ်ယောက်သည် ပတ်ဝန်းကျင်နှင့် သဟဇာဖြစ်ဖို့ အင်မတန်မှ ခဲယဉ်းလာပေလိမ့်မည် ။ ထိုအခါ ပတ်ဝန်းကျင်ကိုပါ အရွဲ့တိုက်ချင်စိတ်ဖြင့် တယူသန် စိတ်ထားကို မွေးမြူရင်းက လမ်းမှားပေါ်တွင် အခြေချကာ ဘ၀ပျက်သွားကြသည့် လူငယ်တွေ အတော်များပြား လာနေပါပြီ … ။

နှလုံးသား ခံစားချက်နှင့် မကင်းနိုင်သည့်လူသားတိုင်း အချစ်ဆိုသည့် အရာကို တမ်းတကာ တပ်မက်လေ့ ရှိကြ၍ အချိန်တန် အရွယ်ရောက်လျှင် ကိုယ်နှင့်လိုက်ဖက်ညီမျှသော ချစ်သူမျိုးကို အလိုရှိကြသည်မှာ လောကဓမ္မတာ ပင်ဖြစ်လေသည် ။ ထိုအချစ်ဆိုသည့် အရာကို နားလည်မှု ဆိုသည့် စိတ်ထားဖြင့်မခံစားနိုင်ကြလျှင် ပျော်ရွှင်မှုတွေ ဝေးကွာကုန်ကာ စိတ်ဆင်းရဲခြင်း သောက ဝေဒနာကို ဖက်တွယ်ရလေ့ ရှိသည် ။ တကယ်တမ်း အချစ်ဆိုသည့် ခံစားချက် တခုတည်းဖြင့် သာယာလှပသည့် ဘ၀တခု တည်ထောင်ဖို့ ဘယ်လို နည်းနှင့်မျှ မဖြစ်နိုင်ပါ ။

သို့သော် ထို အချစ်ဆိုသည့် အရာသည် ပုထုဇဉ် လူသားတို့၏ ပျော်ရွှင်မှု ကမ္ဘာကို စတင်ဖွင့်ဖို့ သော့တစ်ချောင်း ဖြစ်သည့် အတွက် မရှိမဖြစ်လိုအပ်သော အရာတခု ဖြစ်ပေလိမ့်မည် ။

ချစ်ခြင်းနှင့် စတင်ကာ ပျော်ရွှင်ကြသည့် တချို့သောချစ်သူစုံတွဲများ နောက်ဆုံးတွင် အမုန်းတရားကို ရင်ခွင်မှာ ပိုက်ကာ

ရန်သူသဖွယ် ဖြစ်သွားရသည့် အဓိက အကြောင်းတရားသည် နားလည်မှု လွဲချော်ရာမှ အစပြုလေ့ရှိပါသည် ။

ရည်းစားဘ၀တွင် အချစ်သည်သာ ပဓါနလို့ ကြွေးကြော်၍ ရကောင်းရပေလိမ့်မည် ။ သို့သော် ချစ်သူဘ၀တွင် အချစ် ဆိုသည့်စကားကို နှုတ်ဖျားက ရေရွတ်ပြရုံမျှနှင့် နှင့် မပြည့်စုံတော့ ။

ရှေ့ဆက်ရမည့် အနာဂတ် ဘ၀ခရီး လမ်း အတွက် ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ဖို့ ပြင်ဆင်မှုများ အဖြစ် တခါမှ မသိကျွမ်းဘူးသော မိသားစုနှစ်ခုကြားမှာ ကူးလူးဆက်သွယ်ဖို့ လိုအပ်လာသည် ။သာယာလှပသော မိသားစု ကမ္ဘာလေး တည်ဆောက်နိုင်ရေး အတွက် သူ့စိတ်ကူး နှင့် ကိုယ့်စိတ်ကူးလေးများ ဖလှယ်ကာ အကောင်းဆုံးကို ရွေးချယ်ကြရမည့် အချိန်တွင် အချစ်ဆိုသည့် စကားကို ပေါ့ပေါ့ပါးပါးလေးသုံးပြီး သမီးရည်းစား စုံတွဲများလို နေကြပါက ထိုချစ်သူစုံတွဲ ခိုင်မြဲဖို့ မလွယ်လှချေ ။

အိမ်ထောင်သည် ဘ၀ ရောက် ပြီးသည့် အခါ မိသားစု ဘ၀ကို ပိုင်ဆိုင်နေကြချိန်တွင် ထို အချစ်၏ အဓိပ္ပာယ်သည် ပင်လျှင် ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို သစ္စာရှိဖို့ နှင့် မျိုးဆက်သစ်များ အတွက် တွေးတောကြံစည်မှုများဖြစ်လာသည် ။ ထိုကဲ့သို့ ပြောင်းလဲလာသည့် အချစ်၏ အဓိပ္ပာယ်ကို နားလည်မှုလွဲကာ အတွေးချော်ပြီး ပေါ့ပျက်စွာတွေးပါက စိတ်ဆင်းရဲခြင်းဆိုသည့် အကျိုးရလဒ်ကိုသာ ပိုင်ဆိုင်ရပေလိမ့်မည် ။

အချစ်ဆိုတဲ့ သော့တချောင်းမပါဘဲ

လှပတဲ့မေတ္တာအိမ်ကို လူတွေက

အတ္တတွေ ကိုင်စွဲကာ

ဂုဏ်ဓနတွေ နဲ့ ရိုက်ချိုးပြီး

မာနများနဲ့ တွန်းဖွင့်ဖို့ ကြိုးစား

သူတို့ ရသွားကြတာက

နောင်တ တရားနဲ့ ပူဆွေးမှုသောက

နောက်ဆုံးမှာ အရှုံး သမား ဘ၀နဲ့

လောကကြီးကို ပြစ်တင်ဝေဖန် သွားကြတယ်…။

အေးမြတဲ့ မေတ္တာကို နားလည်မှု မခြုံလွှမ်းဘဲ

ငါရဲ့ဆန္ဒ အဓိကပါလို့

ကြွေးကြော်ထားတဲ့ လူသားများအတွက်

ပျော်ရွှင်စရာ ဆိုတာ ဒီကမ္ဘာမှာ မရှိပါဘူးလို့

လောကကြီးက ပြုံးပြုံးလေးဘဲ အဖြေပေးသွားတယ်…..။

အချစ်ဆိုသည့်အရာသည် အလိုက်သင့်အချိုးညီမျှစွာ ပြောင်းလဲခံစားတတ်လျှင် လွန်စွာမှ ရသမြောက်သည့်ကဗျာတပုဒ်ကို ကိုယ်တိုင်ရေးဖွဲ့သလို ခံစားရ၍ တွေးမိတိုင်းကြည်နူးရပေလိမ့်မည် ။

ဆရာတဦးက တပည့်အပေါ်တွင် ပညာတတ်ကြီး ဖြစ်စေလိုသည့် စေတနာဖြင့် တခါတရံ ကြမ်းတမ်းစွာ

ဆက်ဆံမိသည့် အခါ တပည့်မှ ဤဆရာသည်ငါ့အား မတရားသက်သက် နှိပ်စက်လေသည် ဟု သဘောထားက ထိုတပည့်သည် ပညာတတ်ဖြစ်ရန် မလွယ်လှပါ ။ ထို့အတူ ဆရာလုပ်သူမှာလည်း ငါက တာဝန်အရ စာသင်ရတာ တပည့်တွေ တတ်သည် ဖြစ်စေ မတတ်သည်ဖြစ်စေ ငါ့အပိုင်းမဟုတ်ဟု ခံယူထားကာ နည်းလည်မှု လွဲမှားလျှင် အမှားကြီးမှားကြပေအုံးမည် ။

အထူးသဖြင့် စိတ်ဓါတ် မရင့်မကျက်သေးသော ကျောင်းသားများသည် ဆရာများ၏ မေတ္တာတရားကို နားလည်မှု လွဲမှားလေ့ ရှိသလို အတ္တလွန်ကဲသော ဆရာများသည်လည်း တပည့်များ အပေါ်တွင် စေတနာ ချို့တဲ့လွန်းလှပသေည်။ တိုင်းပြည်တပြည်၏ အနာဂတ်များ ရှင်သန်ကြီးပြင်းရာ စာသင်ကျောင်းလို နေရာမျိုး၌ နားလည်မှု ကို လွဲမှားစွာ သင်ယူတတ်မြောက်ခဲ့ကြလျှင် ပြင်ပကမ္ဘာသို့ ရောက်လာသော အခါ ထိုကျောင်းသားလူငယ်များသည် ပတ်ဝန်းကျင်နှင့် သဟဇာတ မဖြစ်ဘဲ ထင်ရာစိုင်း၍ ရမ်းကားသည့် အကျင့်များ ရိုက်သွင်းပေးလိုက်သလို ဖြစ်သွားပေလိမ့်မည် ။

ထိုသို့သောစိတ်ဓါတ် အခံရှိသည့် မျိုးဆက်သစ်လူငယ်များသည် ပါတ်ဝန်းကျင် ကောင်းကျိုးထက် သူတို့၏ အတ္တကိုသာ အမြဲတစေ ဖော်ထုတ်လိုသည့် ဆန္ဒများကြောင့် အဓမ္မကို ဓမ္မ အဖြစ် ထင်မှတ်ကာ လုပ်ဆောင်ကြရင်းဖြင့် တိုင်းပြည်ကြီး ဆုတ်ယုတ်ပျက်စီးလာပေလိမ့်မည် ။

အိုးထိန်းသည်သည် ခိုင်မာတောင့်တင်း၍ လှပသော အိုးတို့ကို ရရှိရန် ရိုက်နှက်၍ ပုံသွင်းရပေသည်။ ပန်းချီဆရာတို့သည် လှပသော ပန်းချီကား တချပ်ရရှိရန် အတွက် စုတ်ချက် လှလှလေးများဖြင့် ညင်သာစွာ ပုံသွင်းလေ့ ရှိသည် ။ ထို့အတူ ဆရာတို့မည်သည် တပည့်တို့အား ပညာတတ် ဖြစ်စေချင်သည့် ဆန္ဒဖြင့် တခါတရံ ပြင်းထန်သော စည်းကမ်းများဖြင့်ပုံသွင်းလှေ့ရှိသလို တခါတရံ နူးညံ့ပျော့ပျောင်းစွာ သင်ကြားပေးလေ့ ရှိသည် ကို တပည့်လုပ်သူမှ နားလည် သဘောပေါက်ရန် လိုအပ်လှသလို ဆရာလုပ်သူမှလည်း တာဝန်ကိုမေ့ထားကာ မေတ္တာတရားဖြင့် သင်ကြားပေးနိုင်မှ ဆရာတပည့်ကြား ပေါင်းသင်းဆက်ဆံရေး၌ အဆင်ပြပေလိမ့်မည် ။

အကြောင်းတရားကြောင့် အကျိုးတရားတို့ ဖြစ်ထွန်းနေသော ဤကမ္ဘာကြီးတွင် အကျိုးတရားတို့ကားထင်ရှားသော်လည်း အကြောင်းတရားတို့ကို သိရှိရန် ပညာမျက်စိဖြင့်ကြည့်မှ မြင်တတ်ကြလေသည် ။ ထို့ကြောင် အကြောင်းတရားတို့ကို သိအောင်ဆောင်ရွက်ကြခြင်း ကိုပင်လျှင့်  ပညာသင်ကြားခြင်း ဟု အဓိပ္ပာယ်ဖွင့်ဆို၍ ရပြန်သည်။ အကျိုးစီးပွားတို့ ဖြစ်ထွန်းအောင် လုပ်ဆောင်နိုင်သော အကြောင်းတရားတို့ကို မသိသောသူကို ပညာမဲ့ (၀ါ ) လူမိုက်ဟု ခေါ်သည် ။

ပညာမဲ့သော ပုဂ္ဂိုလ်တို့သည် အကျိုးစီးပွား ဖြစ်ထွန်းအောင် ဆောင်ရွက်သော ပညာရပ်များ၌ မကျွမ်းကျင်ဘဲ အကျိုးစီးပွား ပျက်စီးသည့် အတတ်ပညာ၌သာ တဖက်ကမ်းခတ် ကျွမ်းကျင်သောကြာင့် ကောင်းကျိုးချမ်းသာ မင်္ဂလာကို ရရှိအောင် မည်သို့ပင် ဆောင်ရွက်ကြသော်ငြား သူတို့သည် မိုက်မဲသော ဥာဏ်နည်းမှုများကြောင့် အကျိုးစီးပွား ဖြစ်ထွန်းအောင် လုပ်နိုင်ခြင်း မရှိဘဲ ချမ်းသာသုခ မှန်သမျှကို ဆုတ်ယုတ် ပျက်စီးအောင်သာ လုပ်လေ့ရှိကြသည်ဟု မြတ်ဗုဒ္ဓက မိန့်ကြားခဲ့လေသည် ။

ထို့ကြောင့် လူသားအားလုံးအတွက် အရေးကြီးသော ပညာရေး အခန်းဂဏ္ဍတွင် အတ္တများကို လျှော့ချကာ ပညာသင်ကြားတတ်မြောက်ရေး အတွက် နားလည်မှုများဖြင့် ပြင်ဆင်ဖြည့်စွက်ကာ အဘက်ဘက်က စဉ်းစားသင့်ပါသည် ။

အစိုးရနှင့် ပြည်သူလူထု ကြား နားလည်မှုလွဲမှားလျှင် ထိုတိုင်းပြည်တပြည် တိုးတက်ဖို့ရန် ဘယ်လိုမှ မလွယ်ကူနိုင်ချေ ။ တကယ်တော့ အစိုးရ ဆိုသည်မှာ ပြည်သူ့လူထု ဘဏ္ဍာများမှ လစာယူ၍ ပြည်သူလူထုကို အလုပ်ကျွေးပြုရန် တာဝန်ပေးအပ်ထားခြင်းခံရသူများသာ ဖြစ်လေသည် ဟု ရာထူးကို လက်ခံယူသူများဘက်က အစဉ်တွေးမှ တိုင်းပြည်က အေးချမ်းသာယာပေလိမ့်မည် ။ ထိုသို့မတွေးဘဲ ငါတို့က တာဝန် ရှိပုဂ္ဂိုလ်ဟု အမည်ခံကာ ပြည်သူလူထု အပေါ်တွင် အထက်စီးက ဆက်ဆံချင်ကြ၍ အခွင့်အရေး မှန်သမျှ အကုန်ယူကာ တိုင်းပြည်ဘဏ္ဍာ ကိုယ်ဥစ္စာဟု သဘောထားလျှင် ထိုတိုင်းပြည်ကြီး ပျက်စီးသွားပေလိမ့်မည် ။

ပြည်သူလူထုသည် အုပ်ချုပ်သူ အစိုးရထံကို သူတို့ခံစားရသည့် ဒုက္ခများ ဖြေရှင်းပေးရန် တင်ပြတောင်းဆိုသည့် အခါ အုပ်ချုပ်သူ အစိုးရမှ ပြေလည်အောင် မဖြေရှင်းပေးဘဲ ငါတို့ကောင်းတာ လုပ်နေပါလျှက် သူတို့က မကျေနပ်လို့ ဆန္ဒပြကြတာ ။ အဲဒီတော့ ဒီလူတွေကို အကျဉ်းထောင်ထဲ ဖမ်းထည့်ထားလိုက်ရင် တော့ နောက်လူတွေ မလုပ်ရဲလောက်ပါဘူးလို့ ဆိုကာ အကြမ်းဖက်တဲ့ အသွင်သဏ္ဍန်ဖြင့် အစိုးရက ပြည်သူလူထုကို ဆက်ဆံကာ မိုက်မဲသော စဉ်းစားတွေးခေါ်မှုများကို လုပ်ကိုင် ဆောင်ရွှက်ကြသည့် ထိုတိုင်းပြည်သည် ရွှက်သစ်တွေကို ဖူးပွင့်ခွင့်မပေးဘဲ ရွက်ဟောင်းများ သာ နေရာယူထားသည့် အပင်အိုကြီး ပမာ သာယာလှပမှု ကင်းဝေးကွာ တစတစ နှင့် ချမ်းသာသုခ မှန်သမျှတို့ ဆုတ်ယုတ် ပျက်သုဉ်းစေကာ တတိုင်းပြည်လုံး အမှောင် ဖုံးလွှမ်း၍ သောက မျက်ရည်များဖြင့်ခရီးဆက်ကြရပေလိမ့်မည် ။

မတူကွဲပြားခြားနားသည့် ခန္ဓာကိုယ် နှင့် စိတ်ဓါတ်ပိုင်ရှင်များ တဦးချင်းစီ စုပေါင်းနေထိုင်ရာက စတင်လာသည့် ပြည်ထောင်စုကြီးတွင် သူ့အယူဝါဒ နှင့် ငါ့မူဝါဒ အငြင်းမပွားကြဘဲ နားလည်မှုကို အခြေခံကာ ပြဿနာမှန်သမျှ ဖြေရှင်းနိုင်ကြလျှင် သာယာလှပသည့် ပြည်ထောင်စု၏ အနှစ်သာရသည်ပိုမို ထင်ရှားကာ ချမ်းသာသုခ အလုံးစုံကို ခံစားနိုင်မည် ဖြစ်မှာ အသေအချာပင် ဖြစ်လေသည် ။

ထိုကြောင့် သားသမီးနှင့် မိဘ ၊ ချစ်သူစုံတွဲများ….ဆရာနှင့် တပည့်…အလုပ်ရှင်နှင့် အလုပ်သမား ၊ အစိုးရနှင့် ပြည်သူလူထု ကြားတွင် တွေ့ကြုံရသည့် ပြဿနာ မှန်သမျှကို အတ္တများဖြင့် မဖြေရှင်းကြဘဲ ကိုယ်ချင်းစာ တရားဖြင့် နားလည်မှု့ယူကာ ဖြေရှင်းနိုင်ဖို့ ကြိုးစားပေးခြင်းဖြင့် သာယာအေးချမ်းတဲ့ လူ့ဘောင်လောကကို ကိုယ်တိုင် ထုဆစ်ပုံသွင်းနိုင်ပါကြောင်း အသိပေးပြောကြားရင်း……..။


http://www.facebook.com/note.php?note_id=266269343390720

ဒီစာစုလေးကို ဖတ်ပြီး ပြောစရာ ရှိခဲ့ရင်တောင် ဒီနေရာလေးမှာ လာရောက် ပြောကြားနိုင်ပါတယ် ခင်ဗျာ ။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

No comments:

Post a Comment