Wednesday, September 14, 2011

လူမိုက်တို့ သွားရာလမ်း


လူမိုက်တို့ သွားရာလမ်း


မြတ်ဗုဒ္ဓ မပေါ်ထွန်းမှီ အချိန်ကာလ အိန္ဒိယနိုင်ငံ တောင်ပိုင်း အလယ်ဗဟိုအနားတွင် အင်မတန်မှ ကြီးမားသော ရေအိုင်ကြီး တခုတည်ရှိပါသည် ။ ထိုရေအိုင်ကြီးမှာ ရေများ လျှံကျ၍ စီးဆင်းရာက ဂေါဓါဝဒီ မြစ်ကြီးသည် ဖြစ်ထွန်းကာ စီးဆင်းလျှက် ရှိသည် ။ ထိုဂေါဓါဝဒီ မြစ်ကြီး စီးဆင်းရာ မြစ်ကမ်းခြေ တစ်လျှောက်တွင် တိုင်းပြည်မြို့ရွာများ တည်ဆောက်ကာ မင်း အသီးသီးတို့ စိုးစံနေကြလေသည် ။

ထို ဂေါဓါဝဒီ ရေအိုင်ကြီး အနားတွင် ဈာန် အဘိဥာဉ် နှင့် ပြည့်စုံသော သရဘင်္ဂ ရသေ့ကြီး တစ်ပါး သည် လက်ထောက် ရသေ့ ( ၇ ) ပါး နှင့် အတူ ရသေ့ပေါင်း သောင်းနှင့် ချီ၍ သီတင်းသုံးနေထိုင်ကြလေသည် ။ အင်မတန်မှာ များပြားသည့် ရသေ့ အရေအတွေကြောင့် ခေါင်းဆောင် သရဘင်္ဂရ သေ့ကြီးက သူ့တပည့် (၇ ) ယောက်ကိုခေါ်၍ ယခုနေရာသည် လူပေါင်းများစွာ အတူတကွ နေထိုင်၍ မသင့်တော်သောကြောင့် သင့်တင့်မျှတသော နေရာရှာ၍ သီတင်းသုံးနေထိုင်ရန် ညွှန်ကြားသော အခါ တပည့် (၇)ပါးသည် သူ့တို့ နောက်လိုက်နောက်ပါ အသီးအသီးနှင့် ထိုရေအိုင်ကြီး အနားမှ ထွက်ခွာသွားကြလေသည် ။

ထိုတပည့်များထဲမှ ရသေ့တပါး ဖြစ်သော ကိသ၀စ္ဆ ရသေ့ကြီးသည် ဒါန္တကီမင်းကြီး အုပ်ချုပ်ရာ ကုပ္မ၀တီ တိုင်းပြည်တွင်းက မင်းဥယျာဉ်ထဲတွင် သီတင်းသုံးနေသည် ။ ကိသ၀ိစ္ဆရသေ့ကြီးသည် အလွန်ရှည်လျားသော ဆံပင်ကို ထုံး၍ ခေါင်းတွင် ထုံးထားသည့် အပြင် ခန္ဓာကိုယ်၌ အမွှေးအမျှင်တို့ဖြင့် ဖုံးလွှမ်းထားသောကြောင့် ပြင်ပ အမြင်၌ မတင့်တယ်သော်လည်း သမထ အရာ၌ ပြီးပြည့်စုံကာ ဈာန် အဘိဥာဉ်ရ သူတော်ကောင်း ရသေ့ကြီးဖြစ်သည် ။

ထို ဒါန္တကီမင်းကြီးသည် အလွန်လှပသည့် အမျိုးသမီး တဦးကို ပြည်တန်ဆာ အဖြစ် သတ်မှတ်၍ ရာထူးပေးကာ ပျော်ပါးလေ့ရှိသည် ။ ထိုမိန်းမသည် အလွန်လှပသောကြောင့် ပျော်ပါးလိုသူ အင်မတန်များပြား လှ၍ ၀င်ငွေ အလွန်ကောင်းလေသည် ။ ထိုအချိန်တွင် ဘုရင်ကြီးသည် ၀င်ငွေနည်းပါး၍ စိတ်ညစ်နေသောကြောင့် အရက်သေစာတို့ကို သောက်စားမူးယစ် နေတုန်း ပြည်တန်ဆာမ၏ ၀င်ငွေသည် သူ့ထက် ၀င်ငွေပိုမိုကောင်းသည်ကို သိသော အခါ ထိုမိန်းမကို ပြည်တန်ဆာ ရာထူးမှ ဖြုတ်ပြစ်လိုက်လေသည် ။

နောက်တနေ့မနက်ခင်းတွင် ရာထူးပြုတ်၍ စိတ်ပျက်နေသော ထိုမိန်းမသည် အိပ်ယာ ထထခြင်း မင်းဥယျာဉ်ထဲသို့ ရောက်လာသော အခါ တရားကျင့်ကြံနေသည့် ကိသ၀ိစ္ဆရသေ့ကြီးကို တွေ့မြင်လေသည် ။ ထိုအချိန်တွင် ထိုမိန်းမစိတ်၌ စိတ်ပြေလက်ပျောက်ထွက်လာမိသည် ဤမျှ ကျက်သရေ ယုတ်သော ပုဂ္ဂိုလ်ကို တွေ့ရလေခြင်း ဆိုကာ ထင်မှတ်ကာ စိတ်ပျက်သွားလေသည် ။ မျက်နှာသစ် သွားမတိုက်ရသေးသော ထိုမိန်းမသည် ထိုနေရာ၌ ခံတွင်းကို သန့်ရှင်း၍ ထွက်လာသော အညစ်အကြေး ၊ တံတွေးတို့ဖြင့် ရသေ့ကြီး မျက်နှာကို ထွေးရုံသာ မက တံပူများကို ဆံထုံးပေါ်သို့ ပစ်တင်သွားလေသည် ။

(၇ ) ရက်မျှ ကြသော အခါ ရှင်ဘုရင်ကြီးသည် ထိုမိန်းမကို သတိရ၍ တမ်းတမိသော ကြောင့်ပြည်တန်ဆာမ ရာထူး ပြန်ခန့်လေသည် ။ ထိုအချိန်တွင် တိုက်ဆိုင်စွာပင် နန်းတော် အတွင်း၌ ၀န်ကြီး တပါးကို ရှင်ဘုရင်က အမျက်တော် ရှ၍ ရာထူးမှ ဖြုတ်ပြစ်လိုက်ပြန်လေသည် ။ ထိုအခါ ထိုဝန်ကြီးသည် ပြည်တန်ဆာမကို ချဉ်းကပ်၍ သင်ရာထူးပြန်ရအောင် ဘယ်လို လုပ်သလည်း ဟု မေးမြန်းသော အခါ

ထိုမိန်းမက ဒါလေးများအလွယ်လေး အမတ်ကြီး ။ မင်းဥယျာဉ်ထဲကို သွား ၊ အဲဒီထဲက ကိသ၀ိစ္ဆဆိုတဲ့ ရသေ့ကြီးရဲ့ မျက်နှာကို တံတွေးဖြင့် နာနာထွေး သင့်ရာထူး ပြန်ရလိမ့်မယ် ဟု ပြောဆို အကြံပေးသည် ။ ထို ဥာဏ်နည်းပါးသည့် အမတ်သည် မိန်းမယုတ် အကြံအတိုင်း လုပ်ဆောင်ခဲ့ ပြီးနောက် (၇ ) ရက်မျှ ကြာသောအခါ ဘုရင်က စိတ်ပြေ၍ ထိုအမတ်ကို ရာထူးပြန်လည် ပေးအပ်ပြန်လေသည် ။

ထိုအချိန်တွင် တိုင်းပြည် နယ်စပ်၌ သူပုန်ထ၍ ရှင်ဘုရင်က စစ်ချီတက်ရန် ပြင်ဆင် နေချိန်တွင် ထိုဥာဏ်နည်းပါးသော အမတ်သည် ဘုရင့်ထံ ချဉ်းကပ်ကာ အရှင်မင်းကြီး သင်စစ်ပွဲမှာ အောင်နိုင်လိုပါသလားလို့ မေးသော အခါ ဘုရင်က ဘယ်လို နည်းလမ်းများ လုပ်ဆောင်သင့်သလည်းဟု မေးမြန်းလေသည် ။ အမတ်ကြီးက သိပ်မခက်ပါဘူး အရှင်မင်းကြီး ဥယျာဉ်ထဲကို သွား အဲဒီထဲက

ရသေ့ကြီးကို တံတွေးနဲ့ ထွေးကာ ယတြာ ချေလိုက်ရင် အရှင်မင်းကြီး စစ်ပွဲမှာ အောင်ပွဲရတော်မူပါလိမ့်မယ်ဟု လျှောက်သော အခါ ပညာမရှိသည့် ရှင်ဘုရင်တွေ စစ်ထွက်ခါနီး၌ ရသေ့ကြီးကို တံတွေးဖြင့် ထွေးခဲ့လေသည် ။

ရှင်ဘုရင်က သူတော်ကောင်းကို စော်ကားသော အခါ နောက်လိုက်နောက်ပါ မှူးမတ်များ ၊ စစ်သည်များက သူတော်ကောင်းကို စော်ကားသည့် ယုတ်မာရိုင်းစိုင်းသည့် လုပ်ရပ်ကြီးကို ယတြာချေသည်ဟု ဆိုကာ အတူတကွ ပူးပေါင်း လုပ်ဆောင်ကြလေသည် ။

အကြောင်းတိုက်ဆိုင်မှု၏ အထွဋ်အထိပ် အဖြစ် ထိုရှင်ဘုရင်ကြီးသည် ရန်သူတပ်ကြီးကို အောင်မြင်စွာ တိုက်ထုတ်နိုင်၍ အောင်ပွဲခံသည့် အခါ ဘာမှ မသိနားမလည်သော ပြည်သူလူထုကြီးကပါ ရှင်ဘုရင်ကြီးက မှားယွင်းသော လုပ်ရပ်များကို ၀ိုင်းဝန်း ထောက်ခံ အားပေးကာ တတိုင်းပြည်လုံး ပျော်ရွှင်နေကြသည် ။

သူတော်ကောင်းကို စော်ကားသည့် လုပ်ရပ်များကို မြင်ရသည့် အခါ ထိုတိုင်းပြည်ကို စောင့်ရှောက်သည့် နတ်အပါင်း တို့သည် လွန်စွာမှ ပင် အမျက် ဒေါသထွက်ကြလေသည် ကို ဈာန် အဘိဥာဉ်ရ ဆရာ သရဘင်္ဂ ရသေ့ကြီးက သိရှိသော အခါ တားဆီး နိုင်ရန် ကြိုးပမ်း ဆောင်ရွက်လိုသော်လည်း သူတော်ကောင်းကို သူယုတ်မာလို့ သတ်မှတ်၍ အောင်ပွဲခံကာ ပျော်မြူးနေသည့် ရှင်ဘုရင် နှင့် အဖွဲ့သားများ သည် အမှန်ကို လက်ခံနိုင်မည် မဟုတ်၍ စိတ်လျှော့လိုက်လေသည် ။

ထို့နောက် သူ့တပည့်များကို လွှတ်၍ ကိသ၀ိစ္ဆရသေ့ကြီးနှင့် နောက်လိုက်နောက်ပါ ရသေ့များကို ထိုတိုင်းပြည်မှ ထွက်ခွာပြီး ရေအိုင်ကြီး အနားသို့ ပြန်လည် သီတင်းသုံးရန် လျှောက်ထားလိုက်လေသည် ။ သူတော်ကေကာင်း ကိသ၀ိစ္ဆ ရသေ့ကြီးနှင့် တပည့်အပေါင်း ထိုတိုင်းပြည်မှ ထွက်ခွါသွားသည်နှင့် တပြိုင်နက်ထဲ သူယုတ်မာတို့ စံပျော်ရာ ထိုတိုင်းပြည်ကြီးကို အမျက်ဒေါသထွက်နေသော နတ်တို့သည် စတင်ဒုက္ခပေးလေသည် ။

ပထမဦးစွာ မိုးကြီး သည်းထန်စွာ ရွာသွန်းလိုက်လေသည် ။ ထိုအခါ တတိုင်းပြည်လုံး အမှိုက်သရိုက်များ ကင်းစင်သွား၍ လူအားလုံးက နတ်များကပါ ကောင်းချီးပေးသည်ဟု ထင်မှတ်ကြလေသည် ။ ထို့နောက် သဲဖြူမိုး ရွာချ၍ တတိုင်းပြည်လုံး ချိုင့်ခွက်မရှိ ပကတိ တပြေးညီ ဖြစ်သွားသော အခါ သူတို့သည် ယုံကြည်မှုသည် ပိုမိုခိုင်မာကြလေသည် ။ ထို့နောက် ပန်းမိုးများရွာချ၍ တနိုင်ငံလုံး ပန်းခင်းသောလမ်းကို လျှောက်လှမ်းကြရသည့် အခါ ပြည်သူလူထုကား ရှင်ဘုရင်ကြီး၏ လုပ်ရပ်သည် မှန်ကန်ပေစွ ။ ဘုန်းတန်ခိုး ကြီးမားလှပစွ ၊ နတ်တို့ကတောင် ချီးကြူးဂုဏ်ပြုကြသည်ဟု ကြွေးကြော်မည်တမ်းကြလေသည် ။

ထို့နောက် ရွှေမိုး ၊ ငွေမိုးများ ၊ ထို့နောက် လက်ဝတ်တန်ဆာမိုး များ ရွာ ၊ ထို့နောက် ကျောက်သံပတ္တမြားမိုးများ ရွှာချကာ အိမ်ထဲရှိ လူမှန်သမျှ လမ်းပေါ်ကို ရောက်လာအောင် နတ်တို့သည် ဆွဲဆောင်ကြလေသည် ။ လူမိုက်တို့သည် သူတို့ မိုက်မဲတွေ အကျိုးမပေးသေးသော အခါ သူတို့၏ ယုတ်မာရိုင်းစိုင်းသည့် လုပ်ရပ်ကြီးသည် ပျားသကာလို ချိုမြနေပါသည် ဟု ထင်မှတ်ထားကာ ပျော်ရွှင်မြူးထူးစွာ အောင်ပွဲခံကြလေသည် ။

တနိုင်ငံလုံးက လူအများ လမ်းမပေါ်သို့ ထွက်လာသည့် အခါ နတ်များက လက်နက်မိုးများ ရွာချ၍ ခန္ဓာကိုယ်ကို လက်နက်တို့ ထိမှန်ခြင်းကြောင့် တတိုင်းပြည်လုံး သွေးများ ဖုန်းလွမ်းကာ ခြေပြတ် ၊ လက်ပြတ် ၊ ခေါင်းပြတ်တို့နှင့် မသေမရှင် ဖြစ်ကာ ဒုက္ခဆိုးကြီးကို ခံစားကြရလေသည် ။ ထို့နောက် ထိုမသေမရှင် ဖြစ်နေသော လူအများပေါ်သို့ ကျောက်ခဲမိုးကြီး ရွာချကာ စိစိညက်ညက် ကျေအောင် သုတ်သင်ကြပြန်သည် ။ ထို့နောက် မီးကျီးခဲမိုးရွာချကာ လူသေ အလောင်းတို့၏ ခန္ဓာကိုယ်အား မီးလောင်ကျွမ်းစေပြန်သည် ။ထို့နောက် သဲမိုး ရွာသွန်း၍ တနိုင်ငံလုံး သဲများ ဖုံးလွှမ်းကာ ထိုတိုင်းပြည်ကြီး ပျက်စီးသွားလေသည် ။

ပညာဥာဏ် နည်းပါးသော လူမိုက်တို့သည် နည်းလွဲနည်းမှားတွေကို နည်းမှန်လမ်းမှန်ဟု ထင်တတ်ကြသည့် အပြင် ထိုမှားယွင်းမှုများ အမှန်ထင်၍ အင်မတန်မှ တန်ဖိုးထားကြကာ သူတပါးအားလည်းလုပ်ဆောင်ရန် တိုက်တွန်းပြောဆိုလေ့ရှိပါသည့် အပြင် ထိုနည်းလမ်းများသည် မှားယွင်းနေသည်ဟု ပဲ့ပြင်ဆုံးမလျှင် လက်မခံချင်ကြဘဲ ရန်ရှာတတ်လေ့ရှိပါသည် ။

ကျွန်ူပ်တို့တိုင်းပြည်ကြီးတွင်လည်း အုပ်ချုပ်သူ အစိုးရသည် ပညာ ဥာဏ်နည်းပါးသည့် အပြင် သဘောထား သေးသိမ်ကာ အင်မတန်မှ ယုတ်မာရိုင်းစိုင်းသော အပြုအမူများ ဖြစ်သည့်

မြတ်ဗုဒ္ဓ၏ သာသနာတော်ကို ပြန့်ပွားအောင် ဆောင်ရွက်နေကြသော သံဃာတော်များကို အသေသတ်ခြင်း ၊ ရိုက်နှက်ခြင်း ၊ ထောင်သွင်း အကျဉ်းချခြင်း

ရဟန်းရှင်လူ ပြည်သူလူထုအား ရက်ရက်စက်စက် အကြမ်း ဖက် နှိမ်နှင်းခြင်း

ပညာရေး စနစ်ကြီး တခုလုံး ဆုတ်ယုတ် ပျက်သုဉ်းအောင်ဆောင်ရွက်၍ ပြည်သူလူထု အား အသိဥာဏ် အဆိပ်ခတ်ခြင်း

တတိုင်းပြည်လုံး ဒုက္ခလွှမ်းအောင် အာဏာလက်နက်ကို ကိုင်စွဲ၍ တိုင်းပြည်ဘဏ္ဍာများအား စိတ်ကြိုက် သုံးဖြုန်းပြစ်ခြင်း

အစ ရှိသည့် ယုတ်မာသည့် လုပ်ရပ်ပေါင်းများစွာကို အတိတ်ကံ ကုသိုလ်ကံ အားကိုးဖြင့် မိုက်မဲစွာ လုပ်ဆောင်နေကြသော်လည်း သူတို့ လုပ်ဆောင်သမျှ အကျိုးပေးချိန် မကျသေးချိန် အထိ ပျားရည် ချိုမြနေကြတုန်းပင်ဖြစ်ပါသည် ။

သို့သော် သူတို့ လုပ်ဆောင်ခဲ့တဲ့ ပြစ်မှုပေါင်းများစွာ အကျိုးပေးချိန်ကြသည့်အခါတွင်မူ လွန်စွာမှပင် ဆိုးဝါးသည့် ဒုက္ခများကို ခံစားကြရမည်မှာ အမှန်ပင်ဖြစ်ပါသည် ။

သူ တို့တွေသည် အင်မတန်မှ ယုတ်မာရိုင်းစိုင်းကာ ကောက်ကျစ်သော လုပ်ဆောင်ချက်များကို ကြိမ်ဖန်များစွာ ကျူးလွန်သော်လည်း ချမ်းသာသုခ ခံစားနေရသည်ကို မြင်ရသော ပြည်သူလူထုကြီးသည် သူတို့လုပ်ရပ်အမှန်ဟု ထင်ကာ အကုသိုလ်အလုပ်များကို ပျော်ပျော်ကြီး ဆင်နွှဲကာ လုပ်ဆောင်နေသော ကျနော်တို့ တိုင်းပြည်ကြီးသည် ကုပ္မ၀တီ တိုင်းပြည်ကြီးလို နတ်များက ဒဏ်ခံခြင်း ခံရသလို မထင်ရှားသော်လည်း တစတစ နှင့် စားဝတ်နေရေး လွန်စွာ ကြပ်တည်း ကျဉ်းမြောင်းလာသည့် အပြင် ဒုက္ခမျိုးစုံကို ခါးသီးစွာ ခံစားနေရပါသည် ။

ထို့ကြောင့် ထိုသို့သော လူယုတ်မာများ အာဏာကို ဆက်လက် ဆုပ်ကိုင်ထားလျှင် နောင်အခါတွင် ယခုထက် ပိုမိုဆိုးဝါးသည့် ဒုက္ခများကို ခံစားရပါအုံးမည် ။ ယခုပုံ အတိုင်း ဆက်လက် သွားရင် မကြာခင် အချိန်ကာလတွင် မြန်မာနိုင်ငံဆိုသည် ကမ္ဘာမြေပုံပေါ်က ပျောက်ကွယ်တော့မည်မှာ အမှန်ပင် ဖြစ်ပါသည် ။

ထိုအာဏာရူး စစ်ဘီးလူးများ နှင့် လူယုတ်မာ အပေါင်းတို့ ခေါင်းဆောင် နေရာ ယူထားသမျှ တော့ သူတို့ရဲ့ နည်းလမ်းမှားကြီးကြောင့် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးဆိုတာ လေထဲမှာ တိုက်အိမ်ဆောက်သလိုဘဲ ဘယ်သောအခါမှ ဖြစ်လာလိမ့်မည် မဟုတ်ဘဲ ဆက်လက် ပြိုကျ ပျက်စီးနေမည်မှာ အသေအချာပင် ဖြစ်ပါသည် ။

မြန်မာနိုင်ငံသားတို့ အနေဖြင့် တိုင်းပြည်ကို တကယ်ချစ်ကာ ခေတ်မှီဖွံ့ဖြိုး တိုးတက်စေလိုသည်မှာ အမှန်ပါဟု ခံယူထားကြလျှင် မတရားမှု့ မှန်သမျှကို လက်မခံနိုင်ကြောင်း ပွင့်လင်းစွာ ပြောကြား၍ ဆန့်ကျင်ကြပါ ။ ထိုသို့မဟုတ်ဘဲ ယာယီကို ထာဝရ အမှတ်နှင့် လူယုတ်မာတို့ လုပ်ဆောင် သမျှ အားကျကာ ထောက်ခံ ၊ အနေအစားချောင်သည်ဟု ယူဆကာ သူတို့ အကြိုက် လုပ်ပြနေကြလျှင် တော့ မကြာခင်မှာ စာရိတ္တ မဏ္ဍိုင် ကြီး ယိမ်းယိုင်သော တိုင်းပြည်ကြီး မှ လူအများသည် ဆိုးရွားယုတ်မာမှု အပေါင်း သရဖူ ဆောင်းကာ တိုင်းပြည်ကြီး တခုလုံး ပြိုကျ ပျက်စီးသွားတော့မည် အနေအထားသို့ ဦးတည်ချီတက်နေကြောင်း တိုင်းပြည်အကျိုး မျှော်ကိုး၍ နိုးဆော် တိုက်တွန်းလိုက်ရပါသည်…..။

(တောင်းပန်ချက်။ ။ တရားခွေကို နားထောင်ရင်းက ပြန်လည်ရေးသားခြင်း ဖြစ်၍ စာလုံးပေါင်း မှားခဲ့ပါလျှင် သီးခံဖတ်ရှုကာ ပြင်ပေးကြပါလို့ မေတ္တာရပ်ခံပါရစေ )

ခင်မင်လေးစားလျှက်

ဗမာ့သွေး

No comments:

Post a Comment