Wednesday, November 10, 2010

လူထု တိုက်ပွဲ ကို သစ္စာ လက်နက်များ တပ်ဆင်ခြင်း


လူထု တိုက်ပွဲ ကို သစ္စာ လက်နက်များ တပ်ဆင်ခြင်း


ပြည်သူလူထု အပေါင်းတို့ ခင်ဗျာ ၊ ကျွန်ူပ်တို့မှာ ရွေးချယ်စရာ လမ်းမရှိတော့ လို့ လူထုတိုက်ပွဲ ၀င်ဖို့ သက်ဆိုင်ရာ နိုင်ငံရေး ပညာရှင်များသာ မက ပြည်သူလူထု အပေါင်းတို့ကပါ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပါတယ် ။ တကယ်တော့ လူထုတိုက်ပွဲ ဆိုတာ ပြည်သူလူထုတွေရဲ့
လိုလားတောင့်တချက်ကို အာဏာရှင်တွေ ဆီက ပြည်သူလူထု ရဲ့ စည်းလုံးညီညွှတ်မှု ကို ခွန်အား အဖြစ် အသုံးချပြီး တောင်းဆိုတာပါ ။

ဒီလမ်းစဉ်ဟာ လက်ရှိ အနေအထား မှာ လုပ်သင့်လုပ်ထိုက်တဲ့ လမ်းစဉ်တစ်ခုပါ ။ တရားမျှတမှု မရှိတဲ့ အခြေခံ ဥပဒေ နဲ့ အာဏာရှင်တွေ
နှစ်ပေါင်းများစွာ ဆက်လက်အုပ်စိုး မင်းမူသောင်းကျန်းမှု တွေကို ရပ်တန့်သွားဖို့ ကျင်းပတဲ့ ဒီရွေးကောက်ပွဲကို ဆန့်ကျင်တာဟာ
မဟုတ်လျှင် မခံ ၊ မတရားလျှင် တွန်းလှန်ရမည် ဆိုတဲ့ ဆောင်ပုဒ်ကို စွဲမြဲစွာ လက်ကိုင်ထားပြီး ကျွန်ူပ်တို့ ရဲရဲကြီး ချီတက်ကြမှ သမိုင်းအစဉ်အလာ တရပ်ကို ထိန်းသိမ်း တာဖြစ်တယ် ။ ပြည်သူလူထု ဟာ အာဏာရှင်တွေ ပုံသွင်းသမျှ လိုက်လုပ်နေကြရင် ယခုဘ၀ နောင်သံသရာ နှစ်ဖြာသော အကျိုးယုတ်တယ်လို့ ပညာရှင်များက လိုက်လံ သတိပေး နေကြပါတယ်။ သူတို့တွေ ဒီလို ဘာဖြစ်လို့ သတိပေးကြတာလည်း ဆိုတာ ရှင်းရှင်းလေးပါ ။ ယခုချိန်မှာတောင် ကမ္ဘာ့အလယ်မှာ မြန်မာပြည်ကြီး အောက်ကျနောက်ကျ ဖြစ်နေတာ နောင်ဆို ပိုဆိုးကုန်မှာပေါ့ ။

ကျွန်ူပ်တို့ တိုင်းပြည်က သယံဇာတတွေ ပေါကြွယ်ဝပါတယ် ။ ဒါပေမယ့် တိုင်းပြည် အုပ်ချုပ် တဲ့ လူတွေက ညံ့ဖျင်းတော့ တိုင်းပြည်က ဆင်းရဲလာတယ် ။ တိုင်းပြည်က ဆင်းရဲတော့ ပြည်သူလူထု က စားဝတ်နေရေး အရမ်းကြပ်တည်းတယ် ၊ ၀န်ထမ်းတွေက လစာ မလုံလောက်ဘူး ။ မလုံလောက် တော့ တောင်းစား တယ် ၊ ခြိမ်းခြောက်တယ် ၊ လုယက်တယ် ၊ လိမ်တယ် ၊ ခိုးတယ် ။ ကိုယ်ကျင့်တ၇ားကို ငွေနဲ့ လဲစားတယ် ။ သိက္ခာကို ငွေနဲ့ ရောင်းစားတယ် ။ အဲဒီ အကျိုးဆက် မြန်မာနိုင်ငံ ၀န်ထမ်းမှန်သမျှ အထက်ပါ အရည်အချင်းနှင့် ပြည့်စုံရမည် ဆိုတဲ့ သတ်မှတ်ချက်ကို တရားဝင် ဥပဒေ ထုတ်ထားသလို ဖြစ်နေပြီ ။ အဲဒါ တိုင်းပြည်ကို အုပ်ချုပ် တဲ့ လူတွေရဲ့ ညဏ်အမြော် အမြင် နည်းပါးမှု ကြောင့်ပါ ။ကိုယ်ကျင့်တရားတွေ ပျက်စီးလာတော့ သဘာဝ ဘေးအန္တာရယ်တွေ ကျရောက်လာတယ် တို့ တရားတော်တွေမှာ အထင်အရှားပါရှိပါတယ် ။ လက်တွေ့ကျကျ သုံးသပ် ကြည့်လိုက်ရင်လည်း မျက်မြင်ကိုယ်တွေ့ မြင်နေရတာပါဘဲ ။ ဒီလိုအဖြစ်ဆိုးတွေက ရုန်းထွက်ဖို့ အာဏာရှင် စနစ်ဆိုးကို အမြန်ဆုံး ဖြုတ်ချ နိုင်အောင် ကြိုးစားကြရမယ် ။


ငွေကြေးဥစ္စာ မပြည့်စုံတဲ့ လူဟာ သီလကို ထိန်းသိမ်းစောင့်ရှောက် ဖို့ ခက်ခဲတယ် ။ မသတ်ချင်လည်း သတ်ရတယ် ၊ မခိုးချင်လည်း ခိုးရတယ် ၊ မလိမ်ချင်လဲ လည်း လိမ်နေရတယ် ။ အဲဒီလို အလုပ်တွေ လုပ်တဲ့ လူတွေ က စိတ်တည်ငြိမ်ပါ အုံးမလား ။ စိတ်မတည်ငြိမ်တော့ အတွေးအခေါ်တွေ ညစ်ညမ်းလာတယ် ၊ အမှန်နဲ့ အမှားကို မခွဲခြား နိုင်ကြတော့ဘူး ။ အဲဒီတော့ တရားမျှတမှု ကိုလည်း သူမသိတော့ဘူး ၊ အများကောင်းစားရေးထက် ကိုယ်ကျိုးအတ္တကို ပိုပြီး လုပ်ဆောင်တယ် ၊ ဒီလိုအလုပ်တွေဟာ ကောင်းသည် ဆိုးသည်ကို ဝေဖန်ပိုင်းခြား နိုင်တဲ့ ညဏ်မရှိတော့ဘူး ။ အဲဒီတော့ သူတို့လုပ်သမျှ အမှန်ထင် မှတော့ သူတို့ လုပ်ရပ်ကို ဘယ်သောအခါမှ ရပ်တန့်တော့မှာ မဟုတ်ဘူး ။ ဒီလို မှားယွင်းစွာ လုပ်ဆောင်နေတာကို အမှန်ပါလို့ ထင်နေတော့ တကယ့်စစ်မှန်တဲ့ တရားမျှတမှု ကို သူတို့ မသိမြင်ကြတော့ဘူး ။ အဲဒီတော့ ဘာဖြစ်လည်း သူတို့လိုဘဲ အများကိုလည်း လုပ်စေချင်တယ် ၊ ပုံသွင်းထားတယ် ၊ အချန်ကြာ လာတော့ ရင်းနှီးလာတယ် ၊ စွဲစွဲမြဲမြဲ လုပ်ဆောင် လာတော အချိန်ကြတော့ အကျင့်ဖြစ်သွားတယ် ။ အဲဒီ အကျိုးဆက်ကို လက်ရှိ မြန်မာနိုင်ငံရဲ့ နေရာတိုင်းမှာ မတွေ့ချင် အဆုံး မြင်နေရပါတယ် ။ ကိုယ်တိုင် ပြန်စမ်းသပ်လို့ ရတယ် ။ သူတို့ စိတ်တွေထဲမှာ သူတို့ လုပ်သမျှ အမှန်လို့ ထင်နေသလို ဘေးကလည်း မြှောက်ပေးတဲ့ လူတွေ ရှိတော့ ထင်တိုင်းကြဲနေကြတာ အားလုံးအသိဘဲ ။ အာဏာ အတွက် ဆို ၊ သံဃာ လည်း ရိုက်လိုက် ၊ ကျောင်းသားလည်း သတ်ကွာ ၊ လူတွေလည်း သတ် ၊ အမှန်ပြောတဲ့ လူဆို ထောင်ထဲထည့် ။ သူတို့သိတာ တစ်ခုဘဲ ရှိတယ် သူတို့လုပ်သမျှ မှန်ကန်တယ်လို့ ထင်ထားတဲ့ စိတ်ဘဲ ရှိကြတော့တယ် ။ သူတို့တွေရဲ့ အမှားတွေကို သိထားကြတဲ့လူတွေက အခုလို ဒုက္ခနွံကြီးထဲက ရုန်းထွက် လွတ်မြောက်ဖို့ ကြိုးစားသင့်တယ် ။
ဒီလို အဖြစ်အပျက်တွေဟာ သူတို့တွေ ယုတ်မာကောက်ကျစ်တဲ့ စိတ်ထားနဲ့ ပုံသွင်းထားတာကို လိုလားစွာ လက်ခံဆောင်ရွက်ကြတဲ့ အကျိုးဆက်တွေပါ ။ သူတို့ ပုံသွင်းသမျှ လိုက်လုပ်နေကြ ရင် ကျွန်ူပ်တို့ ဘယ်တော့မှ လူပီသမည် မဟုတ် ။ လူမပီသရင် လူဖြစ်ရကျိုး မနပ်ဘူး ၊

အင်မတန်မှ ရှည်းလျားလွန်းလှတဲ့ သံသရာ ဆိုတာနဲ့ နှိုင်းရင် လက်ရှိဘ၀ ဆိုတာ တဒင်္ဂပါ ။ ဒီလိုပါဘဲ တိုက်ပွဲ ၀င်ကြရတဲ့ တခဏတာ အချိန်လေး ဆိုတာ တဘ၀စာနဲ့ နှိုင်းယှဉ်ရင် တိုတောင်းလွန်းလှပါတယ် ။ ဒါပေမယ့် ရလာမယ့် အကျိုးဆက်က ယခုဘ၀သာ မကဘူး နောင်သံသရာ မှာ ကောင်းစားမှာနော်။ သီလ ကို တမနက်လေး စောင့်ရှောက်ပြီး သေရတာက တဘ၀လုံး အကုသိုလ်လုပ်ပြီး သက်ရှင် နေထိုင် ရတာထက် မြတ်ပါတယ် လို့ မြတ်ဗုဒ္ဓက မှာကြားခဲ့ဘူးပါတယ် ။ ဒါကြောင့် ကျွန်ူပ်တို့ တိုက်ပွဲဝင်ပြီး ပြည်သူလူထု အားလုံး ကောင်းစားရေး အတွက် တိုက်ပွဲဝင်တာဟာ လူပီသတဲ့ လူသားတစ်ယောက်ရဲ့ အမြတ်ဆုံး ကျင့်စဉ်ပါ ။ အကောင်းဆုံးသော နည်းလမ်းပါ ၊ သူရဲကောင်းတို့ သွားရာလမ်းပါ ။ ရဲဘော် မသေ ၊ သေသော် ငရဲမလား ဆိုတာ အခုလိုမျိုး တမျိုးသားလုံး အတွက်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရင်တောင် မွန်မြတ်သော လုပ်ရပ်များကြောင့် အပယ်ကို မလားဘူးလို့ ပြောတာပါ ။ တမျိုးသားလုံး လွတ်မြောက်ရေး အတွက် ငြိမ်းချမ်းစာ ဆန္ဒပြတဲ့ အပြစ်မရှိတဲ့ လူတွေကို ရက်စက်လိုတဲ့ စိတ်ဆန္ဒနဲ့ အကြမ်းဖက် နှိမ်နှင်းကြတဲ့ လူတွေရဲ့ သွားရာလမ်းက မဟာအ၀ီစိငရဲမှ တပါးအခြားမရှိပါဘူး ။


" ငါသည် မုချ သေရမည် အချိန်ပိုင်းသာ လိုတော့သည် " ဆိုတဲ့ စကားလေးကို သတိထားကြည့်စမ်းပါ ။ မွေးဖွားလာခြင်း ရှိတဲ့နောက်
သေခြင်းတရားက ဘယ်သူမှ မလွတ်မြောက် နိုင်ပါဘူး ။ မသေခင် အချိန်လေးမှာ ကိုယ်လုပ်နိုင်တာလေးကို အကျိုးရှိရှိ လုပ်ဆောင် နိုင်မှ
လူပီသတဲ့ လူသားတစ်ယောက် အဖြစ် လူဖြစ်ရကျိုး နပ်မှာပါ ။ တိုက်ပွဲဝင်မှ သေတာ မဟုတ်ပါဘူး ။နေရာတိုင်း အချိန်တိုင်း မှာ သေခြင်းတရား ဆိုတာ ကျရောက် လာတတ်တာ အားလုံး အသိပါ ။ သေရမှာကို သိမှတော့ သေခြင်းတရား အတွက် ပြင်ဆင်ထားသင့်တာပေါ့ ။ ကုသိုလ် ကို လုပ်နိုင်သမျှ လုပ်ပြီး အကုသိုလ် အလုပ်ကို ရှောင်ကြဉ် ကြရမှာ သေခြင်းတရား အတွက် ပြင်ဆင် ထားခြင်းဘဲပေါ့ ။ မိသားစု အကျိုးစီးပွားကို လုပ်ဆောင်တာထက် တိုင်းပြည်အကျိုးစီးပွားကို လုပ်ဆောင်တာ ပိုပြီး မွန်မြတ်ပါတယ် ။ တစ်ဦးတစ်ယောက်ဆီက ပစ္စည်းကို မတရား ခိုးဆိုးလုယက် လိမ်ညာလှည့်ဖျား ပြီး သိမ်းပိုက်တာထက် ပြည်သူ့ဘဏ္ဍာကို မတရား ခိုးဆိုးလုယက် လိမ်ညာ လှည့်ဖျား သိမ်းပိုက်တာက ပိုပြီး အပြစ်ရှိပါတယ် ။ ဒါကြောင့် တိုင်းပြည်အကျိုးစီးပွား တိုးတက်ရာ တိုးတက်ကြောင်းကို စတင်အကောင် အထည်ဖော် ဆောင်ရွက်ပေးမယ့် လူထုတိုက်ပွဲဝင် ကြမည့် လူတွေဟာ အင်မတန်မှ မြင့်မြတ်တဲ့ အလုပ်ကို လုပ်ဆောင်ကြတဲ့ သူရဲကောင်းတွေပါ ။ အဲဒီလို တိုင်းပြည်ကို အကျိုးကို သယ်ပိုးဆောင်ရွက်နေတဲ့ အချိန်မှာ ကျဆုံးခဲ့တဲ့ လူမှန်သမျှကို အာဇာနည် လို့ ပြည်သူတွေက ကင်ပွန်းတပ်ပြီး ထာဝစဉ် စွဲမြဲစွာ ဂုဏ်ပြုလေ့ ရှိတယ် ဆိုတာ အားလုံး အသိပါ ။ သေခြင်း၏ အခြား တဘ၀ ၌ လည်း ဘ၀ များ စွာ ကောင်းကျိုး အဖြာဖြာကို စံစားကြရတယ် ဆိုတာ တရားတော်များမှာ အထင်အရှားပါရှိပါတယ်။
အမှန်တရားဘက် ရပ်တည်ပြီး ပြည်သူလူထု အကျိုးအတွက် တိုက်ပွဲဝင်သွားလို့ တဘ၀ စတေးခံ လိုက်ရတာဟာ အာဏာရှင်တွေ ခိုင်းသမျှ လိုက်လုပ်ရင်း ဘ၀များစွာ သေဆုံးသွားကြရမယ့် လူတွေထက် မြင့်မြတ်ပါတယ် ။


တမျိုးသားလုံး လွတ်မြောက်ရေး တိုက်ပွဲကို ဆင်နွှဲကြတဲ့ နေရာမှာ ကိုယ်ကျိုးအတ္တလေး များကို ဘေးဖယ် ပေးထားကြပါ ၊ သူအဖွဲ့ ၊ ငါ့အဖွဲ့ အငြင်းမပွားကြပါနဲ့ ၊ ခေါင်းဆောင်ရှိရင် ကိုယ်က နောက်လိုက် လုပ်ပေးကြပါ ၊ ခေါင်းဆောင် မရှိရင် ကိုယ်က ခေါင်းဆောင်ပါ ၊ ကျွန်ူပ်တို့ တိုင်းပြည်အတွက် မားမားမတ်မတ် ရပ်တည်နေကြတဲ့ ပညာရှင်တွေ အများကြီးပါ ။ လူထုတိုက်ပွဲ ကိုယ်တိုင်ပါဝင် မဆင်နွှဲ နိုင်ကြတဲ့လူများက တိုက်ပွဲဝင်နေသူများကို ငွေကြေး ၊ နည်းပညာ ၊ စားနပ်ရိက္ခာ များ ကူညီထောက်ပံ့ပေးထားကြပါ ။ အားလုံး သူရဲကောင်း စိတ်ဓါတ်များ ကိုယ်တိုင်မွေးမြူကြပြီး သမိုင်းဝင်မယ့် ဒီတိုက်ပွဲကို ကျရာ အခန်းဂဏ္ဍကနေ ပါဝင် ဆင်နွှဲကြကာ မြန်မာနိုင်ငံကို လက်တွေ့ကျကျ ချစ်ပြ ရမယ့် လက်ရှိ အချိန်ဟာ အကောင်းဆုံး အချိန်ပါ လို့ ပြောကြားရင် မကြာခင် တိုက်ပွဲဝင် ကြမည့် သူရဲကောင်း အပေါင်းနှင့် တကွ မြန်မာ့တမျိုးသားလုံး လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်ရင် ကျဆုံးခဲ့ရသော အာဇာနည် ပုဂ္ဂိုလ် များကို ဒီနေရာလေးကနေ လေးစားစွာ ဂါရ ၀ ပြုလိုက်ပါတယ် ။


အို သူရဲကောင်း အပေါင်းတို့ ၊ စစ်မှန်သော သစ္စာစကားတို့၏ စွမ်းပကားတို့ကား အင်မတန်မှ ကြီးလွန်းလှ၏ ။ ရွတ်ဆိုသော လူတို့၏ စိတ်စွမ်းအင် နှင့် မှန်ကန်မှု အပေါ်ကို မူတည်၍ အကျိုးပေးလေ့ ရှိကြပါသည် ။ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း သီလကား လုံခြုံမှုကို ပေး၏ ။ အန္တာရယ် အပေါင်းမှ ကင်းဝေး၏ ။ တိုင်းပြည်ကောင်းစားရေး ဆိုသည့် မြင့်မြတ်သည့် စိတ်ထားသည် သင်တို့ထံ လာလတ္တံ့သော ဒုက္ခံအဖုံဖုံကို ကာကွယ်ပေးနိုင်၏ ။ ထို့ကြောင့် ကျွန်ူပ်တို့သည် ယခုချိန်မှ စ၍ သီလဆိုသော ခြုံထည်ကို ၀တ်ရုံကာ ၊ တိုင်းပြည်ကောင်းစားရေး ဆိုသော စိတ်ထားကို ဒိုင်းသဖွယ် အသုံးချ၍ ၊ သစ္စာတရားကို လက်နက် အဖြစ် ကိုင်စွဲကာ စည်းလုံးညီညွတ်မှု ကို စွမ်းအားအဖြစ် အသုံးပြုကာ တိုက်ပွဲဝင် ကြလျှင် မကြာမှီ အချိန်တွင် ကျွန်ူပ်တို့ တိုင်းပြည် အာဏာရှင် စနစ်ဆိုးအောက်က လွတ်မြောက်ပြီး လွတ်လပ်၍ တရားမျှတကာ ခေတ်မှီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သို့ ချီတက်နိုင်မည် ဟု ယုံကြည်သော စိတ်ဓါတ်ကို ရင်ဝယ်ပိုက်လျှက် စတင် တိုက်ပွဲဝင်ကြပါစို့ ... ။


ကျွန်ူပ်တို့သည် မြန်မာနိုင်ငံကြီး ကို ဒုက္ခဆိုးများမှ လွတ်မြောက်စေလိုသော စိတ်ဆန္ဒတို့ဖြင့် တိုက်ပွဲဝင်ကြခြင်းဖြစ်ပါသည် ။ ဤ သစ္စာစကားသည်
မှန်ကန်ပါ က အာဏာရှင် စနစ်ဆိုးကြီးအောက် မှ အမြန်ဆုံး လွတ်မြောက်ရပါလို၏ ။


ကျွန်ူပ်တို့ တိုင်းပြည်သည် ကိုယ်ကျိုးရှာ အာဏာရှင်တို့ ၏ ယုတ်မာကောက်ကျစ်မှု ကြောင့် နိုင်ငံသားများမှာ ဆင်းရဲဒုက္ခရောက်လျှက် ရှိပါသည် ။ ဤသစ္စာ စကားသည် မှန်ကန်ပါက အာဏာရှင် စနစ်ဆိုးကြီး ၏ အောက်မှ အမြန်ဆုံး လွတ်မြောက်ရပါလို၏ ။


ကျွန်ူပ်တို့ တိုင်းပြည်၏ သူရဲကောင်း အများစုသည် အာဏာရှင်တို့၏ အကြမ်းဖက် ရက်စက်မှု ကြောင့် ကျဆုံးခဲ့၇ပါ၏ ။ ဤသစ္စာစကားသည် မှန်ကန်ပါက အာဏာရှင် စနစ်ဆိုးကြီး အောက်မှ အမြန်ဆုံး လွတ်မြောက်ရပါလို၏ ။

ကျွန်ူပ်တို့ တိုင်းပြည်၏ ခေါင်းဆောင်များအဖြစ် အာဏာရှင် ကိုယ်ကြိုးရှာ လူတစ်စု က မတရား သိမ်းပိုက်ထားပါသည် ။ ဤသစ္စာ စကားသည် မှန်ကန်ပါက ကျွန်ူပ်တို့တိုင်းပြည် ၏ အချုပ်အချာ အာဏာကို ပြည်သူလူထု လက်ထဲ ပြန်ရောက်ရပါလို၏ ။

ကျွန်ူပ်တို့ တိုင်းပြည်အတွက် တရားမျှတမှု ကို တောင်းဆို တိုက်ပွဲဝင်ခဲ့ ကြသော သူရဲကောင်းများ သည် အာဏာရှင်တို့၏ မတရား ဖမ်းဆီးချုပ်နှောင်မှုကို ခံနေကြပါ၏ ။ ဤသစ္စာ စကားသည် မှန်ကန်ပါက ထိုသူရဲကောင်းများ အချုပ်အနှောင် ဘ၀ မှ ကင်းလွတ်ကာ ပြည်သူလူထုမှ အုပ်ချုပ်ရေး အာဏာကို လက်ခံ၍ တိုင်းပြည်ကို ခေါင်းဆောင်ကောင်းများအဖြစ် မြင်တွေ့ရပါစေသား ။


တိုက်ပွဲဝင် သူရဲကောင်း အပေါင်းအား ဦးညွှတ် ဂါရ၀ ပြုလျက်



ဗမာ့သွေး

No comments:

Post a Comment