Monday, October 4, 2010

လူထုအားကို အများကြီးလိုသည်

လူထုအားကို အများကြီးလိုသည်

မြန်မာနိုင်ငံသူ နိုင်ငံသား အပေါင်းတို့ခင်ဗျာ
ကျွန်ူပ်တို့ တိုင်းပြည်မှာ အာဏာရှင် အစိုးရမတရားဖမ်းဆီးချုပ်နှောင်ထားလို့ အကျဉ်းသားဖြစ်နေရတဲ့ မြန်မာနိုင်ငံအကျဉ်းသားတွေကို
ကျွန်တော်တို့ တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးကြမယ်ဆိုရင် ထောင်ထဲမှာ သူတို့ခံစားနေရတဲ့ ဒုက္ခလေးတွေ
နည်းနည်းသက်သာ သွားမယ်လို့ထင်တယ်။
ပွင့်ပွင့်လင်းလင်းပြောရရင်တော့ သူတို့ကို ကူညီထောက်ပံ့ပေးကြပါလို့ ပြောချင်တာပါဘဲ ။
ကျွန်တော်ဆိုလိုတာက ငွေကြေးဥစ္စာ ဓနထက် သူတို့ကို ပြည်သူတွေဟာ သူရဲကောင်းတွေလို့
ထင်နေတုန်းပါဆိုတာကို ပြည်သူလူထု တရပ်လုံးသိစေချင်တာဘဲ ။ ပြည်သူလူထုဘ၀ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ပြည်သူ့ဘက်တော်သားတွေ ကို ကျွန်တော့်တို့ပြည်သူတွေ အမြဲသတိရနေပါတယ် ။ သူရဲကောင်းတို့အပြန်လမ်းကို စောင့်မျှော်နေကြတုန်းပါဆိုတာလေးကို သူတို့တွေများ သိခဲ့ကြရင်ဘယ်လောက်များ အားတက်ကြမလဲ ၊ စဉ်းစားသာ ကြည့်ကြပေတော့ ။
ကျွန်တော်တို့ ကူညီထောက်ပံ့လိုက်တာဟာ သူတို့ကြခဲ့ရတဲ့ သွေးချွေးတစက်စာတောင်မရှိပါဘူး ။

နိုင်ငံရေး အကျဉ်းသားတွေလိုဘဲ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ဟာလည်း မိဘဆွေမျိုးအသိုင်းအ၀ိုင်းတွေ ရဲ့ သာရေးနာရေးကိစ္စ အကုန်ဆုံးရှုံး ကြရတာပါဘဲ ။ ကျွန်တော်တို့လည်း ၀င်ငွေကောင်းတာ တခုကလွဲရင် နေချင်စရာ တစက်မှ မရှိပါဘူး ။ လက်ရှိအာဏာရှင်စနစ်ဆိုးကြောင့် နိုင်ငံတကာမှာ
မြန်မာလူမျိုးဆိုတာ အနှိမ်ခံလူမျိုးဖြစ်နေကြရတာလည်း အားလုံးအသိဘဲ ။ ဒို့တိုင်းပြည်ထဲ မှာဘဲ နေပြီး မိသားစုနဲ့ အိုးမကွာအိမ်မကွာ နေထိုင်ချင်ကြတယ်ဆိုရင် ဒီမိုကရေစီ မြန်မြန်ရအောင်လုပ်ဖို့ဘဲရှိတယ်။ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ကိုယ်တိုင်လူအားစိုက် ပြီး ကူညီနိုင်ကြဖို့ သိပ်မလွယ်ကူလှဘူး ။ အဲဒီတော့ ကိုယ်တတ်နိုင်တဲ့ ငွေအားကို များများစိုက်ပြီး ကူညီပေးကြပါလို့ တိုက်တွန်းလိုပါတယ်။

ပထမဆုံးအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကို အရင်ဆုံးကူညီမယ်။ ရရှိလာတဲ့ ပမာဏကို ကြည့်ပြီး သူတို့မိသားစု ၀င်တွေကို ပါ ဆက်လက်ကူညီထောက်ပံ့ပေးကြမယ် ။ နောက်ပြီးတော့ အခုလက်ရှိ နိုင်ငံ့အကျိုးတကယ်သယ်ပိုးနေတဲ့လူတွေကို ထိထိရောက်ရောက် ကူညီပေးသွားကြမယ်။ ဒါမှသာ နောင်လာမည့် သူရဲကောင်းမျိုးဆက်သစ်တွေ ကို ထပ်မံမွေးထုတ်နိုင်မှာ ဖြစ်တယ်။ သူရဲကောင်းဆိုတာ ပြည်သူလူထု ရင်ထဲမှာ အမြဲရှိပြီး လူထုက ကြည်ညိုလေးစား ကြတာပါလားဆိုတာ နောင်လာမည့်မျိုးဆက်သစ်တွေကို သိစေချင်တယ်။ တိုင်းပြည်အကျိုးသယ်ပိုးဆောင်ရွက်လို့ ထောင်ထဲရောက်တာ လူထုက သူရဲကောင်းဘွဲ့တံဆိပ် ခပ်နှိပ်ပေးလိုက်တာနဲ့ တူတူပါဘဲ ။ နိုင်ငံအကျိုးသယ်ပိုးတာကို အာဏာရှင်အစိုးရဘက်ကကြည့်ရင် ပုန်ကန်သူလို့ ထင်မှတ်ပေမယ့် ပြည်သူလူထုဘက်ကတော့ သူရဲကောင်းလို့ထင်မှတ်နေတာ ဘယ်တော့မှ မဖောက်ပြန်တဲ့ အမှန်တရားတစ်ခုပါဘဲ။
ဘယ်သူဘဲ ဖြစ်ဖြစ်ပြည်သူလူကောင်းစားရေးကို အနစ်နာခံလုပ်ဆောင် နေတဲ့သူတိုင်းဟာ သူရဲကောင်းတွေဘဲ။ အာဏာရှင်တွေနဲ့ပေါင်းပြီး ပြည်သူလူထုကို တပါတ်ရိုက်ရင်တော့ ပြည်သူရန်သူဘဲဆိုတာ ကို သေသေချာချာမှတ်ထားကြပါ ။

အခုလိုသာ ပြည်သူလူထု တရပ်လုံးက ကူညီထောက်ပံ့ပေးထားမယ်ဆို ရင် တော့အာဏာရှင်အစိုးရလည်း တုန်လှုပ်ခြောက်ခြားသွားမှာ အမှန်ပါဘဲ။
ခေါင်းဆောင်ကောင်းတွေ ရှိတုန်း ရုန်းထားနိုင်ကြမှ သာ တော်ကာကြမယ် ။ သူတို့လို သတ္တိရှိပြီး ကိုယ်ကျိုးစွှန့် အနစ်နာခံနိုင်တဲ့သူတွေ ရှိနေတုန်းလေး
အင်အားစိုက်ပြီး ရုန်းလိုက်ကြ ပါ ။သူတို့တွေက ပြည်သူတွေ လှမ်းလျှောက်ဖို့ ဒီမိုကရေစီလမ်းဖောက်နေကြတာ ။ ပြည်သူတွေကသာ အင်တိုက်အားတိုက်ကူညီကြရင် ဒီလမ်းကြီး အမြန်ပြီးစီးပြီး လိုရာခရီး အမြန်ရောက်နိုင်ကြလိမ့်မယ်။ ဒီမိုကရေစီလမ်းကြီး ဘယ်လောက်ကောင်းဆိုတာတော့ နိုင်ငံတကာမှာ ရောက်နေပြီး ဒီမိုကရေစီလမ်းပေါ်လျှောက်နေကြတဲ့သူတွေသာ ကိုယ်တွေ့မေးကြည့်ကြပေတော့။
ကိုယ်နိုင်ရာတာဝန်ကို ငွေအားလူအား နဲ့ ပါဝင်ကူညီနိုင်မှသာ လျှင် ကျွန်ူပ်တို့လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီး ကို အမြန်ဆုံး ပြန်လည်တည်ထောင်နိုင်မှာ ဖြစ်တယ် ဆိုတာသေသေချာချာ စိတ်ထဲမှာ ထည့်ထားပေးကြပါ။

ဒီစာကို မိတ်ဆွေတို့ ဖတ်ရတဲ့အချိန်မှာ မိတ်ဆွေတို့နဲ့ နီးစပ်ရာ စုံစမ်းပြီး အမြန်ဆုံးကိုယ်တိုင်ပါဝင် ကူညီကြပါလို့ လေစားစွာ တိုက်တွန်းနိုးဆော်လိုက်ပါတယ်။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

No comments:

Post a Comment