Tuesday, April 12, 2011

တပ်မတော်သားတို့၏ တာဝန်ဝတ္တရားနှင့် ပြည်သူ့သဘောထား

အာဏာရှင် စနစ်ဆိုးအောက်မှာ နေရသမျှ လူ့အခွင့်အရေး မှန်သမျှ ဆုံးရှုံးကာ လူသားမပီသတဲ့ လုပ်ရပ်များနဲ့ ရှင်သန်နေရတာကို လွတ်မြောက်လိုတဲ့ လူအများက စတင် ဆန့်ကျင်ကာ တော်လှန်ရေးများ လုပ်ရှားလုပ်ဆောင်နေကြပါပြီ ။ စစ်အာဏာရှင်စနစ်ဆိုး ကို မွေးထုတ်နေတဲ့ ဗိုလ်ချုပ်တွေက သူတို့ကောင်းစားရေးကို ဦးထိပ်ထားနေကြလို့ ပြည်သူလူထုနှင့် အတူ ဒုက္ခခံစားနေရတဲ့ ဘ၀က လွတ်မြောက်လိုတဲ့ တပ်မတော်သားများက လည်း အာဏာရှင်များရဲ့ အမိန့်ကို ဆန့်ကျင်ကာ ပြည်သူအများက ယုံကြည်အားထားတဲ့ တပ်မတော်သားဘ၀ကို ပြန်လည် ရယူပေးတော့မယ် ဆိုတဲ့ မြင့်မြတ်တဲ့ စိတ်ဓါတ်များနဲ့ စတင် လုပ်ရှား လုပ်ဆောင်နေတဲ့ အချိန်အခါမှာ သင်လည်း နိုင်ရာ တာဝန် ထမ်းရွက်ဖို့ မမေ့ပါနဲ့ ။







တပ်မတော်သား အပေါင်းတို့ ခင်ဗျာ ....



တပ်မတော်ရဲ့ ဖခင်ကြီးက မိန့်မှာခဲ့တဲ့ စကားအတိုင်း တပ်မတော်သည် တိုင်းပြည် အတွက် ၊ တိုင်းပြည်သည် တပ်မတော် အတွက် မဟုတ် စည်းကမ်းမရှိတဲ့ စစ်တပ် ရှိနေမယ့် အစား အဲဒီ စစ်တပ် မရှိတာ ပိုကောင်းတယ်ဆိုတဲ့ စကားလေးကို လက်တွေ့ကျကျ စဉ်းစားကြည့်လိုက်ရင် ဒီနေ့ တပ်မတော်သားတွေ ကို အသုံးချပြီး ကြီးပွားချမ်းသာနေတဲ့ စစ်အာဏာရှင်ကြီးများကို ဘယ်လို တုန့်ပြန်လုပ်ဆောင် သင့်လည်း ဆိုတာ သိသာ ပေါ်လွင်ထင်ရှားလာမှ အမှန်ပါဘဲ ။



အာဏာယစ်မူးနေတဲ့ စစ်ဗိုလ်ချုပ်ကြီးများက တိုင်းပြည် ဘဏ္ဍာများနဲ့ စည်းစိမ် အမျိုးမျိုးခံနေကြချိန်မှာ သူတို့ လက်အောက်မှာ တာဝန် ထမ်းရွက်နေတဲ့ အောက်ခြေပိုင်း ရဲဘော်တွေ ၀မ်းရေး အတွက် မနည်း ရုန်းကန် လုပ်ရှားနေကြ သလို ပြည်သူလူထု တရပ်လုံးကလဲ ဒုက္ခတွေ ပွေ့ဖက်ပြီး မျက်ရည်ရွှဲလဲနဲ့ ခေါင်းငုံ့ခံနေကြရာ အားလုံး မျက်မြင် ထင်ရှားတွေ့မြင်လာကြရမှာပါ ။

ဒီနေ့တပ်မတော်သား အဖြစ်ခံယူထားတဲ့ မိတ်ဆွေ အပေါင်းကို ကျွန်တော် လေးနက်စွာ အသိပေးချင်ပါတယ် ။ တစ်ချိန်က မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိဖို့ ကြိုးစားစဉ် ဗိုလ်ချုပ်အောင်ဆန်း လက်အောက်က တပ်မတော်သား တွေကို ပြည်သူလူထု ထားရှိတဲ့ သဘောထား လေးကို ဒီသီချင်းလေးကို လိုက်ရွှတ်ကြည့်စမ်းပါ ။ ပြည်သူတွေဟာ တပ်မတော် သားတွေကို ဘယ်လောက် ကြည်ညိုလိုက်သလဲ ၊ ဘယ်လောက် လေးစားလိုက်သလဲ ။



ချွေးနဲ့သာရယ် သွေးနဲ့သာရယ်

စစ်တိုက်တဲ့ နေရာဝယ် အသက်စွန့်ကြလေတော့တယ်

သနားလောက်စရာ တကယ် စားသောက်ရှာတယ်

အဆင်းရဲလည်း ခံရှာတယ် .......ဇွဲသတ္တိထုံးနဲ့ရယ်

ဗမာ့တပ်မတော်ကြီးကိုသာ ၀င်တယ်

စွန့်စားတဲ့လူတွေရယ်ကျေးဇူးကို မျှော်တွေးလို့

ဗမာ့သွေး ကို

နှမပေးချင်ပါတယ် ။



ရန်သူတွေကို အသေနှံတယ် .. စေတနာ ရှိလွန်းလို့ပါကွယ် ....

သြော်...ရန်သူတွေကို အသေနှံတယ် .. စေတနာ ရှိလွန်းလို့ပါကွယ် ...

ပိုပြီးပျော်ဖို့ရယ် ဟေ. ဒို့ကြီးတော်ကြီးကိုပါ ငါ ပေးမယ် ။



ယူမယ် ယူမယ် ဗမာတိုင်း ဗမာတိုင်း မှတ်သားကြကွယ်

ခေတ်ပေါ်တိုင်းပြည်မှာကွယ် စစ်သည် အပေါင်းကို ကောင်းမွန်စွာ ရယ်

ကြိုက်တာလိုရာ ပေးလို့ အင်မတန် အရေးယူတယ်

အဲဒီ လို ဗမာတပ်မတော်ကို မှ တတ်နိုင်သလို ကူပါကြဖို့

နမူနာပြလို့ ကျွန်တော်များ ဆိုပါတယ် ....။



ဖက်ဆစ်ဂျပန်ကို တော်လှန်ဖို့ တိုက်ပွဲဝင်ကြမယ့် ရဲဘော်တွေကို ပြည်သူလူထု ကိုယ်စား ဂီတာသိန်းမောင်က ဂျူဗလီဟော မှာ ဖျော်ဖြေခဲ့တဲ့ သီးချင်းလေးပါ ။ အဲဒီ သီချင်းလေးကို နားဆင်ရတဲ့ ရဲဘော်တွေ မျက်ရည်ကျတယ်တဲ့ ။ ဘယ်လောက် လွှမ်းစရာကောင်းလိုက်တဲ့ သီချင်းလေးလဲဗျာ ။ ဒီနေ့ချိန်ခါမှာလည်း တပ်မတော်သားတွေက အာဏာရှင် စနစ်ကို ဆန့်ကျင်ဖို့ ကြိုးစားကြတာနဲ့ တပြိုက်နက်ထဲ ချီးကြူးဂုဏ်ပြုစကားတွေ ပြောကြားပြီး တေးသီချင်းတွေနဲ့ ဂုဏ်ပြုကြမှာ ကို ကိုယ်တိုင်ပါဝင် ခံစားနိုင်အောင် ကြိုးစားပေးကြပါ ။





တချိန်က နယ်ချဲ့လက်အောက်က လွတ်မြောက်ဖို့ ဖွဲ့စည်းခဲ့တဲ့ တပ်မတော်ကြီးဟာ ယခု အချိန်အခါမှာ ကိုယ်ကျိုး အတ္တ အတွက်ဆို နယ်ချဲ့လက်အောက်ကို တိုင်းပြည်တောင် ထိုးအပ်ချင်တဲ့ စစ်အာဏာရှင်များ ကြီးဆိုးနေတယ် ဆိုတာ တပ်မတော်သားတွေ လည်း အားလုံးအသိပါ ။ ကိုယ့်တိုင်းပြည် သယံဇာတကို ဂုပ်သွေးစုပ်ရတာ အားမရတဲ့ တရုတ်ကြီးများက တိုင်းပြည်ကို အပိုင်သိမ်းပိုက်ဖို့ ကြံစည်နေတာကို ဒို့မြေကို တလက်မတောင် အထိမခံဘူးလို့ ကြွေးကြော်နေတဲ့ တပ်မတော်သားတွေက ကာကွယ်ဖို့ဆို အသာထား အားပေးအားမြှောက် ပြုနေကြအုံးမှာလား ။ တပ်မတော်သားတွေ ရွတ်ဆိုနေတဲ့ သစ္စာ ဒိဌာန်တွေထဲမှာ အာဏာရှင်တွေ ခိုင်းသမျှ အကုန်လုပ်ရမယ်လို့ မပြဆိုထားပါဘူး ။ ကိုယ့်လူမျိုး အချင်းချင်း ပြန်သတ်ပြီး ရလာတဲ့ သူရဲကောင်း တံဆိပ်တွေကို ရင်ဘတ်ကြီး ချွတ်ပြီး မ၀ံ့ကြွားချင်ကြပါနဲ့ လို့ တောင်းဆိုပါရစေ ။ ပြည်သူလူထုက ပေါက်ဖွားလာတဲ့ ပြည်သူ့ဘက်တော်သား တပ်မတော်သားတွေက ပြည်သူလူထုနဲ့ တသားတည်း ရှိနေမှ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်လာမှာပါ ။



အတိတ်သမိုင်းက တပ်မတော်သားတွေရဲ့ လုပ်ရပ်များကို နမူနာထားပြီး အာဏာရှင် စနစ်ကို ၀ိုင်းဝန်း ဆန့်ကျင်ပေးကြပါ ။

ယခင်က တပ်မတော်သားတွေကို ပြည်သူလူထု က လေးစားချစ်ခင် ခဲ့တာကို အခွင့်ကောင်းယူပြီး စစ်အာဏာရှင်တွေက သူတို့ ကိုယ်ကျိုး အတွက် တပ်မတော်သားတွေကို အသုံးချခြင်းကို ခံခဲ့ရလို့ အခု ချိန်မှာ တပ်မတော်သား တွေကို ပြည်သူလူထု က နာကြည်းမုန်းတီး နေကြပါပြီ ။ စစ်အာဏာရှင်တွေ အလိုကျ ပြည်သူလူထု ကို အရက်စက်ဆုံး နှိမ်နှင်း ခဲ့ကြတဲ့ တပ်မတော်သား တွေကို နာကြည်းလာတာ မုန်းတီးလာတာ ပြည်သူတွေ ကို အပြစ်ဆိုလို့လည်း မရပါဘူး ။ ဒီနေ့ ပြည်သူလူထု ကိုယ်စား ကျွန်တော် ပြောကြားချင်တာက ကျွန်တော်တို့ တပ်မတော်သား တွေကို မမုန်းပါဘူး ။ စစ်အာဏာရှင်တွေ အလို ကျ ပြည်သူလူထု ကို ဒုက္ခပေးတဲ့ စစ်သားတွေကိုသာ မုန်းတာပါ ။ ကျွန်တော်တို့ တတွေ မုန်းတီးနေတာက စစ်အာဏာရှင် စနစ်ကြီးကို မွေးဖွာပေးတဲ့ ယုတ်မာလွန်းလှတဲ့ ဗိုလ်ချုပ်ကြီးများကိုသာ မုန်းတာပါ ။



စစ်အာဏာရှင်တွေရဲ့ ပါးစပ်ဖျားက တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို အကောင်အထည်ဖော် ဆောင်ရွက်မယ်လို့ ပရိတ်ရွတ်သလို ရွတ်ဆိုပြီး ဆောင် ပုဒ်အမျိုးမျိုး ထုတ်ကာ ကြွေးကြော်ခိုင်းခဲ့ကြပေမယ့် လက်တွေ့ဘ၀ ကိုယ့်လူမျိုး အချင်းချင်း ပြန်သတ်ခိုင်းနေတဲ့ သူတို့လုပ်ရပ်များက အင်မတန်မှ ရွှံရှာ မုန်းတီးစရာ ကောင်းလှပါတယ် ။ ဒါတင်မကသေးပါဘူး သူတို့ ကိုယ်ကျိုးစီးပွား အတွက် ရတနာ သုံးပါးလည်း စော်ကားဖို့ ၀န်မလေးပါဘူး ။ ပြည်သူလူထကို သတ်ဖြတ်ဖို့ ၀န်မလေးပါဘူး ဆိုတာ အားလုံးတွေ့မြင်ခဲ့ရပြီးပြီဘဲ ။ အဲဒီလို မှားယွင်းတဲ့ လုပ်ရပ်တွေကို သာ ရပ်ပြီး ပြည်သူလူထု နဲ့ လက်တွဲကြ၍ အာဏာရှင် စနစ်ဆိုးကို ပူးပေါင်း၍ တော်လှန်ကြမည် ဆိုလျှင် မကြာခင် အချိန်အတွင်းမှာ ပြည်သူလူထု ကလည်း တပ်မတော်သား တွေ အပေါ်ကို သဘောထား ပြောင်းလာကြမှာ သေချာပါတယ် ။



တချိန်က တပ်မတော်နဲ့ ပြည်သူလူထု ချစ်ခင်စည်းလုံးခဲ့ကြလို့ လွတ်လပ်ရေးကို ရရှိခဲ့ကြတယ် ဆိုတာကို မမေ့စေချင်ပါဘူး ။ ပြည်သူချစ်သော စည်းကမ်းပြည့်ဝတဲ့ အရည်အချင်းနဲ့ ပြည့်စုံတဲ့ တပ်မတော် ကြီးကို ပြန်လည် မွေးဖွားဖို့ အတွက် ဒီနေ့ တပ်မတော်သားတိုင်းမှာ တာဝန်ရှိတယ် ဆိုတာ မမေ့ကြပါနဲ့ ။ ယခု အချိန်ဟာ တပ်မတော်သား တွေ အမြင်မှန်ရပြီး တည်ငြိမ်အေးချမ်းတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီကို ချီတက်ဖို့ ကြိုးစားနေတဲ့ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး မြန်မာတမျိုးသားလုံးက လေးစားချစ်ခင်ရတဲ့ တပ်မတော်ကြီးကို ပြန်လည် တည်ဆောက်ဖို့အတွက် ကမ္ဗည်း မော်ကွန်း ရေးထိုးရမည့် အချိန်ကို ရောက်လာပါပြီလို့ လေးစားစွာ အသိပေး နိုးဆော် လိုက်ပါတယ် ။



ဒီနေ့ချိန်ခါမှာ စစ်အာဏာရှင်များရဲ့ သဘောထား အမှန်ကို သိမြင်နားလည်လာကြတဲ့ တပ်မတော်သား တော်တော်များများက သူတို့လက်ရှိ ဘ၀က လွတ်မြောက်အောင် ရုန်းထွက်လိုကြပေမယ့် အကြောင်းကြောင်းသော အချက်များကြောင့် လုပ်ဆောင်မှုတွေ တုန့်နှေးနေတာကို ပြည်သူလူထုက အားမလို အားမရ ဖြစ်နေကြသလို တပ်မတော်သားများဘက်ကလည်း ပြည်သူလူထုက သာ စလုပ်ရှားရင် ပြည်သူလူထုဘက်က ရပ်တည်ဖို့ ၀န်မလေးပါဘူးလို့ ခံယူထားကြကာ လူထုတရပ်လုံးကို အားမလို အားမရ စောင့်ကြည့်နေကြတဲ့ အနေအထား ကို ရောက်နေပါတယ် ။ ဒီလို ဖြစ်ရတဲ့ အဓိက အကြောင်းတရား တရပ်က အမိန့်မှန်သမျှကို မှန်သည် မှားသည် မခွဲခြားဘဲ တပ်မတော်သားတွေရဲ့ လုပ်ဆောင်မှုများကြောင့်ဆိုတာလည်း မမေ့စေချင်ပါဘူး ။

လစ်ဗျားနိုင်ငံမှာ အာဏာရှင်တွေရဲ့ အမိန့်တွေကို တပ်မတော်သားတွေက လက်မခံဘဲ ပြည်သူလူထုနဲ့ ပူးပေါင်းခဲ့လို့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သလို ပြည်သူချစ်သော တပ်မတော်သားများဘ၀ ကို ခံယူနေကြတဲ့ ပုံရိပ်များကို ဥပမာထားပြီး လိုက်နာ ဆောင်ရွက် စေချင်ပါတယ် ။



ဒါကြောင့် တပ်မတော်များနဲ့ လူထု အမြန်ဆုံး ပူးပေါင်းမှု လုပ်ပြီး ဆောင်ရွက်စရာ ရှိတာတွေကို လက်တွေ့ကျကျ ဆောင်ရွက်ဖို့ အားလုံးမှာ တာဝန်ရှိပါတယ် ။ တကယ်တော့ စစ်အာဏာရှင်ကြီးများဟာ တပ်မတော်သားတွေရဲ့ ခွန်အားကို အသုံးချပြီး အာဏာကို ဖက်တွယ်ထားတာပါ ။ တပ်မတော်နဲ့ ပြည်သူလူထု ပူးပေါင်းကြတဲ့ နေ့ဟာ သူတို့တွေ ကျဆုံးတဲ့ နေ့ပါဘဲ ။ လက်ရှိ အနေအထားမှာ တပ်မတော်သားများ အနေနဲ့လည်း ဒုက္ခ မျိုးစုံကို ခံစားနေရတယ်ဆိုတာ ကိုယ်တိုင် တွေ့ကြုံပြီးသားဖြစ်လို့ မတွေဝေနေကြဘဲ လုပ်ဆောင်စရာ ရှိတာများကို လက်တွေ့ကျကျ လုပ်ဆောင်ကာ အာဏာရှင်များကို ဆန့်ကျင် တိုက်ပွဲဝင်ပေးကြပါ ။



တပ်မတော်ဆိုတာ တိုင်းပြည်နဲ့ လူမျိုး ကို ကာကွယ်စောင့်ရှောက်ဖို့ အတွက် ပြည်သူလူထုက ယုံကြည်အားထားပြီး တိုင်းပြည် ဘဏ္ဍာများမှ ထုတ်နှုတ် သုံးစွဲကာ လက်နက်တပ်ဆင်ပေးထားခဲ့ကြတာပါ ။ အဲဒီလက်နက်တွေဟာ ကိုယ့်လူမျိုး အချင်းချင်း သတ်ဖို့ မဟုတ်ပါဘူး ။ ပြည်သူလူထုကို သတ်ဖို့ မဟုတ်ပါဘူး ။ ဗိုလ်ချုပ်ပေးခဲ့တဲ့ စစ်ပညာ ဆိုတာဟာ ပြည်သူလူထုကို သတ်ဖို့ မဟုတ်ဘူး ဆိုတဲ့ စကားကို လေးစားစွာ လိုက်နာ ဆောင်ရွက်ကြရင် တပ်မတော်သားကောင်း ဘ၀ကို ပြန်လည် တည်ဆောက်နိုင်မှာ အသေအချာပါဘဲ ။



တပ်မတော်နဲ့ ပြည်သူလူထုကြားမှာ နားလည်မှုတွေ ကွဲလွဲလာအောင် မိစ္ဆာအယူဝါဒတွေ ရိုက်ထည့်ထားလို့ လုပ်ဆောင်ချက်တွေမှားနေတဲ့ တပ်မတော်သားတွေ အသိမြင်မှန်ရလာတဲ့ တနေ့ဟာ စစ်မှန်တဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ဖော်ဆောင်နိုင်မှာ အမှန်ဖြစ်သလို မြန်မာနိုင်ငံတ၀ှမ်းမှာ ငြိမ်းချမ်းရေး တေးသံများ လွင့်ပျံသံကို စိတ်ထဲမှာ ကြားယောင်ပြီး စိတ်ကူးနဲ့ တွေးကြည့်လိုက်ရင်တောင် ဘယ်လောက် ကြည်နူးစရာ ကောင်းလည်းဗျာ.........။



အာဏာရှင် စနစ်ကြီးရဲ့ နှိပ်စက်မှု ဒဏ်များကြောင့် ဒုက္ခရောက်ကာ ညည်းညူနေရရှာတဲ့ ပြည်သူလူထုအပေါင်းနှင့် ဆင်းရဲကြပ်တည်းကာ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရတဲက တပ်မတော်သားများရဲ့ ထွက်ပေါက်အမှန်ဟာ လက်ရှိ တာဝန် ထမ်းဆောင် နေတဲ့ တပ်မတော်သားတွေရဲ့ တာဝန် ၀တ္တရားကို နားလည်မှု အပေါ်မှာဘဲ မူတည်နေတယ်ဆိုတာ ပြည်သူလူထု သဘောထား အဖြစ် လေးစားစွာ တင်ပြရင်း စစ်အာဏာရှင်များရဲ့ မတရားတဲ့ အမိန့်များကို ငြင်းဆန်ကာ လက်တွေ့ ဆန့်ကျင်နေကြတဲ့ တပ်မတော်သားများကို လေးစားစွာ ဂါရ၀ ပြုလိုက်ပါတယ် ။



တပ်မတော်နှင့် ပြည်သူလူထု အတူတကွ ပေါင်းစုကာ အာဏာရှင် စနစ်ဆိုးအား စတင်တော်လှန်ပြီး
အေးချမ်းသာယာ၍ ခေတ်မှီဖွံ့ဖြိုး တိုးတက်သော နိုင်ငံ တခုကို တည်ဆောက်နိုင်ဖို့ ရှေ့ဆက် ချီတက်ကြပါစို့..............။



ခင်မင်လေးစားလျှက်



ဗမာ့သွေး

No comments:

Post a Comment