Wednesday, June 29, 2011

ဗိုလ်ချုပ်ဒေါသထွက်သောနေ့

မြန်မာ့လွပ်လပ်ရေးတပ်မတော် (BIA) အားဖျက်သိမ်းပြီးမြန်မ့ကာကွယ်ရေးတပ်မတော် (BDA) ကိုပြောင်းလဲဖွဲ့စည်းခဲ့သည့် ၁၉၄၂ ခုနှစ်ကဖြစ်သည်။တပ်အင်အားသုံးထောင်ကျော်ရှိသောမြန်မာ့လွပ်လပ်ရေးတပ်မတော်အား ဂျပန်အာဏာပိုင်တို့ကလက်တစ်ဆုပ်စာခန့်ရှိသော မြန်မာ့လွပ်လပ်ရေးတပ်မတော်ကိုပြန်လည်ဖွဲ့စည်းပေးပြီး မြန်မာ့ကာကွယ်ရေးတပ်မတော်ကိုဦးစီးရန် ဗိုလ်ချုပ်အောင်ဆန်းအားဗိုလ်မှုးကြီး (ကာနယ်) အဆင့်သို့လျှော့ချလိုက်သည့်အချိန်မှစပြီး အရာရှိ၊အရာခံ၊အကြပ်၊တပ်သားအားလုံး စိတ်ထိခိုက်ကာစိတ်ဓာတ်ကျနေကြသည် ။

သေဖော်သေဖက်ရောင်းရင်းရဲဖော်အချင်းချင်း ရုတ်တရက်ကွဲကွာခဲ့ရခြင်း၊ ဖက်ဆစ်ဂျပန်တပ်များ၏အခါအခွင့်သင့်တိုင်းစော်ကားခံရဖြင်း တို့ကြောင့်ရဲဘော်ရဲဘက်များစိတ်ဓာတ်ကျဆင်းနေခြင်းလဲပါဝင်သည်။

ပျဉ်းမနားစခန်းတွင်ပြောင်းရွှေ့စုစည်းရောက်ရှိနေသော ဘီဒီအေတပ်ရင်းသုံးရင်းသည်အမြဲတမ်းစစ်တပ်အနေဖြင့်နေရသော်လည်း

စစ်ဝတ်စုံ (ယူနီဖောင်း) များညံ့ဖျင်းခြင်းနှင့်ပြည့်ပြည့်စုံစုံမရှိခြင်းက ချွတ်ယွင်းချက်တစ်ခုဖြစ်နေလေသည်။ရဲဘော်အားလုံးကပင်မြန်မာ့

ကာကွယ်ရေးတပ်မတော်အတွင်းဂုဏ်သိက္ခာနှင့်ထိုက်သင့်သော စစ်ဝတ်စုံရာထူးတံဆပ်များကို မျှော်လင့်တောင့်တနေကြသည်။

စစ်ဌာနချုပ်မှလည်းစစ်ဝတ်စုံများရရှိရေးအတွက် အစွမ်းကုန်ကြိုးစားလျှက်ရှိသည်။ ပျဉ်းမနားဘီဒီအေတပ်ရင်းမှရဲဘော်သုံးကျိပ်ဝင်

ဗိုလ်တာရာသည် တပ်ရင်းမှုးဗိုလ်တေယျ၏တာဝန်ပေးချက်အရလူသူလက်နက်စာရင်းများမှားယွင်းနေသည့် ကိစ္စနှင့်ပတ်သက်ပြီး စစ်ဌာနချုပ်ရှိစစ်ဆေးရေးချုပ်၏ရုံးအုပ်နှင့်တွေ့ရန် အရာခံဗိုလ်ဗဟန်နှင့်အတူမြင်းကိုယ်စီစီးလျှက် စစ်ဌာနချုပ်သို့ရောက်လာကြသည်။

သူတို့ရောက်ရှိလာသောအချိန်သည်ရုံးဆင်းနေချိန်ဖြစ်ပြီး အချို့သောတာဝန်ခံအရာရှိများ ရုံးဆင်းသွားကြသည်။စာရေးများ၊ရုံးစောင့်တာဝန်ခံရဲဘော်များနှင့်ကင်းမှုးများသာ လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။သူတို့တွေ့လိုသော ရုံးအုပ်မှာအပြင်ခဏထွက်သွားသဖြင့်ပြန်အလာကိုစောင့်ရင်း ဗိုလ်ချုပ်ထိုင်ရာရုံးခန်းသို့ လျှောက်ကြည့်ရာဗိုလ်ချုပ်ကိုမတွေ့သဖြင့် ရုံးဆင်းသွားပြီဟုထင်ကာဗိုလ်ချုပ်၏ရုံးခန်းနှင့်ကပ်လျှက်ရှိသော ကိုယ်ရံတော် ဗိုလ်ကြီး၏အခန်းထဲဝင်ပြီးထိုင်စောင့်နေကြသည်။

ရုံးဆင်းချိန်ကျမှပင်ပစ္စည်း (စစ်ဝတ်စုံ)သေတ္တာအပြည့်တင်ထားသော ထရပ်ကားကြီးများရောက်လာသဖြင့် စစ်ဌာနချုပ်ရဲဘော်များ၏အကူအညီဖြင့်ကားပေါ်မှပစ္စည်းများကိုသယ်ချနေကြသည်။နာရီဝက်ခန့်

အကြာဗိုလ်ချုပ်သည်ရုံးခန်းအတွင်းသို့ဘယ်အချိန်က ၀င်ရောက်ပြီးအလုပ်လုပ်နေသည်ကိုမသိလိုက်သောသူတို့နှစ်ယောက်က ဗိုလ်ချုပ်ကိုလှမ်းမြင်လိုက်သည်

ဗိုလ်ချုပ်သည်ဘယ်ကိုမှမကြည့်ဘဲစားပွဲပေါ်တွင် စာရွက်တွေတထွေကြီးခင်းကာ စာကုန်းရေးနေသည်ကိုတွေ့လိုက်ကြသည်။ဗိုလ်ချုပ်အောင်ဆန်း၏အ၀တ်အစားမှာ ဗိုလ်ချုပ်နှင့်ထိုက်သင့်သောစစ်ဝတ်စုံမဟုတ်ပေ။ အစိမ်းရင့်ရောင်ရှပ်လက်တိုကိုဝတ်ဆင်ကာ မြင်းစီးဘောင်းဘီရှည်နှင့်စစ်ဖိနပ်တစ်ရံကိုစီးထားပြီး ခါးတွင်ဂျပန်ခါးပတ်ပြားကြီးကို ပတ်ထားသည်။

စားပွဲထောင့်တစ်နေရာတွင်မြန်မာ့လွပ်လပ်ရေးတပ်မတော်ခေတ်တစ်လျှောက်လုံးဆောင်းလာသည့် ဂျပန်အရာရှိများ

ဆောင်းလေ့ရှိသည့် စစ်ဦးထုပ်တစ်လုံးကိုတွေ့ရသည်။အခန်းထောင့်တွင်ဂျပန်ဓားရှည်တစ်လက်ကိုထောင်ထားသည်။ ဗိုလ်ချုပ်၏

ဆံပင်မှာဆီနှင့် ကင်းဝေးနေပြီးဖြီး လိမ်းခြင်းမပြုသဖြင့် ဖရိုဖရဲဖြစ်နေ၏။ဗိုလ်ချုပ်၏စစ်ဝတ်စုံမှာလည်းရာသီဥတုဓာတ်ကြောင့် အဖြူရောင်

ရောနှောကာဟောင်းနွမ်းနေလေပြီ။ ဗိုလ်ချုပ်က စိတ်ပါလက်ပါ စာရေးနေသဖြင့်သူတို့နှစ်ဦးလည်းအနှောက်အယှက်မပေးလိုသဖြင့်

ပြောလက်စ စကားကိုဆက်မပြောတော့ပေ။

သို့သော် အပြင်တွင်ပစ္စည်းသေတ္တာများသယ်ချနေသော ရုံးတာဝန်ခံ၊ပစ္စည်းထိန်းဌာနအရာရှိများ၊အကြပ်တပ်သားများ

သည် စည်းလွတ်ဝါးလွတ်ပြောချင်ရာစကားများကိုကျယ်ကျယ်လောင်လောင်ပြောနေကြသည်။ သူတို့လူစုသည်ဗိုလ်ချုပ်ရုံးပြန်တက်

ပြီးသူ့အခန်းအတွင်းအလုပ်လုပ်နေသည်ကိုလုံးဝသိပုံမရပေ။သတိပြုမိပုံလဲမရပေ။

"ဒီလောက်ကြမ်းတဲ့အ၀တ်တွေဝတ်ရတာကျောယားလိုက်ပါဘီကွာ။အိမ်မှာတုန်းကတစ်ခါမှတောင်စိတ်မကူးခဲ့တဲ့

ယူနီဖောင်းတွေ ၊ လက်တောင်မသုတ်ခဲ့တဲ့အ၀တ်ကြမ်းတွေကွာ"

ရဲဘော်တစ်ယောက်ကကျယ်ကျယ်လောင်လောင်နှင့်ရယ်မောကာပြောလိုက်သည်။ဗိုလ်ချုပ်သည်စာရေးနေရာမှရုတ်တရက် ရပ်လိုက်ပြီးမျက်တောင်မခတ်တမ်းတစ်ဖက်ခန်းမှစစ်ဝတ်စုံအကြောင်းပြောဆိုနေကြသည်ကိုနားစိုက်ထောင်နေသည်။


" ချီးမှပဲ တို့မျှော်လင့်ခဲ့သလိုစမတ်ကျကျမဟုတ်ဘဲ လူရယ်စရာအ၀တ်ကြမ်း ၊ ဖျင်ကြမ်းကြီးတွေနဲ့လာတိုးနေပြီ

ကောင်းတယ်ကွာ သိပ်ကောင်း ။ ကူလီဝတ်တဲ့အ၀တ်မျိုးတွေကွ" တစ်ယောက်က၀င်ပြီးပြောလိုက်သည်။

ဗိုလ်ချုပ်မျက်နှာသည် ရုတ်တရက်တင်းမာခက်ထန်သွားလေသည်။ မျက်လုံးနှစ်လုံး ကလည်းအရောင်တွေဝင်းဝင်းတောက်ဒေါသထွက်နေသည်။

"ဟေ့ကောင်တွေ အခုထုတ်ပေးတဲ့စစ်ဝတ်စုံဝတ်ပြီးမြို့ထဲသွားရင် ဂျပန်တပ်ကခိုင်းတဲ့ ဟေးတိုးတပ်သားတွေထင်ပြီး ဂျပန်

တပ်ကတန်းခိုင်းမှာသေချာတယ်။မင်းတို့သာကြည့်ပြောပြပေတော့။ဘယ်လိုအ၀တ်အစားတွေမှန်းမသိပါဘူးကွာ။

တစ်ဖက်ခန်းမှအသံများကလဲ မလျှော့တမ်းဟာသစွက်ကာပြက်လုံးထုတ်လိုက်ပြန်သေးသည်။

ဗိုလ်ချုပ်သည်တွေဝေပြီးမျက်လုံး စုံမှိတ်ကာစဉ်းစားနေသည်။ဒေါသဖြစ်နေရာမှ ဗြုန်းခနဲလှမ်းပြီး

"ဟေ့တာရာ.....ဟိုဘက်ကစကားပြောနေတဲ့အကောင်တွေအားလုံးငါ့ဆီအမြန်ဆုံးခေါ်ခဲ့စမ်း၊သွားစမ်း။မြန်မြန်ကွ" အော်ငေါက်

ကာဗိုလ်တာရာအားလှမ်းပြီးအမိန့်ပေးသည်။ပါးစပ်သရမ်းနေကြသောရဲဘော်များသည် သူတို့ခေါင်းမီးလောင်တော့မည့်အခြေအနေကို

လုံးဝမရိပ်မိဘဲစစ်ဝတ်စုံများ၏ အခြေအနေကိုဝေဖန်ရင်းပြက်လုံးထုတ်နေကြသည်။

ဗိုလ်တာရာလဲတစ်ချိုးထဲသွားရောက်ကာ အခန်းတွင်းသေတ္တာကြီးများကိုဖွင့်ကာဝတ်စုံများကို ကိုင်တွယ်ပြီး စာရင်းယူနေကြသည့်ဗိုလ်၊အကြပ်တပ်သား အားလုံးကိုဗိုလ်ချုပ်၏ အမိန့်အရ ဗိုလ်ချုပ်၏အခန်းထဲသို့တစုတစ်ရုံးတည်းခေါ်ခဲ့ရသည်။ ဗိုလ်တာရာလည်းစစ်ထုံးစံအတိုင်းဗိုလ်ချုပ်ကိုအလေးပြုကာ အမိန့်အတိုင်းခေါ်ဆောင်လာပြီဖြစ်ကြောင်းသတင်းပို့ကာ အလေးပြုနေစဉ်ပင်

"မင်းတို့ဘာကောင်တွေတုန်းကွ ၊ ဟေ့ငါမေးနေတာမကြားဘူးလား"

စူးစူးဝါးဝါးမေးမြန်းလိုက်သည်။ဗိုလ်ချုပ်၏အသံသည် စစ်ဌာနချုပ်တစ်ခုလုံးလွှမ်းမိုးသွားသည်။

သူတို့သည်ကြောင်နေကြပြီးမှင်သက်မိသူများပမာ တစ်စုံတစ်ရာကိုမပြောဝံ့ကြပေ။သတိအနေ ဖြင့်ငြိမ်သက်စွာရပ်နေကြသည်။


"ပြောကြစမ်း၊မင်းတို့ဘာကောင်တွေတုန်း။ငါမေးနေတာမင်းတို့မကြားဘူးလား။ခုတင်က မင်းတို့ရယ်လားမောလားနဲ့ပြောနေကြ

တာတွေလေ" ဗိုလ်ချုပ်သည်နောက်တစ်ကြိမ်စူးစူးဝါးဝါးအော်ဟစ်ကာမေးလိုက်ပြန်သည်။အမေးခံရသူအားလုံးမှာ မျက်နှာသေလေးတွေ

နှင့်အနည်းငယ်တုန်လှုပ်နေကြသည်။

"ကျွန်တော်တို့စစ်ဝတ်စုံတွေညံ့တာနဲ့ဝေဖန်မိပါတယ်ဗိုလ်ချုပ်" ဗိုလ်ချုပ်ကိုဗိုလ်အဆင့်ရှိသူတစ်ဦးကအရဲစွန့်ပြီးဖြေကြားလိုက်သည်။

"ဘာကွ။စစ်ဝတ်စုံတွေညံ့တယ် ကြမ်းတယ်။လက်တောင်မသုတ်ချင်ဘူးဟုတ်လား ငါအကုန်ကြားတယ်မင်းတို့ဝေဖန်နေတာတွေ"

ဗိုလ်ချုပ်သည်ကျယ်လောင်စွာပြောလိုက်ပြီး ကုလားထိုင်မှဗြုန်းခနဲထလိုက်ပြီးတန်းစီထားသူများရှေ့သို့ တက်လာရင်း......


"မင်းတို့ငါအုပ်ချုပ်နေတဲ့ထပ်ထဲကအခုထွက်၊အလကားကောင်တွေ မင်းတို့ကိုငါနဲနဲမှအထင်မကြီးတော့ဘူး၊နွားတွေ တို့ရဲဘော်တွေ

ယိုးဒယားကဒီအထိရန်သူတွေကို ရင်ဆိုင်တိုက်ခိုက်လာရတာ မှတ်မှတ်ရရဘယ်စစ်ဝတ်စုံတွေဝတ်ပြီးတိုက်ပွဲဝင်ခဲ့ကြသလဲ ဟင်

ပြောစမ်း" စိတ်ပါလက်ပါလက်သီးလက်မောင်းတန်းပြီးမေးလိုက်သည်။

"မင်းတို့ကအခုမှယူနီဖောင်းလေး ဘာလေးစစ်ဝတ်စုံလေးနဲ့ကြီးကြီးကျယ်ကျယ်လုပ်လို့ကွာ။ဟေ့တိုင်းပြည်နဲ့လူထုအတွက်ဆိုရင်

စစ်ဝတ်စုံမရှိလို့ခါးတောင်းကြိုက်ပြီးပဲတိုက်ရတော့ရောဘာဖြစ်လဲ။စစ်တိုက်နိုင်ဖို့သာအဓိကကွအခုတော့မင်းတို့ကကြီးကြီးကျယ်ကျယ်

စကားတွေပြောလို့"

ဗိုလ်ချုပ်က ခဏရပ်ပြီးဆက်ပြောပြန်သည်။

"အခုတော့တိုက်ပွဲမှကျဆုံးခဲ့တဲ့ရဲဘော်ရဲဘက်အချင်းချင်းတောင် မင်းတို့ပြောပုံသဘောထားတွေက သစ္စာဖောက်နေတဲ့

အကောင်တွေ၊မင်းတို့ကို ငါ့တပ်ထဲကထုတ်ပစ်မယ်၊ထုတ်ရမယ်" ကြိမ်းဝါးလိုက်ပြန်သည်။

အကြိမ်းခံရသူဗိုလ်၊အကြပ်တပ်သားများမှာ မျက်ရည်ကျသူကျ၊ဒူးချင်းရိုက်ခတ်သူခတ် အတော်စိတ်ထိခိုက်နေကြသည်။ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ရင်တစ်ချက်တစ်ချက် ပါးစပ်သရမ်းသူတွေကိုခေါင်းငဲ့ကာ စိတ်ဆိုးမာန်ဆိုးနှင့်ကြည့်လိုက်လုပ်နေကာ

ဗိုလ်ချုပ်သည်

"ဘာလဲကွမင်းတို့က ဂျပန်တွေကားစီးပြီးအ၀တ်ကောင်းတွေဝတ်နေတာကိုအားကျလို့လား။အေးမင်းတို့မှတ်

ထား။ငါတို့တပ်မတော်ဟာပြည်သူလူထုရဲ့သားသမီးတွေဆိုတာကြည့်လိုက်စမ်း။တို့ပြည်သူလူထုတွေဟာစစ်ဘေးဒဏ်သင့်ပြီး တစ်ဖက်

က ငပုတွေကတွေ့ကရာဆွဲယူ အနိုင်ကျင့်ချင်တိုင်း အနိုင်ကျင့်ခံနေရတဲ့ဘ၀မှာ မင်းတို့လိုအကောင်တွေက ဇိမ်ခံချင်ကြတယ်။

ကားသစ် ကြီးတွေစီးချင်ကြတယ်။ဒုက္ခရောက်နေတဲ့ ပြည်သူလူထုထက်အခွင့်အရေးပိုလိုချင်ကြတယ်။လူထုက၀တ်စရာ အင်္ကျီ ပုဆိုးမရှိတဲ့အချိန် မှာ မင်းတို့လိုအလိုက်ကန်းဆိုးမသိတဲ့အကောင်မိုက်တွေက စစ်ဝတ်စုံအကောင်းတွေဝတ်ချင်ကြတယ် မှတ်ထားအခုလိုစိတ်မျိုး အမြင် မျိုးတွေရှိနေသမျှငါမျှော်မှန်းထားတဲ့ ပြည်သူ့တပ်မတော်နဲ့တော့ဝေးပါသေးတယ်ကွာ။ သိပ်ရှက်စရာကောင်းတယ်။မင်းတို့ပြည်သူလူထု အတွက်စစ်တိုက်နေတယ်ဆိုတာ အလကားပဲ လုံးဝအဓိပါယ်မရှိတော့ဘူး"

ပြောလိုက် ဟောက်လိုက် ကြိမ်းလိုက်ပြန်သည်။

"မင်းတို့နားလည်လား။စဉ်းစားမိလား မင်းတို့ ကိုယ်မင်းတို့ ဗိုလ်တွေ စစ်သားတွေ ရဲဘော်တွေဆိုပြီးတစ်ကယ်စစ်တိုက်ရတဲ့အခါမှာ

စစ်ပညာကောင်းကောင်းတက်နေပြီလား။ဘာတစ်ခုမှမတတ်သေးဘူး။ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီးဘ၀င်မြင့်နေတဲ့ကောင်စားတွေ။

မင်းတို့ဒီလိုပြည်သူလူထုနဲ့ ကြပ်ကြပ်သွေးခွဲတဲ့စိတ်တွေထားကြ။ငပုတွေက မင်းတို့ကိုဆော်ဖို့အသင့်ရှိနေတယ်ဆိုတာမင်းတို့မြင်ရဲ့လား။

ခွေးကောင်တွေ ဘာမှအသုံးမကျတဲ့မင်းတို့ကို ငါ့တပ်ထဲကထုတ်ရမယ်"

ဆက်လက်ပြီးဒေါနဲ့မောနဲ့ကြိမ်းလိုက်ပြန်သည်။

"မှားပါပြီဗိုလ်ချုပ်၊နောင်တရပါပြီဗိုလ်ချုပ်" အရာရှိနှစ်ဦးက ကတုန်ကယင်ဖြစ်တာငိုယိုသံများဖြင့်တောင်းပန်တိုးလျှိုလိုက်ကြ

သည်။"

" ငါဘယ်လိုဝတ်ထားလဲ။ကြည့်ကြစမ်း။မင်းတို့နဲ့ဘာခြားလို့လဲ။မင်းတို့က ကြီးကြီးကျယ်ကျယ်လုပ်လို့ကွာ"။ ဗိုလ်ချုပ်သည်

သူ၏ဟောင်းနွမ်းနေသောဝတ်စုံကိုလက်ဖြင့်ပုတ်ပြီးပြလိုက်သည်။

"ကျွန်တော်တို့မှားပါပြီဗိုလ်ချုပ်။တောင်းပန်ပါတယ်။ကျွန်တော်တို့အမှားကိုဝန်ချတောင်းပန်ပါရစေ။" မျက်ရည်ဖြိုင်ဖြိုင်ကျ

လျှက်အသနားခံလိုက်ကြပြန်သည်။ဗိုလ်ချုပ်သည်သိမ်းကြုံးပြီးဒေါသထွက်နေသော မျက်လုံးအစုံဖြင့်တောင်းပန်နေသူများကို

ဝင့်ကြည့်လိုက်ပြီး

"မှတ်ထား၊ငါ့တပ်ထဲမှာ အခွင့်အရေးယူချင်တဲ့အကောင်တစ်ကောင်မှမရှိရဘူး၊မပါစေရဘူး။လူထုငတ်ရင်အားလုံးငတ်မယ်

လူထုဆင်းရဲရင်တို့ရဲဘော်အားလုံးဆင်းရဲမယ်။ ငါလဲဆင်းရဲရမယ်။ငါတို့တွေတည်ထောင်ခဲ့တဲ့တပ်မတော်ကြီးဟာ ဒီဝါဒနဲ့ချီတက်ဖို့

အရေးကြီးတယ်။ အခုတော့မင်းတို့ကောင်တွေကွာ။ငါလိုက်ပြီးကန်လိုက်ရရင်ကွာ။"

ကြိမ်းဝါးလိုက်ပြန်သည်။


သူ့ရှေ့တွင်ရပ်နေကြသူများမှာ သူပြုသမျှ သူပေးသမျှအပြစ်ဒဏ်ကိုခံယူကြမည့်ရဲဘော်များ

ဖြစ်နေကြသည်။အခိုက်အတန့်အတွင်း အပြောမှား၊အဆိုမှားခဲ့ရာ ယခုအခါ ဗိုလ်ချုပ်၏ဆုံးမသြ၀ါဒများကြောင့်အမြင်မှန်ရခဲ့သည်။

"သွားကြစမ်း၊မြန်မြန်ထွက်သွား၊အကောင်ရှုပ်တွေ ကြာကြာနေရင်မင်းတို့ကိုငါ ဆော်ထည့်မိလိမ့်မယ်။"

ဗိုလ်ချုပ်က ကြိမ်းဝါးကာရုံးခန်းအတွင်းမှ နှင်ထုတ်ပစ်လိုက်သည်။ပါးစပ်သရမ်းမိသူများလည်းအရေးတကြီးဗိုလ်ချုပ်ကို အလေး

ပြုကာ သုတ်သီးသုတ်ပြာနှင့် ကြောက်ကြောက်ရွံ့ရွံ့မျက်နှာငယ်လေးများဖြင့် ထွက်ခွာသွားကြလေတော့သတည်း...။

မူရင်းဆောင်းပါးရှင် - တက္ကသိုလ်ခင်မောင်ဇော်

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ပုံရိပ်တစ်ပိုင်းတစ်စ စာအုပ်မှ

ကို thweni ( Facebook ) ဆီမှ ထပ်မံ ကူးယူဖော်ပြပါသည် ။


http://www.facebook.com/note.php?note_id=235158586501796


ဒီဆောင်းပါးလေးနဲ့ ပက်သက်ပြီး မိတ်ဆွေတို့ ရင်ထဲက ပြောချင်တာများ ရှိခဲ့ရင် ဒီလင့်လေးကို နှိပ်ကာ အများသိအောင် ရင် ဖွင့်ပြနိုင်ပါတယ် ။

Saturday, June 18, 2011

ပန်းမြတ်ဧကရီ ( ၀ါ ) ဒေါ်အောင်ဆန်းစုကြည်


မွန်မြတ်တဲ့ နှလုံးအလှနဲ့

ဖြူစင်လှတဲ့ ကိုယ်ကျင့်တရားကြောင့်

လူအများက လေးစားသော အားဖြင့်

ပန်းတွေရဲ့ အမည်နဲ့ အမေ့ကို တင်စား

အချို့က နှင်းဆီနီ

အချို့က သဇင်နီ

ကြုံလာသမျှ ဒဏ်တွေကို ကြံကြံခိုင်လို့

ဗေဒါပန်း လို့ ဂုဏ်ယူဝင်ကြွားကြပြန်တယ်…….။

အာဏာဆိုတဲ့ နွံထဲမှာ မနစ်ဘဲ

ဇွဲများနဲ့ အမြဲရုန်းထလို့ ဆင်းလှတဲ့ အမေကို

ကြာပန်းတပွင့်ပါတဲ့……။

သူတို့ကို အားကျလို့ အမေ့သားလည်း

ပန်းမြတ် ဧကရီ လို့ တင်စားပါရစေ………….အမေ။

အမေ့နူတ်ဖျားက ရွတ်ဆိုလိုက်တဲ့

ငြိမ်းချမ်းရေး တေးသံတွေက

ပြည်သူများရဲ့ နားထဲကို

ချိုသာစွာ စီးဝင်သွားခဲ့ပေမယ့်

မဟုတ်တာ အကုန်လုပ်ကာ

ယုတ်မာနေကြတဲ့ လက်နက်ကိုင် လူတစုက

ကြောက်ဒူးတွေ တုန်နေတာကိုက

အမှန်တရား အတွက် ခွန်အားပေမို့

သားတို့များစွာ အားတက်ခဲ့မိပါတယ်…..အမေ ။

နူးညံ့လှတဲ့ မိန်းမသား တစ်ယောက်ပေမယ့်

ကြောက်ရွံ့ခြင်းတွေကို အပြီးတိုင်မောင်းထုတ်

အာဏာရှင်စနစ်ကို စက်ဆုပ်ရွံရှာ

ဒီမိုကရေစီ မရသမျှတော့

ပြည်သူတွေ နစ်နာနေမှာကို တွေးပူ

တိုင်းပြည် အတွက် ပေးဆပ်

ကြီးမြတ်တဲ့ ဥာဏ်ပညာဖြင့်

ချင့်ချိန်လို့ တွေးပြ

ပြည်သူတွေကို လမ်းမှန်ပြတာ

အားရစရာ သိပ်ကိုကောင်းလို့

အမေ ကျန်းမာချမ်းသာပါစေလို့

သားတို့လည်း အမြဲ ဆုတောင်းလျှက်ပါ ……အမေ ။

အသက်နဲ ခန္ဓာ တည်နေသမျှတော့

ဒီမိုကရေစီ ၀ါဒ ခေတ်စားအောင်

မရရအောင် ကြိုးစားလုပ်ဆောင်မယ်ဆိုတဲ့

အမေ့ရဲ့ ရည်ရွယ်ချက်တွေ

အထမြောက် ရှင်သန်စေဖို့

အမေသွားရာ လမ်းတလျှောက်မှာ

ဘယ်သူ့ကိုမှ နင်းချမသွားဘဲ

ကိုယ်တိုင်က အနစ်နာခံ

စံပြအဖြစ် နေထိုင်ခဲ့လို့

ကမ္ဘာတ၀ှမ်းက ပညာရှင်လို့သတ်မှတ်

ဆုတံဆိပ်တွေ အမျိုးမျိုးပေးအပ်ခဲ့လို့

သားတို့တိုင်းပြည် အတွက်

ဂုဏ်တက်ခဲ့ရပါတယ်…………..အမေ…. ။

သယံဇာတတွေ ပေါကြွယ်ဝတဲ့

သားတို့ရဲ့ ဗမာပြည်ကြီးမှာ

လူ့မိစ္ဆာတွေရဲ့ အာဏာနဲ့ လောဘရမ္မက်

ထိုးနှက်ချက်ကြောင့် အမေ့ရဲ့

ရင်သွေးငယ်လေးတွေ

အနာဂတ်ခရီး အတွက် စမ်းတ၀ါးဝါးနဲ့

ဒုက္ခကြီးစွာ ခရီးဆက်နေကြရပြီ အမေရယ်…။

တချို့တွေက လမ်းမပေါ်မှာ အသက်ပျောက် ကုန်ကြတယ်

အချို့က အကျဉ်းထောင်ထဲမှာ လွတ်ရက်တွေကို လက်ချိုးရေတွက်နေကြတယ်

တချို့က တိုင်းတပါးကို ထွက်ပြေး တိမ်းရှောင်သွားကြရတယ်…..။

တချို့က တိုင်းတပါးမှာ ကျွန်ခံစားဖို့ လဘ်ထိုးသွားနေကြရပြီ ………..အမေရေ။

ကမ္ဘာ့အလယ်မှာ တခါက သိပ်လှပါတယ်ဆိုပြီး

ထင်ပေါ်ခဲ့တဲ့ ဗမာနိုင်ငံလေးဟာ

အရေကို လွှာ အသားကို လှီး

ဂုတ်သွေးစုပ်တာ အားမရလို့

ကလီစာကို ဖောက်ထုတ်တဲ့ပြင်

ချဉ်ဆီကိုပါ စုပ်ချင်ကြတဲ့

ယုတ်မာတဲ့ လူတစုကြောင့်

ဆိုးဝါးလှတဲ့ ဝေဒနာ တရပ်ကို

ရင်မှာ ဖက်ကာ နောက်ဆုံး မျှော်လင့်ချက် အဖြစ်

မခံမရပ်နိုင်တဲ့ ဟန်ပန်နဲ

နာကြည်းစွာ ငြီးတွားပြနေပြီ…...အမေ ။

အာဏာကို အကြောင်းပြု

လူတစုရဲ့ ထောင်းထုချက်

ကြမ်းကြုတ်လို့ ယုတ်မာပက်စက်တဲ့ဒဏ်

ခံနေရတာ ကံကြမ္မာကြောင့်ပါလို့

တခါလေးမှ မတွေးခဲ့ဘဲ

ဥာဏ်နဲ့ ယှဉ်ကာ အစဉ်ကြိုးစားပြီး

မတရားတာ မှန်သမျှကို

ရှေ့တန်းကနေ ဆန့်ကျင်ပြလို့

သူရဲကောင်း ပီသ

လွန်းလှပါတယ်...အမေ ။

လူမိုက်တို့ ကြီးစိုးနေသမျှ

အမှန်တရားကို လက်ကိုင်ထားသူများ

ဆင်းရဲဒုက္ခများတာ သိနေပါလျှက်နဲ့

တချက်လေးမှ နောက်မတွန့်ဘဲ

ချီတက်ရဲတဲ့ အမေ့သတ္တိကို

လေးစားလွန်းလို့ တမ္ဘာလုံးမှ

ပညာရှင် အများစုက အမေ့ကို သူရဲကောင်းပါလို့

ခေါ်ဆိုသံကို ကြားရတိုင်း... အနှိုင်းအဆမဲ့ ဂုဏ်ယူမိပါတယ်...အမေ။

၆၆ နှစ် အရွယ် မငယ်တော့တဲ့

အမေ့ရုပ်သွင်မှာ ရဲရင့်ခြင်းမာန်တွေဝင်

သိမ်မွေ့တဲ့ အပြင်အဆင် နဲ့

အမှန်တရားကို လက်ကိုင်ထားကာ

တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတို့မိခင်ရဲ့

အနာဂတ် ဘ၀ခရီးလမ်းမှာ

ကိုယ်စိတ်နှပါး ကျန်းမာ ရွှင်လန်းစွာဖြင့်

ဗမာဆိုတဲ့ သားတို့ တိုင်းပြည်လေးကို

ကမ္ဘာအလယ့်မှာ ၀င်ကြွားနိုင်ဖို့

ဒီမိုကရေစီ အနှစ်သာရ ပြည့်ဝတဲ့

တိုင်းပြည်တစ်ခုအဖြစ်သို့ အမြန်ဆုံး တည်ဆောက်နိုင်ပါစေ အမေ...။

ခင်မင်လေးစားလျှက်

ဗမာ့သွေး + ဗမာ့သွေး ချစ်သူ


http://www.facebook.com/note.php?note_id=225321304152191


ဒီကဗျာလေးနဲ့ ပက်သက်လို့ မိတ်ဆွေတို့ ခံစားရတာကို ရင်ဖွင့်ပြချင်တယ် ဆိုရင် ဒီလင့်လေးကို နှိပ်ကာ လာရောက် ပြောကြားနိုင်ပါတယ် ခင်ဗျာ .။

အဖေ့ ကို ပြန်လွှတ်ပေးကြပါတော့


အဖေ့ ကို ပြန်လွှတ်ပေးကြပါတော့



အဖေ.........
သမီးဘ၀မှာ အဖေဆိုတာ
ပြင်ပကမ္ဘာမှာ မမြင်တွေ့ရသေးပါဘူး ........။
မြင်ဘူးချင်လိုက်တာ အမေရယ်ဆိုတော့
ကြိတ်ပြီး ရှိုက်ကာ မျက်ရည်ကျတတ်တဲ့
အမေ့က အမြဲတမ်းလိုလို

ဝမ်းနည်းစွာ ငိုကြွေးပြတဲ့ အခါတိုင်း

အမေ့ကို တင်းကြပ်စွာဖက်ထားပြီး

ခေါင်းရင်းခန်းက သမီးကို ချီထားတဲ့

အဖေ့ဓါတ်ပုံလေးကို ငေးကာကြည်ရင်း

သမီးလည်း ရောလို့ မျက်ရည်တွေ

ကျခဲ့ရတာ များလှပါပြီ အဖေ……….။

သူငယ်ချင်းတွေမှာ အဖေရှိလို့

ကျောင်းကို လိုက်ပို့ခဲ့ကြတယ်

စားချင်တာတွေ ၀ယ်ကျွေးပြီး

နွေးထွေးစွာ ကြင်နာပြနေကြတယ်……..

သမီးမှာတော့ တစ်ယောက်ထဲပါလားလို့

တွေးမိလိုက်တိုင်း အဖေ့ကို တမ်းတနေရတုန်းပါဘဲ အဖေ....။

သုံးယောက်ထဲ နဲ့ တည်ထောင်ထားတဲ့

မိသားစုမှာ အဖေမရှိတော့ မပြည့်စုံသလို

ခံစားရတယ်လို့ အမေပြောတိုင်း

အဖေ့ကို အရမ်းတမ်းတ မိတဲ့ အခါ

အဖေ့ဓါတ်ပုံအောက်က

အမှန်တရားကို လက်ကိုင်ထားလို့

ဒုက္ခခံစားရတာ ဒီမိုကရေစီ စနစ်

မထွန်းကားလို့ပါ ဆိုတဲ့ စာသားလေးကို

သေချာ နားမလည်ပေမယ့်

အကြိမ်ကြိမ် စာလုံးပေါင်း ဖတ်နေဆဲပါဘဲ အဖေ……..။

တခါမှ မကြုံဘူးအောင် ရွှင်လန်းနေတဲ့ အမေ

မှန်ရှေ့မှာ တသသနဲ့ ဖီးလိမ်းလို့ ခြယ်သနေတယ်…….

မသေချာတဲ့ အတွေးတစ ပေမယ့်

အမေ့ကိုကြည့်ပြီး ပျော်မြူးခဲ့ရတယ်…..

မနေနိုင်လို့ အမေ့လက်ကို ကိုင်စွဲပြီး

ဘာကြောင့်လည်း ဆိုတာ မေးလိုက်တဲ့ အချိန်

အမေ့ စကားကြောင့် တကိုယ်လုံး

မြှောက်တက်သွားတယ် အဖေပြန်လာတော့မယ်တဲ့……….။

သဘာဝ အတိုင်း နေထွက်လာတာ

မှန်ပေမယ့် အဲဒီနေ့ ပိုလှသလိုဘဲနော်

ဆိုတော့ အမေက ရီပြတယ်……..။

အဖေ့ အကြောင်းကို တွေးရင်း

ပျော်မြူးနေတဲ့ သမီးနဲ့အမေ

မနက်စာ အတွက် ၀မ်းဟာနေတာတောင်

သတိမထားဖြစ်ခဲ့ကြဘူး……..။

ဒီလိုနဲ့ အဖေကို သွားကြိုဖို့ အတွက်

ချီတက်ခဲ့ကြတယ်………..။

လူများစွာကို ငေးကြည့်ရင်းက

ဘ၀တူတွေ အများကြီးပါဘဲလားဆိုပြီး

အမေ့က အံ့သြစွာ စကားဆိုတာကို

သေချာ နားမလည်ပေမယ့် တခုခုတော့ ခံစားရသလိုပါဘဲ….။

ထောင်ဘူးဝက အဖေထွက်အလာကို

စိတ်လုပ်ရှားစွာ သမီးစောင့်ရင်း

အဖေ့ထွက်လာခဲ့ရင်

ပြေးဖက်မယ် ဆိုတဲ့ စိတ်ကူးလေးနဲ့

ကြည်နူးခဲ့တယ် အဖေ………..။

လူတစ်ယောက် ထွက်လာတိုင်း

အမေ့လက်ကို ဆွဲကာ

အဖေလား ဆိုပြီး သမီး ညွှန်ပြပေမယ့်

ထွက်ပေါက်ကို စူးစိုက်ကြည့်နေတဲ့ အမေ

စိတ်လုပ်ရှားနေတယ် ဆိုတာ

အေးစက်တဲ့ အမေ့လက်ဖျားတွေက

သက်သေခံထားနေတယ်…..အဖေရယ်..။

သမီးတို့ နှစ်ယောက် ဗိုက်ဆာဖို့လည်း

သတိမရကြပါဘူး………..ထောင်ဘူးဝမှာ

မျှော်နေဆဲပါ……..

အဖေနဲ့တူတူ ထမင်းစားမယ်ဆိုပြီး

သမီးနဲ့ အမေ တိုင်ပင်ထားတယ်

မြန်မြန်လာပါတော့ အဖေရယ်…..။

ဒီလိုနဲ့ နေတောင် အတော်စောင်းလို့

လူအပေါင်းလည်း ပြန်သွားကြပြီ

သမီး အဖေလည်း မလာသေးပါလား ဆိုပြီး

တုန်ရီနေတဲ့ အသံနဲ့ အမေပြောကြားရင်း

အရုပ်ကြိုးပြတ် အမေလဲကျသွားပြီ

အဖေ……..ရေ..။

ငယ်သံပါအောင် အော်လိုက်တဲ့

သမီး အသံကြောင့်

လူတစ်ယောက် အမေ့ကို ပြေးထူမကာ

အသဲအသန် လှုပ်နိုးပေမယ့်

စိတ်ထိခိုက်လွန်းတဲ့ ဒဏ်ကြောင့်

အသက်ပါသွားတဲ့ အမေ

သမီးကို ထားခဲ့ပြန်ပြီ ….အဖေရယ်……..။

မိခင် အလောင်းကို ဖက်ငိုကာ

ထောင်ဘူးဝကို ငေးစိုက်ကြည့်ရင်း

ကလေးငယ်လေးက

နာကျင်စွာ ဟစ်အော်လိုက်တယ်.

အဖေ့ ကို ပြန်လွှတ်ပေးကြပါတော့…………..။

ဒီမြင်ကွင်းနဲ့ အသံကြောင့်

စိတ်လုပ်ရှားသွားတဲ့ ကျနော်

တုန်ရီနေတဲ့ လက်များကို

ကြွေကွဲသွားတဲ့ နှလုံးသားက

မောင်းနှင်လို့ ကဗျာတပုဒ် အဖြစ်

မွေးထုတ်ကာ စဉ်းစားမိတာက

သူတို့သာ လူသားမှန်ရင်

ကိုယ်ချင်းစရာ တရားတော့

ရှိတန်ကောင်းပါရဲ့လို့ တိတ်တခိုး ရည်ရွတ်လျှက်………..။



ဒီကဗျာလေးကို ဖတ်ပြီး မိတ်ဆွေတို့ ရင်ထဲက ခံစားချက်ကို ရင်ဖွင့်ပြချင်တယ် ဆိုရင် ဒီလင့်လေးကို နှိပ်ကာ လာရောက် ရင်ဖွင့်ပြဖို့ လေးစားစွာ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ။




http://www.facebook.com/note.php?note_id=220917384592583

ခင်မင်လေးစားလျှက်

ဗမာ့သွေး