Wednesday, January 26, 2011

ပြည်ပ ခရီးသည် အလာနည်းတာ စီးပွားရေး ပိတ်ဆို့မှုကြောင့်လား







မြန်မာနိုင်ငံကို ပြည်ပခရီးသည် ၀င်ရောက်မှု နည်းပါးနေတာဟာ စီးပွားရေး ပိတ်ဆို့မှုကြောင့်လို့ လူအများက ထင်ထားကြပါတယ် ။ အမှန်တရားကို လူအများက အတ္တများနဲ့ နှိုင်းယှဉ်သုံးသပ်ပြီး ကိုယ့်ဘက် ဆွဲတွေးနေရုံနဲ့တော့ အမှန်တရားက ပြောင်းလဲ သွားမှာ မဟုတ်ဘူးဆိုတဲ့ အချက်ကိုပထမဦးဆုံး အနေနဲ့ လက်ခံစေချင်ပါတယ် ။


ကမ္ဘာ့မြေပုံပေါ်မှာ အရမ်းကို ချစ်စရာ ကောင်းတဲ့ ကချေသည်လေး တစ်ယောက် ကကြိုးကကွက် ဆင်လို့ အသက်ဝင်နေတဲ့ ပုံပမာ လှပနေရှာတဲ့ ဗမာ့နိုင်ငံမြေပုံလေးက မြင်သူတိုင်း နှစ်ခြိုက်စရာ ကောင်းသလို ရေမြေတောတောင် သယံဇာတတွေ ပြည့်လျှမ်းနေတဲ့ ဗမာနိုင်ငံရဲ့ မြေပေါ်ကို အလည်တစ်ခေါက် လာရောက် လည်ပတ်လိုသူတွေ အများကြီး ဆိုတာကတော့ သေချာလွန်းလှပါတယ် ။ အင်မတန်မှ သရုပ်ဆောင်ကောင်းတဲ့ မင်းသမီး သုံးယောက်ပမာ အလှည့်ကျ ၀င်ရောက် ကူညီ ဖျော်ဖြေပေးနေတဲ့ နွေမိုးဆောင်း ကလည်း အခြားတိုင်းပြည်များနဲ့ ကွာခြားချက်က စိတ်ဝင်စားစရာ ကောင်းလွန်းလှပါတယ် ။ ရွက်ဟောင်းတွေ ကြွေကြလို့ မိုးပေါက်လေးတွေ စတင်သက်ဆင်းလာတာနဲ့ အမေကို တွေ့လို့ ပြေးထွက်လာတဲ့ သားငယ်များပမာ အရွက်သစ်လေးတွေ ထိုးထွက်လာပုံက သက်ဝင်လုပ်ရှားလို့ မိုးရာသီရဲ့ အစများဟာ ပျော်ရွှင်ကြည်နူးဖွယ်ကောင်းလွန်းလှပါတယ် ။



မိုးရေ ပက်ဖျန်းလို့ အရွယ်ရောက်လာတဲ့ စပါးပင်တွေ အချိန်လို့ ရင်မှည့်တဲ့အခါ ရွှေဝါရောင် စပါးခင်းများကြားမှာ လယ်သမားတို့ အလုပ်များတဲ့ အချိန် တော့ မိုးသားတွေကို ရုပ်သိမ်းပြီးတဲ့ အခါ အလုပ်လုပ်နေသူတွေ အေးမြပါစေ လို့ ဆုတောင်းပြည့်တဲ့ ပုံပမာ ဆောင်းကညာရဲ့ ၀င်ရောက်လာပုံက ညက်ညောလွန်းလှပါတယ် ။ အဲဒီလို အချိန်များမှာ အလုပ်ခွင်စောစောဝင်ကြတဲ့ လူအများက အေးမြမှုကို အန်တုဖို့ အတွက် မီးဖိုနားမှာ ၀ိုင်းစုကြပြီး ပူပူနွေးနွေး စားစရာလေးတွေကို လုပ်ကိုင်စားသောက်လေ့ ရှိတဲ့ အလေ့အထများဟာ တိုးတက်ခေတ်မှီတဲ့ နိုင်ငံများမှာ တကူးတက လုပ်ဆောင်ကြတာကို သွားတွေ့ရပြန်တယ် ။ ဆောင်းရာသီ ကုန်ဆုံးလို့ နွေဝင်စ အချိန်အခါ သာယာလှတဲ့ မြန်မာပြည်ရဲ့ သဘာဝ အလှဟာ ကမ္ဘာကျော် ပန်းချီဆရာ တွေရဲ့ စိတ်ကူးယဉ် ပန်းချီကားထက် အများကြီးသာတာပေါ့ဗျာ ။



နိုင်ငံတကာက ကမ္ဘာလှည့် ခရီးသည်တွေကို လာရောက် လည်ပတ်နိုင်အောင် အစိုးရက အဓိက လုပ်ဆောင်ပေးရမှာက တရားမျှတမှု နှင့် လုံခြုံရေးပါဘဲ ။ 2007 ရွှေဝါရောင်မှာ ဂျပန်နိုင်ငံက သတင်းထောက်ကို လူတွေ စောင့်ကြည့်နေတဲ့ အချိန်မှာတောင် ဖြစ်ချင်တာ ဖြစ် ပစ်သာပစ်ကွာ ဆိုပြီး တည့်တည့်ကြီး ဆော်ပစ်လိုက်တဲ့ အချက်က ကမ္ဘာလှည့် ခရီးသွားတွေ ရင်ထဲကို စိုးရိမ်စိတ်တွေ ၀င် လာစေတာ အမှန်ပါဘဲ ။ ဒီလို အဖြစ်အပျက်တွေဟာ သတ်ဖြတ်ခြင်း အလုပ်မှာ ယဉ်ပါးနေတဲ့ စစ်သားတွေ အတွက် သိပ်မဆန်းဘူး ထင်ရပေမယ့် မြန်မာနိုင်ငံကို လာရောက်လိုတဲ့ ကမ္ဘာလှည့်ခရီးသွားတွေ နောက်တွန့်သွားစေခဲ့တယ် ဆိုတာ အုပ်ချုပ်ရေးပိုင်းက လူတွေ သိထားစေချင်သလို လက်ခံထားစေချင်ပါတယ် ။



တိုင်းတပါးသား ကို အသာထား ကိုယ့်နိုင်ငံသား အချင်းချင်း တောင် လွတ်လပ်စွာ သွားလာနေထိုင်ခွင့်မရဘဲ အစစ်ဆေး အမေးမြန်းထူလွန်းတဲ့ အချက်များက အပန်းဖြေ အနားယူဖို့ လာရောက်ကြတဲ့ ခရီးသွားများ စိတ်ရှုပ်ဖွယ်ရာ ခံစားသွားရတာလည်း သတိထားပြီး ပြင်စေချင်ပါတယ် ။ဝမ်းစာအရေးကို ခက်နေသေးတဲ့ ပြည်သူ့ဝန်ထမ်းများကလည်း ဂွင်မပါရင် ဘယ်အခါမှ အလုပ်မလုပ်ချင်တော့လို့ စီမံချက်ဟူ၍ တမျိုး ၊ ဥပဒေထုတ်၍ တဖုံ လုပ်စားနေတာကို ကြုံရတဲ့ ခရီးသွားက စိတ်ပျက်လို့ ညည်းညူသွားကြတာ အမှန်ပါဘဲ.....။



အချို့ ကမ္ဘာလှည့် ခရီးသည်တွေ ကြတော့လည်း အားနည်းချက်တွေကို ခဏမေ့ထားပြီး ရောက်ဖူးချင်ဇော အားကြီးလို့ လာရောက်ပြီး နောက်တခါ မြန်မာနိုင်ငံဆို လှည့်မကြည့်ချင် လောက်အောင် ဖြစ်သွားတတ်တဲ့ မြန်မာနိုင်ငံသားတို့ရဲ့ အကျင့်ဆိုးလေးတွေကိုလည်း ထင်ရှားလွန်းလှပါပေတယ် ။ ။ သူများနိုင်ငံသားတွေက ဂျင်ပေါ်က ထုံး ဆိုရင် ဗမာနိုင်ငံသားတွေက ထုံးပေါ်က လေပွေလို့ ခေါ်ရလောက် အောင် လိမ်လည် လှည့်ဖျားခြင်း အတတ် မှာ ပါရဂူမြောက်နေတဲ့ ကောက်ကျစ်တဲ့လုပ်ရပ်လေးတွေကိုလည်း ကိုယ်ကျင့်တရားလေးနဲ့ ပြန်ထိန်းပေးစေချင်ပါတယ် ။


နောက်တစ်ချက်က သဘာဝကို စနစ်ကျစွာ ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ လည်း အထူး လိုအပ်ပါတယ် ။ ခန္စာကိုယ်မှာ သွေးကုန်ခမ်းလို့ ခြောက်နွမ်းသွားသလို ဖြစ်သွားတဲ့ အင်းလေးကန်ကြီး က ညီးတွား နေရှာတဲ့ ပုံရိပ်တခုဟာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စနစ် ကို ညွှန်းဆိုပြနေတယ် ဆိုတာ မမေ့ပါနဲ့အုံး ။ ကမ္ဘာမှာ ခြေနဲ့လှေလှော်ကြတဲ့ အလေ့အထ နဲ့ ရေပြင်အလယ်မှာ တည်ထားတဲ့ အင်းလေး ဖောင် တော်ဦး စေတီတော်ကို ကို မြင်ဘူးချင်လို့ လာရောက် ရှုစားကြတဲ့ လူအများ တွေ့မြင်ရလိုက်တဲ့ ရေခန်းနေတဲ့ အင်းလေးအိုင်ရဲ့ အက်ကွဲနေတဲ့ မြေသားတွေက ကမ္ဘာလှည့် ခရီးသွားတွေကို နောက်တခါ မလာမိအောင် သတိထားဖို့ အသိပေးလိုက်သလို ဖြစ်သွားပါတယ် ။



ပုံမှန်စီးဆင်းနေတဲ့ ရေစီးအားက အမှိုက်သရိုက်နဲ့ အညစ်အကြေးတွေကို သယ်ဆောင်သွားနိုင်ပေမယ့် သူတို့ခွန်အားများကို ဖြတ်တောက်ထားတဲ့ မြစ်ကြီးလေးသွယ်က သူတို့ကိုယ်တောင် အနိုင်နိုင်နဲ့ ချီတက်နေကြတာကြောင့် မြစ်ကြမ်းပြင် မြင့်တက်လာတာကို ထည့်မတွက်ခဲ့ကြတာ သိပ်ကို မှားသွားပါတယ် ။ ချောင်းတွေ့ရင် ဆည်ဆောက် ၊ မြစ်တွေ့ရင် တံတားဖောက် ဆိုတဲ့ စီမံချက်တွေက ထိုးနှက်ချက်က သူတို့သားသမီးတွေကို မောင်ပိုင်စီးခံရလို့ အရင်က ငြိမ့်ညောင်းခဲ့သလောက် အခုတော့ ဒေါသပြင်းပြသွားတဲ့ မြစ်ကြီးလေးသွယ်ရဲ့ ကြုံးဝါးသံတွေက အမုန်းလှိုင်းသံတွေ ဆူညံလာခဲ့တဲ့ အကျိုးဆက်ကို ပိုးစိုးပက်စက် ခံနေရတဲ့ ပြည်သူလူထု ဘ၀ကလည်း တကယ့်ကို သနားစရာပါ ။



အင်မတန်မှ နုပျိုလှပတဲ့ မိန်းကလေးတစ်ဦးကို လောဘရမ္မက်အားကြီးသူတွေက သူတို့ အလိုဆန္ဒ ပြည့်ဝစေဖို့ အနိုင်ကျင့် ခံလိုက်ရနေတာကြောင့် ဘ၀ အလှ ညစ်နွမ်းသွား ရတဲ့ မြစ်ဆုံအလှ ကို မြင်တွေ့လိုက်ရတဲ့ ကမ္ဘာလှည့် ခရီးသွားတိုင်းက သူတို့ တိုင်းပြည်ကို ပြန်အရောက်မှာ မြန်မာနိုင်ငံဆိုတာ လူသားတွေတင် အနိုင်ကျင့်ခံရတာ မဟုတ်ဘူး.........သဘာဝ အလှကိုပါ ဖျက်စီးနေတဲ့ လူသားတွေ အုပ်ချုပ်တဲ့ တိုင်းပြည်ပါလို့ ပြောကြားလိုက်တဲ့ စကားသံတွေက အတင်းပြောတာ မဟုတ်ပေမယ့် နောက်ထပ်လာဖို့ စိတ်ကူးထားတဲ့ ခရီးသွားတွေ ခြေဦးမလှည့်ချင်အောင် ဖြစ်သွားတတ်ကြတာကို အသိပေးချင်တယ်ဗျာ..။



တချိန်တခါက ညို့မှောင် အုပ်ဆိုင်းနေတဲ့ မြန်မာနိုင်ငံရဲ့ ရိုးမကြီးတွေ အလှဟာ ကိုယ်ကျိုးအတ္တ အတွက် လူအများက တရားဝင် တဖုံ ၊ မတရား နည်းလမ်းသဖွယ် စီးပွားရှာလိုက်တဲ့ ဒဏ်များ အပြင် ကိုယ့်နိုင်ငံက သယံဇတကို ကိုယ်တိုင် ပြန်လည် အသုံးမချရဘဲ ထင်းမီးနဲ့ မီးသွေးကို အားကိုးနေရတဲ့ပြည်သူလူထုက လည်း အသုံးချခံရတော့ အင်မတန်မှ တကယ့်ကို နှမြောစရာ ကောင်းလွန်းပါတယ် ။ ဆံပင်ရှည်လေးနဲ့ကျက်သရေ ရှိလှတဲ့မိန်းကလေးတစ်ယောက်ကို ခေတ်မှီအောင် ဆံပင်တိုပေးလိုက်တာ အားမရလို့ အခု ဂတုံးလုပ်ပေးဖို့ ကြိုးစားနေတာကို ရှက်လွန်းအားကြီးလို့ ရိုးမကြီးတွေ ငိုက်ရှိုက်နေရင်း အသိပေးတာက ဥတုရာသီ တောကိုမှီဆိုတဲ့စကားလေးကို သတိထားကြပါအုံးတဲ့ဗျာ... ။


နိုင်ငံတကာမှာ ရှေးဟောင်း ယဉ်ကျေးမှုကို အမြတ်တနိုး တန်ဖိုးထားကြတာကို ကန့်လန့်တိုက်တာဘဲလား ၊ မသိလို့ဘဲ တမင်တကာ လုပ်တာလား မသေချာပေမယ့် သေချာတာတခုကတော့ အသက်အရွယ်အိုမင်းနေတဲ့ အဖွားအိုကို မိတ်ကပ်တွေ အတင်းချယ်ပြီး မော်ဒယ်ပမာ ပွဲထုတ်ချင်နေကြတဲ့ ညဏ်မပါနဲ့ ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းရေး ပုံစံတွေ ကို စိတ်ပျက်နေရှာတဲ့ သမိုင်းဝင် အဆောက်အဦးတွေ က ပြောလိုက်တဲ့ မင်းတို့ လက်ထက်ကြမှ လုပ်ရပ်လေခြင်း ဆိုတဲ့ စကားသံကို ဟစ်ကြွေးနေသယောင် ခံစားမိတယ်ဗျာ ။


ဒီနေ့ ကမ္ဘာလှည့် ခရီးသွားတွေ အလာများတဲ့ နိုင်ငံတော်တော်များများကို သတိထားကြည့်မယ်ဆိုရင် ပို့ဆောင်ဆက်သွယ်ရေး အခန်း ဂဏ္ဍကို မေ့ထားလို့ မရပေမယ့် ကျနော်တို့ နိုင်ငံက ဥာဏ်ကြီး ရှင်များက ကျန်းမာရေးနဲ့ ညီညွတ်အောင် အစာကြေမယ် ၊ ရင်ချောင်စေအောင် လေ့ကျင့်ခန်း လုပ်စရာ မလိုဘဲ အလိုက်တသိ မွမ်းမံပေးထားတာ နေသားကျနေတဲ့ ကျနော်တို့ အတွက် မသိသာလှပေမယ့် ခရီးသွားတွေ စိတ်ပျက်သွားစေတာ အမှန်ပါဘဲဗျာ ။ နိုင်ငံတကာ ခရီးသည်တွေကို အသာထား ကိုယ့်နိုင်သားတွေတောင် တိကျတဲ့ ဈေးနှုန်းနဲ့ ဘယ်တော့မှ မတွေ့ဆုံရတဲ့ ပို့ဆောင်ဆက်သွယ်ရေး အခန်း ကဏ္ဍ က ပညာပြပုံလေးတွေ က မှတ်သားလောက်ပါပေတယ် ။


ကျနော်ရေးခဲ့တဲ့ အရာတွေဟာ အမှန်တွေလား အမှားတွေလား မြန်မာနိုင်ငံ အနှံ့အပြားမှာ မှီတင်းနေထိုင်ကြတဲ့ လူအများက အထူးကြိုးစားပြီး ဖြေကြားစရာ မလို မျက်တောင် တချက်ခတ်လိုက် တိုင်း အားနည်း ချက် တချက်ကို တွေ့ရလောက်အောင် အဘက်ဘက်က ပြိုကျပျက်စီးနေတဲက မြန်မာနိုင်ငံက ခရီးသွားတွေကို မစွဲဆောင်နိုင်လို့ ခရီးသည် အလာနည်းတာလား ၊ စီးပွားရေး ပိတ်ဆို့မှု ကြောင့် ခရီးသည် အလာနည်းတာလား စာဖတ်သူမှာ အသိဥာဏ် ရှိရင် စဉ်းစားကြည့် တာနဲ့ သိသာ ထင်ရှားနေပါတယ် ။ အခု ကျနော် ပြောဆိုခဲ့တဲ့ ချို့ယွင်းနေတဲ့ အချက်တွေကို ပြည်လည် ပြင်ဆင်ပြီး စစ်မှန်တဲ့ သဘာဝ ပါတ်ဝန်းကျင် ထိန်းသိမ်းမှု တွေ ပြန်လုပ်ရင် အရင်က သဘာဝ အလှနဲ့ ထင်ပေါ်ကျော်ကြားတဲ့ ကျနော်တို့ မြန်မာပြည်ကို မလာပါနဲ့လို့ အတင်း ဆွဲထားရင်တောင် ဇွတ်အတင်းဝင်လာမယ့် ကမ္ဘာလှည့် ခရီးသွားတွေ များလာမှာ မြင်ယောင်မိပါတယ် လို့ လေးစားစွာ အကြံပြုတင်ပြချင်ါတယ် ။ ဒီလိုမှ မဟုတ်ဘဲ ကိုယ့်ဘက်က ချို့ယွင်းချက်ကို မပြင်ဘဲ ခရီးသည် အလာနည်းတာ စီးပွားရေး ပိတ်ဆို့မှု ကြောင့်ပါလို့ မျက်လုံး စုံမှိတ်ပြီး အော်ရတာကို ကြည်နူးနေကြသူများနဲ့ သူများယောင်တိုင်း လိုက်ယောင်တတ်တဲ့ လူအများလည်း ဆက်လက်ပြီး များများ အော်မယ်လို့ စဉ်းစားရင် ငါ့မှာ လူသားတို့ရဲ့ အသိဥာဏ် ရှိရဲ့လားလို့ နှိုင်းယှဉ် စဉ်းစားကြည့် နိုင်ပါစေ.။





ခင်မင်လေးစားလျှက်


ဗမာ့သွေး

Saturday, January 15, 2011

ဒီမိုကရေစီ ကွန်ယက်ကို စတင် ဖြန့်ကျက်ကြပါစို့







အာဏာရှင် စနစ်ကြောင့် အဖက်ဖက် က ပြိုကျပျက်စီးနေသော မြန်မာနိုင်ငံကို စစ်မှန်သော တိုးတက်မှုတို့ ရစေချင်သည်မှာ တိုင်းပြည်ကို တကယ်ချစ်သည့် လူအများ၏ ဆန္ဒသဘောထားဆိုလျှင် မှားလိမ့်မည် မထင်ပါ ။ သို့သော် ထိုသို့ တိုးတက်မှု မျိုးရအောင် ပြုပြင်ပြောင်းလဲလိုသည့် စိတ်ဆန္ဒဖြင့် လက်တွေ့ကျကျ လုပ်ရှားသူများ နည်းပါးလှသည့် မြန်မာနိုင်ငံတွင် ပြောင်းလဲရန် အချိန်ကို များစွာ စောင့်စားကြအုံးမည် ဖြစ်လေသည် ။ ထိုသို့ မဟုတ်ဘဲ ကိုယ့်တိုင်းပြည်ကို အမှန်တကယ် ဖွံ့ဖြိုး တိုးတက် စေလိုပါလျှက် ကျရာ အခန်းဂဏ္ဍကနေ နိုင်ရာ တာဝန် ထမ်းဆောင် ကြမှ ဖြစ်ပေလိမ့်မည် ။ ဤသို့ ကျရာအခန်းဂဏ္ဍ မှ နိုင်ရာ တာဝန်ကို ထမ်းဆောင် ပါဟု ဆိုလိုက်လျှင် ဘာတာဝန် ထမ်းဆောင် ရမလည်း ဘယ်သူက ခေါင်းဆောင်မှာလည်း ဆိုသည့် မေးခွန်းများကို ပြန်လည် ဖြေကြားပေးဖို့ လိုအပ်လာပြန်သည် ။


ဒေါ်အေင်ဆန်းစုကြည် ပြန်လည် မလွတ်မြောက်မှီက လူတကာ ပါးစပ်ဖျားတွင် ခေါင်းဆောင်ကောင်း ကို မျှော်လင့်နေသည့် အသံများ လွန်စွာ ကြားရ၏ ။ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာသည့် နောက်ပိုင်းတွင်မူ တဖြည်းဖြည်းနှင့် ထိုအသံများ ပြန်လည် တိတ်ဆိတ်ကုန်ကြသည် ။ အချို့ကား လူထုခေါင်းဆောင်ကို ပင် အားမရသည့် ဟန်ဖြင့် သူတို့၏ သေးသိမ်လှသော ညဏ်လေးများ ဖြင့်မလိမ္မာသည့် အတွေးအခေါ်တို့ကို သိမ်းပိုက်ကာ ဝေဖန် လာကြပြန်သည် ကို များစွာတွေ့ရှိခဲ့ရသည် ။ အချို့ကား လူထုခေါင်းဆောင်က ပင် ဒီမိုကရေစီ ကို ရယူပေးလိမ့်မည် ဆိုသည့် မျှော်လင့်လျှက် ကို တမ်းတလျှက် ကိုယ်လုပ်ဆောင် နိုင်သည့် တာဝန် ၀တ္တရားကို မေ့ထားကာ လက်ပိုက်စောင့်ကြည့် သည် ဆိုသည့် အတွေးအခေါ်များ ကို ဆုပ်ကိုင်ထား ကြပြန်လေသည် ။ ထိုသို့ လမ်းမှားလိုက်နေသော အတွေးအခေါ်များ သည် သူတို့အရပ်နှင့် သူတို့ဇတ်တော့ ဟုတ်သယောင်ယောင် ပုံစံဖြင့် အများတကာကို လိုက်လံဆွဲဆောင် နေသည့် လုပ်ရပ်များမှာ အော့နှလုံး နာစရာ ကောင်းလွန်းလှသလို ရွှံရှာ စပ်ဆုပ်ဖွယ်ရာ လည်း ကောင်းလွန်းလှပေသည် ။


လွတ်လပ်၍ တရားမျှတကာ ခေတ်မှီဖွံ့မှီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော် တခုကို စနစ် တကျ ပြန်လည် တည်ဆောက်နိုင်ရန် နှင့် ထိုစနစ်ကို ရည်ရှည် တည်တံ့စေရန် အဓိက အခြေခံ လိုအပ်ချက်တို့ မဆောင်ရွက်နိုင်သမျှ ဒီမိုကရေစီ နိုင်ငံ ဘယ်သောခါမှ တည်ဆောက် နိုင်မည် မဟုတ် သည်ကို ပထမဦးစွာ နားလည်စေချင်ပါသည် ။ ထိုသို့ အခြေခံ လိုအပ်ချက်ကို မည်သည့် နည်းဖြင့် စတင် ဆောင်ရွက် ကြမည် နည်းဆိုသည့် ဆိုသည့် အဖြေကို အရင် ဆုံး စဉ်စားသင့်လှပေသည် ။

သုံးလောကထွဋ်ထား သဗ္ဗေညု မြတ်စွာ ဘုရားတောင် နိဗ္ဗာန်ကို သွားရာလမ်းကို ဘဲ ညွှန်ပြနိုင်ခဲ့တာပါ ။ ကိုယ်တိုင် ကျင့်ကြံအားထုတ်မှ နိဗ္ဗာန်ရဲ့ အရသာကို ကိုယ်တိုင် ရောက်ရှိ စံစားနိုင်မှာပါ ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီမိုကရေစီ နိုင်ငံပြန်လည် တည်ဆောက် ဖို့ လမ်းညွှန်ပြသရုံဘဲ တတ်နိုင်မှာပါ ။ တကယ့်လက်တွေ ဒီမိုကရေစီ နိုင်ငံကို တည်ဆောက် နိုင်ဖို့တော့ ပြည်သူလူထုက သာ အားသွန်ခွန်စိုက် ကြိုးစားရမှာ ဖြစ်တယ် ဆိုတာလေးလေးနက်နက် စဉ်စား ဆင်ခြင်စေချင်ပါတယ် ။



ဒါဆို ဒေါ်အောင်ဆန်းစုကြည်က လမ်းပြခဲ့ပြီးပြီလား ဆိုတဲ့ မေးခွန်းကို ထပ်မံမေးလာစရာ အကြောင်းရှိပါသည် ။ လူထုခေါင်းဆောင်ဟာ အာဏာရှင်တို့ ဖမ်းဆီးချုပ်နှောင်ထားချိန်မှာ တိုင်းပြည် အတွက် ဘာတွေလိုအပ်လည်း ၊ ဘယ်လို လမ်းစဉ်မျိုးနဲ့ သွားသင့်သလည်း ၊ လူထိုကို ဘယ်လို ညွှန်ကြားရမလည်း တခါတည်း စဉ်စားထားပြီးသားလို့ ကျနော်က ယုံကြည်ပါတယ် ။ နှစ်ပေါင်းများစွာ အချုပ်အနှောင် ခံထားရတဲ့ အမေစုက လက်ရှိ ပြင်ပကမ္ဘာမှာ ပြောင်းလဲနေတဲ့ အဖြစ်အပျက်တွေကို ရေဒီယိုတစ်လုံး ကို အသုံးချပြီးနည်ပညာကို အမှီလိုက်လာတဲ့ အနေအထားဟာ ယုံမှားသံသယ မရှိပါဘူးဆိုတာ သူမ လွတ်မြောက်လာတဲ့ အချိန်မှာဘဲ ဒီမိုကရေစီ ကွန်ယက်ကို ဖွဲ့စည်းသင့်ကြောင်း ပထမ ဦးစွာ လမ်းပြပြောဆိုခဲ့တဲ့ စကားလုံးက သက်သေခံထားနေပါတယ် ။ ယနေ့လက်ရှိ အနေအထား၌ နိုင်ငံတကာတွင် ပြန့်ကျဲနေသည့် မြန်မာနိုင်ငံသားတို့ ၏ အင်အားများကို စုစည်းလိုလျှင် နည်းပညာကို အခြေခံသည့် ဒီမိုကရေစီ ကွန်ယက်ကို စတင်ဖွဲ့စည်း နိုင်လျှင် အာဏာရှင် စနစ်မှ လွတ်မြောက်အောင် စတင်ရုန်းထွက် နိုင်မည့် ပထမ ဆုံး အခြေခံကြသည့် လုပ်ဆောင်ချက်ဟု ထင်မြင် ယူဆမိသော လူထု ခေါင်းဆောင်၏ အသိညဏ်တို့မှ လျှံကျလာသည့် လမ်းညွှန်စကားကို ကျနာ် များစွာ အံ့သြ ချီးမွမ်းမိပါသည် ။



အဘယ်ကြောင့်နည်း မြန်မာပြည်တွင်း၌ အာဏာရှင် စနစ်ဆိုးကို ရှေ့တန်းတွင် ရွပ်ရွပ်ချွံချွံ ဆင်းရဲဒုက္ခ မျိုးစုံကို မျက်ရည်ရွှဲလဲ နဲ့ အံကြိတ်ကာ ခေါင်းငုံ့ခံမနေကြဘဲ နိုင်ရာတာဝန် ကိုယ်စီထမ်း၍ တိုက်ပွဲဝင်နေကြသူများ၏ လက်ရှိအနေအထား တွင် နိုင်ငံရေး ကို ဆက်လက် လုပ်ရှားဖို့ အခက်အခဲများစွာ ရှိလေသည် ကို အားလုံး အသိပင်ဖြစ်သည် ။ သူတို့ဘ၀ များကို တိုင်းပြည် အတွက် ပေးဆပ်နေကြရသည့် အတွက် သူတို့၏ စားဝတ်နေရေး ခက်ခဲ ကျဉ်းမြောင်းလာကြသည် ။ အာဏာရှင် တို့ အုပ်စိုးသမျှ အမှန်တရားကို မြတ်နိုးတန်ဖိုး ထားသူတို့ဘ၀၏ အသက်မွေးဝမ်းကြောင်းမှုကားများစွာ ခက်ခဲလွန်းလှသည်ကို ကိုယ်တွေကြုံခဲ့ကာ ရင်ဆိုင်နေရသော ပြည်သူလူထု ကြီးကို အထူးအထွေပင် ရှင်းပြစရာ မလိုပါ ။ သူတို့တွေ အင်အားရှိမှ ဒီမိုကရေစီ တိုက်ပွဲကို အထိရောက် ဆုံး ဆင်နွှဲနိုင်မည် ဖြစ်သည့် အတွက် သူတို့တတွေအား ၀န်းရံအားဖြည့်ပေးနိုင်ဖို့ ပြည်ပရောက် ဒီမိုကရေစီ အင်အားစုများ ပေါင်းစည်းကြရန် အထူးလိုအပ်နေသည့် အနေအထားတွင် ဒီမိုကရေစီ ကွန်ယက် ဆိုသည့် စကားလုံးလေးက အဘယ်မျှ အကျိုးကျေးဇူး များနိုင်သည်ကို ရိုးရှင်းစွာ တွေးကြည့်လျှင်ပင် လွန်စွာ ထင်ရှားစွာ တွေ့မြင်နိုင်သည့် လမ်းညွှန်ချက်ဟု ယုံကြည် မိပါသည် ။


ဒီမိုကရေစီ စနစ် အကောင်အထည် ဖော်နိုင်ရန်နှင့် ထိုစနစ်တည်မြဲ စေရန် ကျားကန်ပေးထားသည့် နိုင်ငံရေး အဖွဲ့အစည်းမဟုတ်သည့် လူထုကိုယ်စားပြု အဖွဲ့အစည်းများ ပြန်လည် ဖွဲ့စည်းနိုင်ရန် ဒီမိုကရေစီ ကွန်ယက်က များစွာ အထောက်အကူ ဖြစ်နိုင်သည်ဟု ယုံကြည်မိပါသည် ။ ဒီမိုကရေစီ သို့ရောက်အောင် အာဏာရှင် စနစ်ကို အရင်ဆုံး အဆုံးသတ်နိုင်ဖို့ လိုအပ်သည် ။ ထိုအခါ အာဏာရှင် စနစ် တည်မြဲစေရေး အတွက် အထောက် အပံ့ ပေးထားသည့် အချက်အလက်များကို သေချာစွာလေ့လာဆန်းစစ်ကြည့်သင့်လှပေသည် ။



ဥပမာ ဆိုရသော် ကျောင်းသားသမဂ္ဂ မရှိခြင်းက ကျောင်းသားတို့အရေးကို အာဏာပိုင်တို့ စိတ်ကြိုက်ဆောင်၇ွက်နိုင်ခြင်းကြောင့် ပညာရေး စနစ်ကြီး လုံးဝ ပြိုကျ ပျက်စီးသွားသည် ။ အကယ်၍ ကျောင်းသားတို့ အရေးကို ခုခံကာကွယ်ပေးမည့် ကျောင်းသားသမဂ္ဂသာ ရှိခဲ့လျှင် အာဏာပိုင်တို့ စိတ်တိုင်းကျ ဖျက်စီး၍ မရနိုင် ၊ ကျောင်းသားများ၏ အခက်အခဲ ၊ အခြေခံလိုအပ်ချက် ၊ တို့ကို သမဂ္ဂမှ ဦးစီး၍ သက်ဆိုင်ရာ အာဏာပိုင်တို့ထံ ထိရောက်စွာ တင်ပြနိုင်စေမည့် ကျောင်းသားသမဂ္ဂ ပြန်လည် ဖွဲ့စည်းနိုင်ရေးသည် ကျောင်းသားများ အတွက်သာ မက တိုင်းပြည် အတွက်လည်း အရေးတကြီး လိုအပ်သည့် အချက် တစ်ခု အဖြစ် ထည့်သွင်းစဉ်စား ကြရမည်မှာ အမှန်ပင် ဖြစ်လေသည် ။ ဤ အချက်သည် မှန်ကန်ပါသည်ဟု ယုံကြည်ကြလျှင် ကျောင်းသား သမဂ္ဂ ပြန်လည် ဖြစ်ထွန်းပေါ်ပေါက်ရေး အတွက် ကျောင်းသားလူငယ်များ အနေဖြင့် အထူးအားထုတ်ကာ ကြိုးစားသင့်သလို တတ်ကျွမ်းနားလည် သည့် ပညာရှင်များက လည်း နည်းလမ်းပြကာ ၀န်းရံပေးသင့်သည် ။



မြန်မာနိုင်ငံတွင် အလုပ်သမားတို့၏ အခွင့်အရေးမှာ လွန်စွာ နည်းပါးလွန်းလှသည် ။ အလုပ်သမားတို့၏ ဘ၀ သည် အလုပ်ရှင်ပေါ်တွင် မူတည်သည့် သခင်နှင့်ကျွန်စနစ် ကို အာဏာရှင်တို့ အားကိုးနှင့် အလုပ်ရှင်တို့က ကျင့်သုံးနေသည့် ဒဏ်ကို ယနေ့ မြန်မာနိုင်ငံမှ အလုပ်သမားတို့ များစွာ ခံစားကြရသည် ။ မြန်မာလူမျိုး လုပ်ငန်းရှင်များ သာမက နိုင်ငံတကာက စီးပွားရေး သမားများသည် အလုပ်သမားထုကို ထိုက်တန်စွာ ပေးရမည့် လစာ အစား အာဏာပိုင်တို့ထံ မစို့မပို့ ဆက်ကပ်နေလျှင် သဘောခွေ့နေကြသည့် မြန်မာလူမျိုး အာဏာပိုင်တို့၏ သူများထမင်းလုပ်ကို လုယူစားရသည်ကို ကျေနပ်နေကြသည့် အချက်များကို ဟန့်တားနိုင်ခြင်း မရှိရခြင်းမှာ အလုပ်သမားများ၏ ရသင့်ရထိုက်သော အခွင့်အရေးတို့ကို တောင်းဆိုပေးမည့် အလုပ်သမား သမဂ္ဂ မရှိခြင်း ကြောင့် ဖြစ်သည်ဟု ဆိုလျှင်လည်း မမှားချေ ။ အလုပ်ရှင်နှင့် အလုပ်သမားတို့ ကျင့်သုံးရမည့် တရားမျှတမှု ရှိကာ တိကျပြတ်သားသော ဥပဒေနှင့် လုံလောက်သော လစာ အတွက် ထောက်ခံအားပေး၍ အလုပ်သမားတို့၏ ရသင့်ရထိုက်သော အခွင့်အရေး ကို သက်ဆိုင်၇ာ အာဏာပိုင်တို့ထံ အလုပ်သမားထုကို ကိုယ်စားပြု၍ တောင်းဆိုပေးမည့် အလုပ်သမား သမဂ္ဂ ပြန်လည် ဖြစ်ထွန်းပေါ်ပေါက်လာရေးသည် အလုပ်သမားတိုင်း အတွက် အရေး ကြီးသလို ၊ တိုင်းပြည် အတွက် လွန်စွာ အရေးပါလွန်းလှပေသည့် အတွက် အလုပ်သမားသမဂ္ဂ ပေါ်ပေါက်လာရေး အတွက် မဖြစ်မနေ ကြိုးစား ဆောင်ရွက် သင့်ပေသည် ။


စိုက်ပျိုးရေးကို အခြေံထားသည့် တိုင်းပြည် အတွက် တောင်သူလယ်သမားတို့၏ အခန်းဂဏ္ဍသည် လွန်စွာ အရေးပါလှသလို တောင်သူလယ်သမား တို့ ရသင့်ရထိုက်သော အခွင့်အရေး များကို ရရှိ ခံစားနိုင်စေရန် နှင့် ထွက်ကုန်များ တိုးမြှင့်လာစေရေး အတွက် ကြိုးစားပေးကြမှသာလျှင် ပြည်သူလူထု အတွက် ကုန်ဈေးနှုန်း ကျဆင်း နိုင်သလို တောင်သူလယ်သမားတို့ဘ၀ လည်း ပိုမို မြင့်မားလာပေမည် ဖြစ်သည် ။ မြေယာ ပိုင်ဆိုင်မှု စနစ်နှင့် လွတ်လပ်စွာ သီးနှံများ ကို ကိုယ်ပိုင် စိုက်ပျိုးထုတ်လုပ် ရောင်းချနိုင်ခွင့်ကို အာဏာပိုင်တို့က ညဏ်အမြော်အမြင်ကင်းမဲ့စွာ လူသားမဆန်သော လုပ်ရပ်များကို ကြိတ်မှိတ် ခံစားနေရသည့် ဘ၀ မှ လွတ်မြောက်လိုပါလျှင် တောင်သူလယ်သမားတို့ကို အဓိက ကိုယ်စားပြု ကာ အာဏာပိုင်တို့၏ မတရားသာ လုပ်ရပ်များကို ဟန့်တားပေးနိုင်မည့် တောင်သူလယ်သမား သမဂ္ဂ ကို ပြန်လည် ဖွဲ့စည်း တည်ဆောက် သင့်ပေသည် ။



တိုင်းပြည်တပြည်၏ အနာဂတ်သည် လူငယ်မျာ၏ စွမ်းအားကိုအခြေပြုကာ ပြန်လည် ထူထောင်ကြမည် ဆိုလျှင် လူငယ်များကို ကိုယ်စားပြုသည့် လူငယ် သမဂ္ဂများ အတွက်လည်း ထည့်သွင်းစဉ်းစားသင့်ပေသည် ။ ကျောင်းပြီး၍ အလုပ်ခွင်မရောက်ခင် စပ်ကြား လူငယ်များ၏ ပိုနေသည့် အချိန်လေးများကို သူတို့ဘ၀ အနာဂတ် လှပအောင် အလုပ်ခွင်ကို ချည်းကပ်သည့် အခါ ကြုံတွေ့ရမည့် အခက်အခဲများကို ဖြေရှင်းသည့် ပညာရပ်များ ဖြင့်မွန်းမံကာ၊ ကိုယ်စွမ်း ညဏ်စွမ်း ထက်မြက်စေမည့် ကာယ ၊ ဥာဏ လေ့ကျင့်ခန်းများ ဖြင့် ထပ်ဆင့် ပြုစုပြိုးထောင်ခြင်း ၊ လူငယ်များ၏ ဒုက္ခ ၊ သုခ ၊ သိချင် တတ်ချင်စိတ် ၊ အားနည်းချက် အားသာချက် တို့အား ဖွင့်ဟ တိုင်ပင်ဆွေးနွေးသည့် ပုံစံလေးများ ဖြင့် လူငယ်များ၏ ပြဿနာကို ဖြေရှင်းပေးနိုင်မည့်
လူငယ် သမဂ္ဂသည် ဖွဲ့စည်း တည်ထောင်ခြင်းတို့သည် တိုင်းပြည်ကို ပြန်လည် ထူထောင်သည့် နေရာနှင့် စနစ်ဆိုးတစ်ခုကို ဖယ်ရှားသည့် နေရာတွင် အထူးပင် အသုံးတည့်လှပေသည် ။



ထိုသို့သော အဖွဲ့အစည်းများ ပြန်လည် ပြုစုပျိုးထောင်ဖို့ အဓိက လိုအပ်သည့် အရာများကို ကို နည်းပညာကို အခြေံ၍ ကွန်ယက်ဖွဲ့ကာ စုစည်းနိုင်သည် ဆိုသည်မှာ သံသယဖြစ်စရာ အကြောင်း ကျနော့် အသိဥာဏ်၌ လုံးဝ မရှိပါ ။ ထို့ကြောင့် ထိုလမ်းစဉ်ကို တစိုက်မတ်မတ် လိုက်ပါနိုင်အောင် စတင် အကောင်အထည် ဖော်ကြရပေမည် ။ တစ်ယောက်နဲ့ တစ်ယောက် မသိကြဘဲ ယုံကြည်မှု တည်ဆောက်ရန် ခက်ခဲဆိုသည့် စကားကို လူတော်တော်များ ဆီက ပဲ့တင်သံအဖြစ် ကြားရပြန်သည် ။ ကျနော် အနေဖြင့် ထိုစကားကို သိပ်လက်မခံချင်ပါ ။ ဥပမာ ဆိုရသော် အရင်းနှီးဆုံး မိတ်ဆွေ တစ်ဦး နှင့် မသိကျွမ်းခင် အချိန်က သူလည်း လူစိမ်း တစ်ယောက်ဘဲ မဟုတ်ဘူးလား ။ ဘယ်လိုလုပ်ပြီး အရင်းနှီးဆုံး မိတ်ဆွေတွေ ဖြစ်လာတာလည်း ပြန်စဉ်းစားကြည့်စေချင်ပါတယ် ။ အဓိက အကြောင်းအချက်က အခုလို ရင်းနှီးကျွမ်းဝင်လာအောင် ပထမဆုံး ပေါင်းသင်း ဆက်ဆံရေးက စတာပါဘဲ ဆိုတဲ့ စကားက အဖြေပါဘဲ ။



ဘာမှလည်း မလုပ်ကြည့်ရသေးပါဘဲနဲ့ ယုံလို့မရပါဘူး ဆိုတဲ့ စကားကို လွယ်လွယ်နဲ့ ပြောတတ်ကြတဲ့ လူတွေက စိတ်ထဲမှာ သူဟာ လုပ်ချင်ကိုင်ချင်စိတ် မရှိတာကို ဖော်ပြနေပါတယ် ဆိုတာ လေးနက်စွာ သတိထားကြပါ ။ နိုင်ငံရေး လုပ်ရှားမှု ကို အရှင်းလင်းဆုံး အနေအထားနဲ့ ပြန်ခွဲထုတ်ရင် ကိုယ်တိုင် ပါဝင် လုပ်ရှားသူများနဲ့ နောက်ကွယ်က ကူညီပံ့ပိုးသူများ ဆိုပြီး နှစ်မျိုးဘဲ ရှိပါတယ် ။ ကိုယ်တိုင်ပါဝင် လုပ်ရှားချင်တဲ့လူများက ပြည်တွင်းမှာ အများကြီးပါ ။ နောက်ကွယ်က ကူညီပံ့ပိုးပေးနိုင်မယ့် လူတွေက နည်းနေသေးတာပါ ။ ဒီလိုတွေ ဖြစ်လာရတဲ့ အကြောင်းအရင်းရဲ့ အခြေခံဟာ ယုံမှားသံသယကို စကားတွေကို လက်တွေ့ကျကျ ကိုယ်တိုင် မစဉ်းစားကြဘဲ သူတပါး ပြောစကားကို နားယောင်နေသူတွေ များနေလို့ပါဘဲ ။


ပုထုဇဉ် လူသားများ ပီပီ လူတိုင်းဟာ အမှားတွေကို ကျူးလွန်ခဲ့ဘူးကြတာ သဘာဝ တရားပါ ။ အမှားတခုကို ကျူးလွန်လိုက်လို့ တသက်လုံး ပြင်မရတဲ့ အတွေးအခေါ်တွေကို သိမ်းပိုက်ပြီး နောက်ထပ် အမှားတွေကို မကျူးလွန်ကြပါနဲ့ ။ အဖြူပေါ်မှာ အမဲတစက် က မသိသာပေမယ့် အမဲစက်တွေများလာရင် များလာရင် သိသာထင်ရှားလာပါလိမ့်မယ် ။ အမှားတခုက အမဲတစက်ဆို ခင်ဗျာတို့နောက်ထပ် အမဲစက်တွေနဲ့ကိုယ့်ကိုကိုယ် မဖြန်းပက်ကြပါနဲ့ ။ ဘ၀မှာ အမှားပေါင်းများစွာ ကျူးလွန်ပြီးလို့ အမဲစက်တွေ ပြည့်နှက်နေလို့လည်း စိတ်မပျက်ပါနဲ့အုံး ။ အမဲစက်တွေ ပေါ်မှာ အဖြူကွက်လေးတွေ ပြန်လည် ဖုံးလွှမ်းအောင် လုပ်ကိုင်ဆောင်ရွက်ခွင့် ရှိပါသေးတယ် ။ မှားမှန်း သိတဲ့ အချိန် အဲဒီ အမှားကို စွှန့်လွတ်ပြီး အမှန်ကို ရင်ဆိုင်ရဲတဲ့ လူဟာ သတ္တိကောင်းသူ တဦးပါဘဲ ။



မလိမ္မာ တခါ မိုက်စမြဲ ဆိုပေမယ့် ကိုယ့်ဟာကို လိမ္မာတယ်ဆိုပြီး အခါခါမိုက်နေကြတာကို အခုထိ တွေ့နေရတာ သိပ်ကို စိတ်ပျက်စရာ ကောင်းလွန်းပါတယ် ။ မလိမ္မာတဲ့အတွေးအခေါ်နဲ့ ကိုယ့်ဟာကိုယ် ပြန်သုံးသပ်ပြီး ငါလုပ်တာမှ အမှန်ပါလို့တော့ မျက်လုံးစုံမှိတ်ပြီး နောက်ထပ် အမှားတွေမကျူးလွန်ကြပါနဲ့လို့ လေးစားစွာ မေတ္တာရပ်ခံချင်ပါတယ် ။ ကိုယ်လုပ်တာ မှန်လား မှားလား တိုင်းပြည်ရဲ့ ပကတိ အနေအထားကို မျက်လုံးလေး ဖွင့်ကြည့်လိုက်ရင် သိသာ ထင်ရှားနေပါတယ် ။ အပြစ်ရှိသူကို ပြစ်တင် ပြောဆိုနေမှုထက် မှန်ကန်တဲ့ လမ်းစဉ်ကို လမ်းညွှန်ပြပြီး လမ်းမှန်ပေါ်ကိုရောက်အောင်တင် ၊ သူ့အပြစ်တွေကို ဆေးကြောပေးဖို့ စိတ်ဓါတ်လေးတွေ ပြင်နိုင်အောင် ကြိုးစားပေးစေချင်ပါတယ် ။ ဒီလိုလမ်းပြလို့မှ မလိုက်ချင်ကြရင်လည်း ပစ်သာထားခဲ့လိုက်ကြပါ ။



ခေတ်ကိုက ဆုတ်ကပ်ဗျ ။ ဘုရားဟော တရားတွေကိုတောင် ခေတ်နဲ့ နှိုင်းယှဉ်စဉ်စားပြီး တရားတော်က မဖြစ်နိုင်ပါဘူး ၊ ဒီလိုလေးဆို ပိုမှန်ပါတယ်လို့ အထွန့်တက်ချင်ကြတဲ့ လူတွေ တဖြည်းဖြည်းများလာတာ သတိထားမိကြရဲ့လား မသိဘူး ။ လောကသုံးပါးကို အတားအဆီးမရှိ ကိုယ်တိုင် သိပြီး ၊ သိတာမှန်သမျှ မကျန်ရအောင် အကုန်အစင် သိတော်မူတဲ့၊သုံးလောက ထွဋ်ထား သဗ္ဗေညု မြတ်စွာ ဘုရား ဟောကြားခဲ့တဲ့ တရားတော်ကို ပုထုဇဉ်လူသားများ ၊ ရဟန်းသံဃာများက မဖြစ်နိုင်ပါလို့ သူတို့ အသိဥာဏ် အထွာတမိုက် နဲ့ ဝေဖန်ပိုင်းခြားနေတဲ့ ခေတ်ကြီးမှာ လူထုခေါင်းဆောင်ရဲ့ လုပ်ရပ်ကိုလည်း ကဲ့ရဲ့ ပြစ်တင် ရှုံ့ချနေတာ မဆန်းပါဘူး ။ ဒါပေမယ့် ပညာရှင် အယောင်ဆောင် သူတို့တွေစကားသံတွေမှာ ပြည်သူလူထုက တွေဝေနေကြပြီး ကြားနေ၀ါဒပါလို့ ကြွေးကြော်သံတွေ ကြားနေရတာ သူတို့တော်တာလား ၊ ကျနော်တို့ ညံ့တာလား သေချာစွာ စဉ်စားသင့်ပါတယ် ။



ကိုယ်တိုင်စဉ်စားပြီးမှ အတွေးအခေါ် အယူအဆ တခုကို လက်ခံပါလို့ မြတ်ဗုဒ္ဓက ဟောကြားခဲ့ပေမယ့် ကိုယ့်ရဲ့ အသိဥာဏ်နဲ့ စဉ်စားတွေးခေါ်မှု အခြေအနေကိုလည်း ပြန်သုံးသပ်ကြည့်ပါအုံး ။ သူငယ်တန်းကလေးကို တက္ကသိုလ်က စာတွေ အကြောင်း ပြောလို့ ဘာနားလည်မှာလည်း ။ ဒါကို သူငယ်တန်းကလေးက ခင်ဗျာတို့ စာတွေက အဓိပ္ပာယ်မရှိပါဘူးလို့ ဆိုရင် ခင်ဗျာတို့ နားလည်တာက သူက သူငယ်တန်းကလေးဘဲ ဆိုပြီး ခွင့်လွှတ်တတ်ကြတယ် ။ အခုလည်း ဒီအတိုင်းပါဘဲ ။ ပညာဥာဏ်ကြီးမားပြီး ဇွဲသတ္တိ အပြည့်ရှိတဲ့ လူထုခေါင်းဆောင်ရဲ့ စကားတွေကို နိုင်ငံတကာ က ပညာရှင်များက လေးစားနေကြတဲ့အချိန်မှာ သူငယ်တန်းကလေးပမာ နားမလည်တိုင်း ပြစ်တင်ကဲ့ရဲ့ နေတဲ့ မြန်မာနိုင်ငံက အမည်ခံပညာရှိကြီးများ အသိတရားလေး ရသင့်ပါပြီ လို့ လေးစားစွာ သတိပေးလိုပါတယ်ခင်ဗျာ ။ ဒီလို လူတွေရဲ့စကားကို နားယောင် ၊ သံယောင်လိုက်ပြီး ကိုယ်တိုင် ဘာမှ မလုပ်ရသေးဘဲ မဖြစ်နိုင်ပါဘူးလို့ ညည်းညူနေတဲ့ လူအများလည်း ဒီမိုကရေစီ ကွန်ယက် ဆိုတဲ့ စကားကို လက်တွေ့ကျကျ ပါဝင်ပက်သက်ပြီး စဉ်စားကြည့်စေပါလို့ မေတ္တာရပ်ခံချင်ပါတယ် ခင်ဗျာ ။



အချို့ကလည်း နိုင်ငံရေး လုပ်ရှားနေသူတွေကို ကူညီချင်ကြပေမယ့် လက်တွေ့မှာ သူတို့ရဲ့ စိတ်ထားမှာ ဖုံးလွှမ်းထားတဲ့ ကြေက်ရွှံ့စိတ်တွေက နောက်တွန့်စေခဲ့တယ် ။ အဲဒီလို လူမျိုးတွေ နိုင်ငံရေး လုပ်ရှား နေသူတွေကို ကူညီတဲ့ နေရာမှာ စိတ်ချယုံကြည်ရတဲ့ အနေအထား ကနေ ကိုယ်တိုင်ပါဝင် လုပ်ရှားနိုင်ဖို့ အတွက် နည်းပညာကို အခြေခံထားတဲ့ ဒီမိုကရေစီကွန်ယက် က များစွာ အကူအညီပေးနိုင်တယ် ဆိုတာ ကိုယ်တိုင်ဘဲ စဉ်စားကြည့်စေချင်ပါတယ်ဗျာ ။ လူထုခေါင်းဆောင် ဖော်ဆောင်နေတဲ့ ဒုတိယ ပင်လုံ ညီလာခံဆိုတာ မဖြစ်နိုင်ပါဘူး ၊ အားနည်းချက်တွေ များစွာ ရှိပါတယ် ၊ ဒီခေတ်ကြီးနဲ့ မသင့်တော်ပါဘူးလို့ ပြောဆိုနေတဲ့ လူများတွေ့ခဲ့ရင် ဘယ်လို ပုံစံနဲ့ချည်းကပ်ရင် ပိုထိရောက်မယ်လို့ ထင်မြင်ယူဆမိပါသလည်းလို့သာ တခွန်းတည်းမေးလိုက်ပါ ။ အဲဒီလို မေးခွန်းများ ပြန်အမေးခံရပြီ ဆိုရင် ခွေးအကြီး လှည်းနင်းတဲ့ အသံနဲ့ တောင်ပြောမြောက်ပြောနဲ့ ရှောင်ထွက်သွားတဲ့ လူတွေလည်း အများကြီးပါ ဆိုတာ မယုံရင် ကိုယ်တိုင် ၀င်ရောက် စမ်းသပ်ကြည့်လို့ရပါတယ် ။ ဒီလောက် လမ်းပြလုပ်ဆောင်နေတာတွေကို အထင်းသားတွေ့မြင်နေရပါလျှက် နှင့် အမေစုရဲ့ လမ်းညွှန်ချက်ကို ကြားသိချင်ပါတယ်ဆိုတဲ့ လူအများ အနေဖြင့်လည်း ဒီမိုကရေစီ ကွန်ယက်ရဲ့ သဘောတရားနဲ့ အဓိပ္ပာယ်ကို တခါလောက်များ လေးနက်စွာ စဉ်းစားကြည့်ကြပါ ။



စနစ်ဆိုးတစ်ခုအောက် လွတ်မြောက်ပြီး လူ့အခွင့်အရေး အပြည့်အ၀ ရနိုင်တဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီကို ချီတက်ရာ လမ်းမှာ အထောက်အကူ ပေးနိုင်မှာ အသေအချာ ဖြစ်တဲ့ ဒီမိုကရေစီ ကွန်ယက်စခန်းကို ၀င်ရောက်ခိုလှုံနိုင်ဖို့ ခင်ဗျာတို့တွေကြားမှာ လွဲမှားနေတဲ့ အယူအဆတွေကို ဘေးဖယ်ပြီး နီးစပ်ရာမှာ လက်ချင်းချိတ်ကြစမ်းပါ ။ တိုင်းပြည် အတွက်ဆိုတဲ့ မှန်ကန်တဲ့ အတွေးအခေါ်က ခင်ဗျာတို့ရဲ့ နှလုံးသားကို နွေးထွေးသန့်စင်တဲ့ ခွန်အားတွေ မွေးဖွားပေးပါလိမ့်မယ် ။ ငါကောင်းစားရေး အတွက် ဆိုတဲ့ အတ္တစကားကို ရွတ်ဆိုနေသူတွေထက် ငါ့တိုင်းပြည်ကောင်းစားရင် ငါ့ရဲ့ အကျိုးစီးပွားလည်း ဖြစ်ထွန်းစေနိုင်ပါတယ်ဆိုတဲ့ စကားကို ရင်ထဲက နှစ်နှစ်ကာကာ ရွတ်ဆိုသူများလာခဲ့ရင် မကြာခင် ကျနော်တို့လိုချင်တဲ့ ဒီမိုကရေစီ နိုင်ငံဆိုတဲက ပန်းတိုင်ကို ဆွဲကိုင်နိုင်မှာ အမှန်ပါဘဲ ။ ဒါကြောင့် အနာဂတ်မှာ ခေတ်မှီလှပကာ အေးချမ်းသားယာပြီး လူ့အခွင့်အရေး အပြည့်အ၀ ရနိုင်တဲ့ ဒီမိုကရေစီ နိုင်ငံကို ချီတက်ဖို့ ဒီမိုကရေစီ ကွန်ယက်ကို စတင်ဖြန့်ကျက်ကြပါစို့ လေးစားစွာ တိုက်တွန်းနိုးဆော် လိုက်ရပါတယ်ခင်ဗျာ...။



ခင်မင်လေးစားလျှက်

ဗမာ့သွေး

http://www.facebook.com/burmathway#!/note.php?note_id=184976691519986

မိတ်ဆွေတို့ ရင်ထဲက ဒီမိုကရေစီ ကွန်ယက် အပေါ် ထားရှိတဲ့ သဘောထားကိုလည်း ဒီနေရာလေးမှာ အားလုံးသိအောင် ဖွင့်ဟ ပြောဆို အကြံပေးခဲ့ပါအုံးလို့ လေးစားစွာ မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျာ ။

Monday, January 10, 2011

ကဲ....ဘာဆက်လုပ်ကြမလဲ




တရားမျှတမှု မရှိတဲ့ အခြေခံဥပဒေ ကို လက်မခံပါနဲ့ လို့ ပြည်သူလူထု အကျိုးစီးပွား ပျက်စီးမှာကို မလိုလားတဲ့ ပညာရှင်များက အမျိုးမျိုးနားချခဲ့တာ အားလုံး သိပြီးသားပါ ။ ရွေးကောက်ပွဲ ဆိုတဲ့ ရုပ်လုံးလေးမှာ ဒီမိုကရေစီဆိုတဲ့ အသံလေးပါလာတာနဲ့ ဒီလမ်းက ဒီမိုကရေစီ လမ်းစဉ်ကို ချည်းကပ်တာပါလို့ထအော် ၊ ပြည်သူလူထုကို ဒီတရားမျှတမှု မရှိတဲ့ အခြေခံ ဥပဒေကြီးကို လက်ခံလာအောင် အမျိုးမျိုးဆွဲဆောင် ၊ ပြည်သူလူထု အခွင့်အရေးပါဆိုပြီး အတင်းမဲပေးဖို့ စည်းရုံး ... ကဲ နောက်ဆုံး ရလဒ်ကဘာလည်း ။ မတရားမှုကို မြတ်နိုးခုံမင်တဲ့ စိတ်ဓါတ်အခံ ရှိသူတွေဟာ တရားမျှတမှု ဆိုတဲ့ စကားကို ရန်သူလို သဘောထားတယ် ဆိုတာ သိသိကြီးနဲ့ ရသလောက်လေး ၀င်တိုးပါရစေ ဆိုပြီး နိုင်ငံ့အရေးကို ကလေးကစားသလို ကစား ၊ မရနိုင်တော့ တိတ်တိတ်လေး လှည့်ပြန်သွားတတ်ကြတဲ့ လူစားများက ပါတီထောင်ထားတာကို အထင်ကြီး လေးစားတတ်ကြတဲ့ ပြည်သူလူထုကို အပြစ်တင် ပြောဆိုနေရင်လည်း အကြောင်းထူးလားမှ မဟုတ်ပါဘူး ။ ရှေ့ကို ဘာဆက်လုပ်သင့်သလည်း ဆိုတာကို ဘဲ သေချာစွာ ပူးပေါင်း စဉ်စားပြီး အဖြေရှာကြည့်စေချင်ပါတယ် ။



ရွေးကောက်ပွဲ ကျင်းပပြီးလို့ ရက်ပေါင်း ကိုးဆယ်ကျော် အကြာမှာ ပထမအကြိမ် လွှတ်တော် ခေါ်ယူပြီးမှ အတည်ပြု ဆုံးဖြတ်ရမယ့် ကိစ္စတွေကို အခုကတည်းက သူတို့ကိုယ်တိုင် ဖောက်ဖျက်ပြီး လုပ်ချင်တိုင်း လုပ်နေတာကို ပြည်သူလူထု ကောင်းစားရေးပါလို့ ထထအော်နေကြတဲ့ ရွေးကောက်ပွဲဝင် ပါတီများက ကန့်ကွက် ပြောဆိုနေတဲ့ အသံများ ခင်ဗျာတို့ ကြားဖူးကြပြီလား ။ ပထမ အကြိမ် အလံလဲလိုက်တဲ့ကိစ္စ ၊ ဒုတိယ အကြိမ် အခွန် အသစ် ကောက်ခံမယ့်ကိစ္စ အခုလည်း လာပြန်ပြီ အသက် ( ၁၈ နှစ် နှင့် ၄၅ နှစ် )ကြား အမျိုးသား များ နှင့် အသက် ( ၁၈နှစ် နှင့်၃၅နှစ် ) ကြား အမျိုးသမီးများ စစ်မှု မထမ်းမနေရ စနစ် တဲ့ ။ ဒီမိုကရေစီ စနစ် ကျင့်သုံးခဲ့တဲ့ နိုင်ငံတွေမှာ အရွယ်ရောက်ပြီး အမျိုးသားတိုင်း စစ်မှု မထမ်းမနေရ စနစ် ကျင့်သုံးတာ မှန်ပါတယ် ။ ဒီလို စစ်မှု မထမ်းမနေရ စနစ်ကို တကယ် စနစ်ကျစွာ ကျင့်သုံးချင်တယ်ဆိုရင် နိုင်ငံတကာ မှာ နမူနာ ယူစရာ အများအပြားရှိပါလျှက် နှင့် ရူးကြောင်ကြောင် လုပ်ရပ်တွေကို ဥပဒေသဖွယ် ပြဌာန်းလာတာ ဘယ်လို အနေအထားမျိုးနဲ့မှ လက်မခံကြပါနဲ့လို့ ပြည်သူလူထု ကို ရှေးဦးစွာ လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားလိုပါတယ် ။ ကောင်းကျိုးထက် ဆိုးကျိုးတွေ များတဲ့ အာဏာရှင်တို့ လုပ်ရပ်မှာ တရားမျှတတယ် ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့သလို တခါတရံမျှတောင် ကြက်ကန်းဆန်အိုး တိုးပြီး သူတို့ လုပ်လိုက်လိုက်လို့ ပြည်သူလူထု အကျိုးရှိပါတယ်ဆိုတာ မတွေ့မြင်ခဲ့ရသေးတော့ ဒီကိစ္စကြီးကလည်း သားတကွဲ ၊ မယားတကွဲ ဖရိုဖရဲ့ ဖြင့်မိသားစု အသိုက်အမြုံတွေကို ပျက်စီးစေမယ့်ကိစ္စကြီးဟာ တိုင်းပြည်ရဲ့ အနာဂတ်မှာ ဆိုးကျိုးတွေ သက်ရောက် စေနိုင်တယ်လို့ ထင်မြင် ယူဆမိပါတယ် ။



နိုင်ငံတကာမှ ကျင့်သုံးတဲ့ တနိုင်ငံလုံး စစ်မှု မထမ်းမနေရ စနစ် ကျင့်သုံးတဲ့ စနစ်မှာ ဘုရင့်သားသမီးတောင် ရှောင်လွှဲလို့မရဘူးနော် ။ မြန်မာနိုင်ငံမှာကော အဲဒီလို ကျင့်သုံးမယ်လို့ ခင်ဗျာတို့ တထစ်ချ ယုံကြည်ထားလား ။ စစ်မှုထမ်းရင် လက်နက်ကိုင်ရမယ် ၊ လက်နက်ကိုင်ရင် ပြန်တိုက်လို့ရမယ် လို့ ဖြေသိမ့်တဲ့အတွေးနဲ့ တွေးကြည့်ရင်လည်း တွေးလို့တော့ ရတာပေါ့ဗျာ ။ ဒါပေမယ့် သူတို့က ဘယ်လို လူမျိုးကို ရွေးချယ်ပြီး စစ်မှု ထမ်းခိုင်းမလည်း ၊ ဘယ်လို ပုံစံတွေနဲ့စစ်မှု ထမ်းခိုင်းမှာလည်း ဆိုတာ သူတို့တွေရဲ့ ယုတ်မာလှတဲ့ စိတ်ထား အပေါ်မှာ အခြေခံပြီး စဉ်စားစေလိုပါတယ် ။ ကျူးကျော်စစ်တွေ ချုပ်ငြိမ်းနေတဲ့ စစ်အေးကမ္ဘာ မှာ အာဏာကို တည်မြဲချင်တဲ့ စိတ်ဆန္ဒနဲ့ ကိုယ့်လူမျိုး အချင်းချင်း ရန်တိုက်ပေးပြီး သူတို့ကဘဲ ကာကွယ်ပေးသယောင် ဖန်တီးထားတဲ့ အာဏာရှင်တို့ စနစ်ဆိုးအောက် မှာ စစ်မှု ထမ်းခဲ့ရင် ဘယ်သူတွေနဲ့ တိုက်ရမှာလည်း ရှင်းလင်း ထင်ရှားနေပါတယ် ။ တရံတခါမှ ရိုးသားတဲ့ အလုပ်ကို လုပ်ဆောင်ခဲ့ခြင်း မရှိတဲ့ အာဏာရှင်တွေရဲ့ အယောင်ပြ ရွေးကောက်ပွဲမှာ စိတ်ဝမ်းကွဲခဲ့သလို အခုကိစ္စမှာ စိတ်ဝမ်းကွဲမှာ ဆိုးလို့ သတိကြီးစွာ ထားစေချင်ပါတယ် ။



နိုင်ငံရေး အလုပ်ဆိုတာ နိုင်ငံရေး လုပ်ရှားသူတွေနဲ့ ဘဲ သက်ဆိုင်တဲ့ ကိစ္စပါလို့ ထင်ထားကြပြီး ကြားနေ၀ါဒပါလို့ မျက်လုံး စုံမှိတ်ကြွေးကြော် နေတာ တဖက်တလမ်းက အာဏာရှင် စနစ်ကို အထောက်အပံ့ပေးနေတာနဲ့ တူတူပါဘဲ ဆိုတော့ ငါတို့ ထမင်း မငတ်သေးပါဘူးလို့ ပြောနေကြသူများလည်း စစ်မှုထမ်းရမယ့် စာရင်းထဲမှာ ပါတယ်ဆိုတာလေးကို စဉ်စားပြီး ဒီစာလေးတော့ ဆုံးအောင် ဖတ်စေချင်တယ်ဗျာ ။ သူတို့တွေ သတ်မှတ်ထားတဲ့ အသက်အပိုင်း အခြားက တကယ့်ကို အရွယ်ကောင်းလေးတွေလေ... ။ ဒီလူတွေ အကုန် စစ်မှု ထမ်းရင် လက်ရှိ လုပ်ကိုင်နေတဲ့ အလုပ်တွေကို ဘယ်သူတွေက လာရောက် လုပ်ကိုင်ကြမှာလည်း ။ စစ်အေး ကာလမှ တိုင်းပြည် ဘဏ္ဍာငွေကို စစ်လက်နက် တပ်ဆင်ခြင်း နှင့် ကာကွယ်ရေး အသုံးစရိတ်တွေမှာ အသုံးချနေရတာ မလောက်လို့ အခု ပြည်သူလူထုထဲက တကယ့်အရွယ်ကောင်းတွေကို ရွေးထုတ်ပြီး တိုင်းပြည်ကို စတင် ဖျက်စီးတော့မယ်ဗျာ ။ တိုင်းပြည်တပြည်ရဲ့ အဓိက ၀င်ငွေဆိုတာ တိုင်းပြည် သယံဇာတ တွေ ထုတ်လုပ်ရောင်းချ တာလောက်ကိုသာ သိနားလည်ထားတဲ့ အာဏာရှင်တွေ ရဲ့ အသိဥာဏ်မှာ ပြည်သူလူထု အတွက်ပါလို့ စဉ်စားတတ်တဲ့ ဥာဏ် ပျောက်ဆုံးနေတာ နှစ်ပေါင်း များစွာ ကြာခဲ့ပါပြီ ။



တိုင်းပြည် အဖက်ဖက်က ဆုတ်ယုတ်လို့ ပြည်သူလူထု ဘ၀တွေ ငတ်မွတ်ခေါင်းပါးခြင်း ဆိုတဲ့ အကျိုးဆက်တွေ အပြင် ရာသီဥတုက နှိပ်စက်လို့ ဘ၀ ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ နဲ့ ဒုက္ခရောက် ၊ အလုပ်အကိုင်တွေ မဖန်တီပေးနိုင်လို့ လူငယ်တွေ လမ်းမှားတွေပေါ်ကို ရောက်ပြီး အကျင့်စာရိတ္တ မဏ္ဍိုင် ယိမ်းယိုင်နေချိန်မှာ တိုင်းပြည် အကျိုးစီးပွား ဖြစ်ထွန်းစေမယ့်  ကိစ္စတွေ မြောက်များစွာ ဆောင်ရွက်စရာ ရှိပါလျှက် နှင့် စိတ်ကူးပေါက်သမျှ ထလုပ်တတ်သည့် အာဏာရှင်တို့၏ ရူးကြောင်ကြောင် လုပ်ရပ်များကို ထောက်ခံလိုက်ကြလျှင် ကျွန်ူပ်တို့အား မိုက်မဲသော နိုင်ငံသားများ အဖြစ် နိုင်ငံတကာ လူအများကြားတွင် ဟား တိုက်စရာ ဖြစ်လာနိုင်သလို နောင်လာမည့်မျိုးဆက်တွေရဲ့ ကဲ့ရဲ့ သံတွေ ဆူညံသွားစေမှာ အမှန်ပါဘဲ ဆိုတာ ဒီနေ့တိုင်းပြည် အနေအထားက သက်သေပြနေပါတယ် ။



ဒီစနစ်ကြီး ရှင်သန်နေသမျှ ပြည်သူလူထုက ဒုက္ခရောက်မှာ ကို သိထားကြပေမယ့် လက်တွေ့ ဆန့်ကျင်ရေးမှာ အင်အား နည်းပါးနေတုန်းပါဘဲ ။ မတရားတာကို ခေါင်းငုံ့သီးခံပေးဖို့ ဘယ်ပညာရှင်မှ မမိန့်ကြားခဲ့ သလို ဘယ်လို ကျမ်းဂန်မှာ မှလည်း ပြဆိုခဲ့ ခြင်း မရှိပါဘူး ။ ဒါဆိုရင် ကျနော်တို့ ဆက်လက် ခေါင်းငုံ့ သီးခံနေကြအုံးမှာလား ၊ ဆန့်ကျင် တော်လှန်ကြမှာလား အမြန်ဆုံး စဉ်စား လက်တွေ့ကျကျ အကောင်အထည် ဖော် ဆောင်ရွက်သင့်နေပါပြီ ။ မိသားစု တစုမှာ အလုပ်လုပ်နိုင်သူ မှန်သမျှ လုပ်ကိုင်နေရတာတောင် ထမင်းနပ်မှန်ဖို့ ခက်ခဲစွာ ရုန်းကန်နေရတဲ့ ပြည်သူလူထု ရဲ့ ဘ၀ အနေအထားမှာ သူတို့ပေးတာယူ ၊ ကြွေးတာစား ၊ ကျွန်သဖွယ်သဘောထားဖို့ ပြဌာန်းလိုက်တဲ့ စစ်မှု မထမ်းမနေရ စနစ် ဆိုတာကြီးက သားတကွဲ ၊ မယားတကွဲ နဲ့ သာယာလှတဲ့ မိသားစု အသိုက်အမြုံတွေကို ဖျက်စီးတော့မယ် မိတ်ဆွေတို့ ။ တနိုင်ငံလုံးက ပြည်သူလူထု နဲ့တိုက်ရိုက် သက်ဆိုင်နေတဲ့ ကိစ္စကြီးမှာတော့ ဆက်လက် ခေါင်း ရှောင်နေကြအုံးမယ် ဆိုရင် တည်ငြိမ်နေတဲ့ ခင်ဗျာတို့ မိသားစု အသိုက်အမြုံလေးတွေကို စနစ်ဆိုးကြီးက ရက်စက်စွာ ဖြိုခွဲဖို့ အိမ်တခါးဝ မှာ ရောက်နေပြီလို့ စိတ်ထဲမှာ ထည့်ထားကြပါ လို့ လေးနက်စွာ သတိပေးလိုပါတယ် ။



လက်ရှိ တိုင်းပြည်ရဲ့ ပကတိ အနေအထားမှာ ငြင်းဆန် နိုင်ဖို့ ခွန်အား မရှိလို့ ခေါင်းငုံ့သီးခံခဲ့ကြတာ နှစ်ပေါင်း များစွာ ကြာခဲ့ပေမယ့် လူ့အသိဥာဏ် ပျောက်ဆုံးနေတဲ့ အာဏာရှင် တို့ နှလုံးသားမှာ ကိုယ်ချင်းစာတရား ဆိုတာ ဘယ်အခါမှ မကိန်းအောင်းခဲ့ပါဘူး ။ အခုလည်း ဆက်လက် ခေါင်းငုံ့သီးခံလိုက်ရင် နောက်ဆိုရင် မတွေးဝံ့စရာပါဘဲ ။ ဒီနေ့ စစ်တပ်အသိုင်းအ၀ိုင်းက လူတော်တော်များများရဲ့ စိတ်ထားမှာ ဘာသာရေး အသိစိတ်ဓါတ် မရှိခဲ့တာက ရွှေဝါရောင် တော်လှန်ရေးမှာ သံဃာ့သွေး မြေကျခဲ့တာ ပုံပြင် မဟုတ်ဘူးလေ ။ လူမှု ရေး စိတ်ဓါတ် ပျောက်ဆုံးနေတယ် ဆိုတာကို နာဂစ် က သက်သေခံခဲ့ပြီးပြီ ။ ဒီလို မဟုတ်မမှန်တဲ့ စိတ်ဓါတ် အခံတွေကို ရိုက်သွင်းပေးနေတဲ့ စစ်တပ်ထဲကို ပညာရေး စနစ် ပြိုပျက်မှု ကြောင့် အသိဥာဏ် ယိုင်နဲ့နေတဲ့ လူငယ်လေးတွေ ရောက်သွားရင် ဘာတွေ ဆက်ဖြစ်လာနိုင်သလည်း ဆိုတာ ဒီနေ့ စစ်တပ်က လူများကို ဥပမာထား ပြီး နှိုင်းယှုဉ် ကြည့်မယ်ဆိုရင် သိသာ ထင်ရှားလွန်းပါတယ် ။



အခုလက်ရှိ အနေအထားမှ ပြည်သူလူထုကို သတ်တာ ၊ ကျောင်းသားတွေကို သတ်ဖြတ်တာ ၊ သံဃာတော်တွေရဲ့ သွေးမြေကျတာတွေကို လုပ်ဆောင်နေတဲ့ ယုတ်မာတဲ့ လုပ်ရပ်ပါလို့ အမှန်မြင်နိုင်သေးတာ ခင်ဗျာတို့တွေ လူ့အသိဥာဏ် မပျောက်ဆုံးသေးလို့ပါဘဲ ။ ယုတ်မာတဲ့ လုပ်ရပ်မှန်သမျှ ကို သင်ရိုးညွှန်းတမ်းများ ဖြင့် စနစ်တကျ ပို့ချနေတဲ့ စစ်တပ်ထဲကို ရောက်သွားရင် အဲဒီလို အမှန်ကို မြင်နိုင်တဲ့ အသိဥာဏ်နေရာမှာ ယုတ်မာရိုင်းစိုင်း ကောက်ကျစ်တဲ့ စိတ်ဓါတ်တွေ အစားထိုး ၀င်ရောက်လာပါလိမ့်မယ် ။ မကောင်းသူတို့ ပျော်စံရာ နေရာကို ဘုံဗိမာန် သဖွယ် သဘောထားတဲ့ တပ်မတော်သားတွေ ကြားမှာ အနေများလာတဲ့ အခါ သူတို့တွေရဲ့ စိတ်ဓါတ်တွေ ခင်ဗျာတို့ကို ကူးစက်လာတဲ့ အချိန် တိုင်းပြည်ပျက်ပြီပေါ့ဗျာ ။ ကြီးနိုင်ငယ်ညှင်း ၊ နိုင်ရာစားတာ တိရစ္ဆာန်တို့ အလေ့အထပါဆိုရင် ဒီနေ့ စစ်အာာဏာရှင်များနှင့် သူတို့ အသိုင်းအ၀ိုင်းမှာ တိရစ္ဆာန်စိတ်တွေ ပေါက်နေတယ် ဆိုတာ လက်ရှိသူတို့ ကျင့်သုံးနေတဲ့ လုပ်ဆောင်ချက်တွေက သက်သေခံနေပါတယ် ။ အဲဒီလို တိရစ္ဆာန်စိတ်နဲ့ မိစ္ဆာ အယူဝါဒ ကျင့်သုံးနေတဲ့ လူတွေကြားကို တိုင်းပြည်ရဲ့ အနာဂတ် မျိုးဆက်သစ်တွေ ရောက်သွားရင် မကြားဝံ့မနာသာတဲ့ ကိစ္စတွေ ယခုထက် ပိုမို များပြားလာမှာ အမှန်ပါဘဲ ။



ကျနော်တို့မှာ ခေါင်းဆောင် လည်း ရှိပြီးသားပါ ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီဟာ မြန်မာတမျိုးသားလုံး အသိအမှတ်ပြု ရွေးချယ်တင်မြှေက်ထားတဲ့ အဖွဲ့အစည်းပါဘဲ ။ တမျိုးသားလုံးက ရွေးချယ်တင်မြှေက်ထားတဲ့ ခေါင်းဆောင် ကို ဖမ်းဆီး ၊ ပြည်သူလူထုပါတီကို မတရားအသင်း ကြေငြာ ၊ ဒါတွေကို ပြည်သူလူထုက လက်ပိုက်ကြည့်နေတဲ့ အကျိုးဆက်တွေက ယခုလို အာဏာရှင်တွေက ပြည်သူလူထုကို အမျိုးမျိုး ဒုက္ခပေးနေနိုင်တာပါဘဲ ။ မြန်မာတမျိုးသားလုံး လွတ်မြောက်ရေး အတွက် စည်းဝိုင်း အပြင်ကို ထွက်မနေကြပါနဲ့တော့ ။ မတရားတာကို ဆန့်ကျင်တာ ဟာ တရားမျှတမှု ကို မြတ်နိုးသူတိုင်းရဲ့ တာဝန် ၀တ္တရားပါဘဲ ။ ခေါင်းဆောင်ကောင်းလေး ရှိတုန်း အားစိုက်ပြီး ရုန်းထကြ ရင် အချိန်မှီပါသေးတယ် ။ တွေဝေတဲ့ အတွေးအခေါ်တွေကို ခဏလေး ဘေးဖယ်ထားပြီး တိုင်းပြည်နဲ့လူမျိုး အကျိုးအတွက် အမြဲတမ်း ရှေ့ဆောင် လမ်းပြ ဦးတည် ချီတက်ကာ အာဏာရှင် စနစ်ဆိုးကို ရဲဝင့်စွာ ဆန့်ကျင်နေတဲ့ လူထုခေါင်းဆောင် ခေါ်ဆိုရာနောက်ကို တစိုက်မတ်မတ်လေး လိုက်စေချင်တာ တိုင်းပြည်ကို တကယ်ချစ်တဲ့ လူတိုင်း ရဲ့ ဆန္ဒ သဘောထား အမှန်ပါဘဲ ။ ဒါကြောင့် အခုလက်ရှိ အချိန်ကစပြီး စစ်အာဏာရှင် စနစ်ဆိုးအောက်က လွတ်မြောက်ပြီး အေးချမ်းသာယာပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော် အဖြစ်ရောက်အောင် စစ်အာဏာရှင်တို့၏ တရားမျှတမှု လုံးဝ မရှိသော ဥပဒေမှန်သမျှ ကို စည်းလုံးညီညွတ်စွာနဲ့ ဆန့်ကျင် တော်လှန်ကြပါစို့ ပြည်သူလူထု အပါင်းတို့ခင်ဗျာ.......။



ခင်မင်လေးစားလျှက်

ဗမာ့သွေး


http://www.facebook.com/burmathway#!/notes/burma-thwe/-/184453288238993

ဒီဆောင်းပါးလေးကို အသေအချာ ဖတ်ပြီး မိတ်ဆွေတို့ရဲ့ ရင်ထဲက ခံစားချက်တွေကို ဒီအောက်က လင့်လေးမှာ လွတ်လပ်စွာ ဆွေးနွေး တင်ပြဆွေးနွေးပေးကြဖို့ လေးစားစွာ မေတ္တာရပ်ခံပါတယ်ခင်ဗျာ

Sunday, January 2, 2011

နှုတ်ဆက်ပါတယ် 2010






နှစ်ဟောင်းကို နှုတ်ဆက်

နှစ်သစ်ကို ပွေ့ဖက်ကြမယ့် အချိန်မှာ

အတိတ်ကို ပြန်မျှော်ကြည့်လိုက်ရင်.......

ပျော်ရွှင်စရာထက် စိတ်ညစ်စရာတွေ

များနေတဲ့ ဒို့နိုင်ငံက လူသားတွေ

သောကမျက်ရည်တွေ ပွေ့ဖက်ပြီး

ခရီးဆက်လာခဲ့တာ 2011 ကိုတောင် ရောက်တော့မယ်နော်.........။




မတရားတဲ့လူတွေရဲ့ လုပ်ရပ်ကို

သင့်တင့် ပါတယ်လို့တင်ပြ

အမှန်ကို အမှားလုပ်ချင်တော့

ပညာရှင်တွေကို ငွေပြပြီး ဖမ်းချုပ်

အာဏာကို ဖမ်းဆုပ်ချင်တော့

ရွေးကောက်ပွဲကို အယောင်ပြ

ဒီမိုကရေစီဝါဒလို့ ဟစ်အော်

ဒါတွေကို ရမ်းတုတ်တဲ့ လူတွေက

ကြားနေ၀ါဒလို့ ကြွေးကြော်

စနစ်တခုက နှိပ်စက်မှုဒဏ်

ခံခဲ့ကြရတဲ့ ဒို့ပြည်သူလူထုအသံတွေ

အခုထိ ပွက်ပွက်ညံနေတုန်းပါဘဲ ...။






ဒီလိုနဲ့ ကြာလာတော့ ခေတ်ပြောင်း

အသိဥာဏ်တွေ တိမ်းစောင်း ၊

အတွေးအခေါ်တွေက လွဲချော်

ကိုယ့်အရိပ်ကို ရန်သူထင်ပြီး

တွေသမျှ လူကို အပြစ်တင် .......။



ငါကသာ တွေးခေါ်ရှင်ဆိုပြီး

စိတ်ကြီးဝင်လို့ မာန်ဝင့်

အားနည်းသူကို ဖိထောင်း

အကျိုးအကြောင်းက မညီညွတ်

ဒီလိုနဲ့ ခရီးဆက်လာလိုက်ကြတာ

ပိုစိုးပက်စက် ဗုန်းဗုန်းလဲတော့မယ့်

အခြေအနေ တရပ်မှာ

ေ၀၀ါးတဲ့ စိတ်ဓါတ်တွေကိုထားခဲ့ပြီး

2010ကိုလမ်းခွဲလိုက်ကြတာ ကောင်းပါတယ် ။



နည်းပညာက လိပ်လိုတွား

ဝင်ငွေက ကျဆင်း

အသိဥာဏ်တွေက မှောင်မိုက်

ကုန်ဈေးနှုန်းက ခေါင်ခိုက်

ရာသီဥတုက ကျီစယ်

စိတ်နာတယ် 2010...။



ဒို့တတွေ ကျွန်ဘ၀နဲ့

နေရတဲ့ အချိန်ကာလထဲမှာ

မင်းလည်းပါနေတာကြောင့်

ဝမ်းသာစွာ လမ်းခွဲလိုက်မယ်

နေရစ်တော့ ၂၀၁၀ရေ.......





အသစ်တွေ့လို့ အဟောင်းကိုမေ့တယ်လို့

မင်းက ဆိုလာရင် ငါ မငြင်းပါဘူး.

တနေ့ထက်တနေ့ကြပ်သထက်ကြပ်

ငတ်သထက်ငတ်လာတဲ့ ငါတို့တွေအတွက်

အတိတ်က စနစ်ဆိုးတွေကို သိမ်းပိုက်ထားတဲ့

မင်းကို ငါ့အသိဥာဏ်က လက်မခံချင်တော့လို့

မင်းနဲ့လမ်းခွဲခဲ့တာပါ ။




ဘာပဲဖြစ်ဖြစ် ပြင်လို့မရနိုင်တဲ့


အတိတ်ကို မေ့သာပစ်လိုက်တော့

ရှေ့ဆက်ရမယ့် အနာဂတ်ခရီးမှာ

စိတ်ဓါတ်က တည်ကြည်

ရည်ရွယ်ချက်က မွန်မြတ်

နှလုံးသားက ဖြူစင်

မှန်ကန်တဲ့ လမ်းစဉ်ကို သိမ်းပိုက်

ချီတက်မယ်လို့ ဆုံးဖြတ်ပြီး

မနက်ဖြန်ဆိုတဲ့ 2011 ကို

ပျော်ရွှင်စွာ ပွေ့ဖက်ချင်လို့

နှုတ်ဆက်ပါတယ် 2010 .....။



ခင်မင်လေးစားလျှက်


ဗမာ့သွေး